ကိုယ်ကိုယ်တိုင်စားဖို့ထက် သူများကိုပဲ လုပ်ကျွေးချင်တာ။ သူများက ကြိုက်တယ်၊ စားကောင်းတယ်လို့ပြောရင် ကိုယ်က ပီတိဖြစ်ပြီး ထပ်ပြီး လုပ်ကျွေးချင်ပါတယ်ဆိုတဲ့ သဲနော်ဇာ

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်က သုံးတန်း၊ လေးတန်း၊ ငါးတန်းနှစ်ကတည်းကစပြီး ဝါသနာပါခဲ့တာပါ။

အခု ဆေးဘဲဥအဆာသွတ်နဲ့ ဝက်သားမျှစ်ချဉ်ခေါက်ဆွဲပြုတ်ဟင်းလေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ဒီဟင်းလေးတွေချက်ဖြစ်တာက ခေါက်ဆွဲပြုတ်က မိုးတွင်းမှာ ပူပူလေး စားရင် ကောင်းမယ်။ ဆေးဘဲဥအဆာသွတ်ကြော်လေးကျတော့ ဒီအတိုင်း အဆာပြေ ကော်ဖီလေးနဲ့သောက်ရင်ဖြစ်ဖြစ်၊ ရေနွေးကြမ်းလေးနဲ့ စားတာ ဖြစ်ဖြစ် အဆင်ပြေပြီး လွယ်ကူမြန်ဆန်စွာ ချက်ပြုတ်စားလို့ရတဲ့ ဟင်းလေးဖြစ်လို့ စားကြည့်စေချင်လို့ လုပ်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ချဉ်ပေါင်ကြော်ဖြစ်မယ် ထင်တယ်။ အိမ်မှာ ဟင်းချက်ပေးတဲ့ အန်တီကြီးကို သမီးအတွက် ထည့်မချက်နဲ့ဆိုပြီး အသီးအရွက်တွေကို ဖယ်ထားခိုင်းတယ်။ ပြီးမှ ကိုယ့်ဒယ်အိုးလေးနဲ့ ကိုယ့်ဘာသာကိုယ် အိမ်မှာ ငယ်ငယ်ကတည်းက ချက်ဖြစ်တယ်။ လူကြီးတွေကတော့ ဘေးနားက ကြည့်နေတာပေါ့။ ချက်ပြီးတော့မှ ကိုယ့်ဟင်း ကိုယ်စားတယ်။ ငယ်ငယ်လေးဆိုတော့ အရသာကတော့ ကစားသလိုလို၊ ချက်သလိုလိုပေါ့။ အရသာကကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ငါးပိများသွားတယ်ထင်တယ်။

သဲနော်ဇာချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမချက်တဲ့ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ သူငယ်ချင်းတွေက အုန်းထမင်းနဲ့ ကြက်သားကို ကြိုက်တယ်။ အိမ်က အမေကတော့ ဘာလုပ်ကျွေးကျွေးစားတယ်။ ဒါပေမဲ့ ဆန်းဆန်းပြားပြားဟင်းဆို မစားဘူး။ ညီမက ဆန်းဆန်းပြားပြား ပေါက်ကရတွေ တစ်ခါတလေကျရင် ချက်တတ်တယ်။ Online မှာ တွေ့တာမျိုးဖြစ်ဖြစ်၊ ချက်နည်းပြုတ်နည်း စာအုပ်ထဲကဖြစ်ဖြစ် ဆန်းဆန်းပြားပြားဟင်းတွေ လုပ်တတ်တယ်။ အခုလိုအရည်သောက် ခေါက်ဆွဲပြုတ်လိုမျိုးလေးတွေဆိုရင်တော့ လူကြီးတွေက ကြိုက်ကြပါတယ်။

အဲဒီလို ညီမချက်တာတွေကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

           ညီမကိုဆိုရင် အချက်အပြုတ်လက်ရာကောင်းတယ်လို့ ပြောကြတယ်။ ဒါကလည်း ငယ်ငယ်က အမေက သေချာသင်ပေးခဲ့လို့ နေမှာပါ။ ညီမက အိမ်မှာဆိုရင် မုန့်တွေ ဘာတွေလည်း လုပ်တတ်တယ်။ မျိုးစုံကိုလည်း လုပ်စားတတ်တယ်။ မုန့်လုပ်ပြီးရင်လည်း အိမ်ဘေးနားပတ်ဝန်းကျင်က အဘိုးအဘွားတွေကို လိုက်ပို့ပေးတဲ့အကျင့်လည်း ရှိတယ်။နွားနို့ရှိရင်လည်း နွားနို့နဲ့ ပူတင်းဖုတ်လိုက်တာပဲ။ အကုန်လုံးကတော့ ညီမလုပ်ကျွေးရင် ကောင်းတယ်ဆိုပြီး စားကြတာပါပဲ။ ညီမကတော့ ကိုယ်ကိုယ်တိုင်စားဖို့ထက် သူများကို လုပ်ပဲ ကျွေးချင်တာ။ သူများက ကြိုက်တယ်၊ စားကောင်းတယ်လို့ပြောရင် ကိုယ်က ပီတိဖြစ်ပြီး ထပ်ပြီး လုပ်ကျွေးချင်တယ်။ အချက်အပြုတ်ကတော့ အမေ့ဆီကပဲ သင်ဖြစ်တာပါ။ အမေကတော့ တော်တော်များများကို ချက်တတ်တယ်။ အိမ်မှုကိစ္စကအစ မိန်းကလေးတွေ တတ်သင့်တာမျိုးကို အမေကပဲ သင်ပေးခဲ့တာပါ။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။ ငယ်ငယ်က မကြိုက်ဘဲနဲ့ အသက်ကြီးမှ ကြိုက်တာမျိုးဆိုရင်ရော။

          ငယ်ငယ်တုန်းကတော့ ဝက်သားစားတယ်။ အခုအသက်ကြီးတော့ မစားဖြစ်တော့ဘူး။ ငယ်ငယ်ကတော့ ခါးတဲ့အရာတွေဆို မကြိုက်ဘူး။ အခုကျတော့ အသက်ကြီးလာလို့လား မသိဘူး။ ဂွေးတောက်ရွက်ကို ကြက်ဥနဲ့ကြော်တာမျိုးဖြစ်ဖြစ်၊ ကြက်ရိုးလေးနဲ့ ဟင်းချိုလုပ်တာပဲဖြစ်ဖြစ် သောက်ဖြစ်တယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေး ပါဦး။ ဥပမာ- တချို့သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။     

          အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့  ငါးရိုးစူးတာပဲဖြစ်လိမ့်မယ်။ ငါးရိုးစူးရင် စူးတဲ့ဒဏ်ကို မခံနိုင်ဘူး။ ထမင်းတွေ မျိုချရ၊ ငှက်ပျောသီးမျိုချရတာတို့ ဒါတွေက ငယ်ငယ်ကဖြစ်တတ်တဲ့ အလေ့အထပေါ့။ ကျောင်းမှာ ညီမရဲ့ ထမင်းချိုင့်က ကြက်သားဟင်း အမြဲတမ်းပါတော့ မစားချင်ဘူး။ ဒီတော့ သူငယ်ချင်းတွေဆီက ဟင်းတွေနဲ့ လဲစားဖြစ်တယ်။ တချို့သူငယ်ချင်းတွေဆိုရင် ငရုတ်သီးနဲ့ ပတ်သက်တာတွေ ထည့်လာတော့ အရမ်းစားချင်လို့ ဟင်းလည်း လဲစားဖြစ်တယ်။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။ ညစာစားပြီးရင် အချိုတည်းလား။

          ညီမက မနက်စာဆိုရင် အဝစားတာများတယ်။ အိမ်မှာ ထမင်းကြော်၊ ထမင်းဆီဆမ်း စသဖြင့် ထမင်းနဲ့ပတ်သက်တာ စားဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ညီမတို့က တစ်နေကုန် ရှုတင်တွေဘာတွေရှိတော့ နေ့လယ်ထမင်းစားချိန်က မမှန်တတ်ဘူး။ ဒီတော့ မနက်စာကို ဝ၀လင်လင်စားတတ်တယ်။ နေ့လယ်စာပုံမှန်စားနေကျအတိုင်း ရှုတင်အားတဲ့ အချိန်တို့ ဘာတို့စားဖြစ်တယ်။ ညနေစာကတော့ ၆ နာရီမတိုင်ခင် စားတယ်။ ဒါမှမဟုတ် အရမ်းမိုးချုပ်လို့ သူငယ်ချင်းတွေနဲ့တွေ့ရင် စားဖြစ်တယ်။ နောက် ညီမက အရမ်းဝတတ်တဲ့ အထဲမှာမပါဘူး။ စားသလောက်မဝတဲ့အထဲမှာပါတော့ ကံကောင်းနေတယ်။ ညဘက်ကတော့ အရမ်းကြီးမစားဖြစ်ဘူး။ ညစာစားပြီးရင်တော့ ညီမက အချိုမကြိုက်လို့ အချိုမတည်းဖြစ်ဘူး။ နည်းနည်းစိမ့်စိမ့်လေးဆိုရင် ကြိုက်တယ်။ ချိုချိုအီအီဆိုရင် ငယ်ငယ်ကတည်းက မကြိုက်တာပါ။ ဒါပေမဲ့ ကော်ဖီတော့ သောက်ဖြစ်တယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။

          အိမ်မှာ မိသားစုနဲ့အတူတူ စားဖြစ်တာများတယ်။ တစ်ခါတလေကျမှ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး အကင်တွေကို စုပြီးစားကြတာမျိုးတော့ရှိတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအသောက်ဆိုရင် မေမေချက်ကျွေးတဲ့ ဟင်းတွေပဲ ဖြစ်လိမ့်မယ်။ မေမေချက်ကျွေးတဲ့ ကြက်သားနဲ့ ထောပတ်ထမင်းကို အရမ်းကြိုက်တယ်။ ကိုယ်ဘယ်လိုချက်ချက် အမေချက်တဲ့လက်ရာတော့ မမီဘူး။

ထူးထူးဆန်းဆန်းအစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအသောက်ဆိုတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ငယ်ငယ်က ထူးထူးဆန်းဆန်းအဖြစ်အပျက်တစ်ခုတော့ ရှိခဲ့ဖူးတယ်။ ငယ်ငယ်က ကျိုက်ထီးရိုးဘုရားမှာ မုန့်ဟင်းခါးစားတာ အဲဒီမုန့်ဟင်းခါးက အရမ်းစားကောင်းတယ်။ ဟင်းရည် ကလည်း ချိုနေတာပဲ။ အဲဒီမှာ အစ်ကိုတွေက အိမ်သာသွားတော့ ငန်ြးွေမကြီးတွေ တွေ့တယ်လို့ ပြောကြတယ်။ အဲဒီမှာ သူတို့က ဒါဘာလုပ်တာလဲလို့မေးတော့ ဒီမြွေနဲ့ နင်တို့စားတဲ့ မုန့်ဟင်းခါးချက်တာလို့ပြောတယ်။ အဲဒီလိုတော့ ကြားဖူးတယ်။ တကယ် ဟုတ်မဟုတ်တော့ မသိခဲ့ဘူး။ အစ်ကိုတွေကပဲ နောက်တာလား ဘာလားတော့ မသိဘူး။ အဲဒီတုန်းက ဆက်ပြီးတော့ မစားရဲတော့ဘူး။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာဆိုရင်တော့ အခုရက်ပိုင်း အိမ်မှာ ဆူရှီလုပ်စားဖြစ်တယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

          ရှုတင်သွားရင်တော့ ထမင်းချိုင့်မယူဖြစ်ဘူး။ ကိုယ့်ဟာကို အလုပ်တွေ ရှုပ်ယှက်ခတ်နေတော့ မယူဖြစ်ပါဘူး။ မုန့်တွေ ဘာတွေတော့ ယူသွားဖြစ်ပါတယ်။ ထမင်းကတော့ ရှုတင်ထမင်းဟင်း စားဖြစ်ပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ညီမကတော့ ကိုယ်ကြိုက်တဲ့အရာကို ထပ်ခါတလဲလဲ စားတတ်ပေမယ့် ကိုယ်မကြိုက်တဲ့အရာဆိုရင် ဥပမာ- ကိတ်မုန့်ချိုချိုအီအီစိမ့်စိမ့်တွေဆိုရင် အမြင်လှပေမယ့် မြည်းဖို့ စိတ်မကူးဘူး။ မကြိုက်ဘူး။ ချဉ်ငန်စပ် အရသာရှိမယ့်ဟာမျိုးဆိုရင်တော့ သူများ စားနေရင်လည်း သွားရည်ယိုတတ်တယ်။ ဒီတော့ ချဉ်ငန်စပ် အရသာရှိတာမျိုးဆိုရင်တော့ မြည်းစမ်းကြည့်ချင်ပါတယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…။

          ညီမက စိတ်ညစ်လို့ များများစားတာလည်း မရှိဘူး။ စိတ်မညစ်လို့ များများစားတာလည်း မရှိဘူး။ ညီမကြိုက်တဲ့အစားအစာဆိုရင်တော့ အဝအလင်စားတတ်တယ်။

ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်ကတော့ အဓိကပါ။ ငယ်ငယ်ကဆိုရင် ညီမက သွေးအားနည်းလို့ အမဲသားကို မစားချင်ဘဲ စားခဲ့ရတယ်။ အသက်ကြီးတော့ မစားဖြစ်တော့ဘူး။ အသားမှမဟုတ်ဘဲ အသီးအရွက်တွေနဲ့ အာဟာရဖြစ်အောင် စားလို့ရတော့။ အခုဆိုရင် အသားငါး သိပ်မစားဖြစ်တော့ဘူး။ ရန်ကုန်က အသားငါးတွေက နယ်ကလိုလည်း သိပ်မလတ်ဆတ်ဘူး။ အရွက်ကြော်၊ အသုပ်တွေ စားတာများတယ်။ အသီးအရွက်စားတာ ကောင်းလား၊ အသားငါးစားတာကောင်းလားဆိုတာထက် ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရ ပြည့်အောင် စားတာကတော့ ပိုကောင်းပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          အမေချက်တာ အကုန်လုံးတော့ ကြိုက်တယ်။ စောစောကပြောသလို ထောပတ် ထမင်းနဲ့ ကြက်သားဟင်းကိုတော့ ပိုကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေဆိုရင် ညီမတို့ မြန်မာနဲ့နီးစပ်တဲ့ ထိုင်းအစားအစာ၊ အစားအသောက်တွေကို ကြိုက်တယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိသလဲ။

          အဲဒါဆိုရင်တော့ မြန်မာပြည်က ငါးပိတို့၊ လက်ဖက်တို့ကို အရမ်းသတိရပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာမှာ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။

          အဲဒါမျိုးဆိုရင် ပြောရမယ်ဆိုရင်တော့ အစားအသောက်ကောင်းလေးတစ်ခုကို စားလိုက်ရရင် ဒါလေးကတော့ စားလို့ကောင်းတယ်။ ဒီတော့ ကိုယ်ချစ်ခင်တဲ့လူတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေကိုတော့ သွားသတိရတတ်တယ်။ ဒါလေးဆိုရင်တော့ သူတို့ကြိုက်မှာ။ သူတို့ကို ကျွေးချင်လိုက်တာမျိုး စိတ်တော့ရှိတယ်။ နောက်တစ်ခုက ငယ်ငယ်က ကျောင်းတုန်းက မုန့်စားကျောင်းဆင်းရင် မုန့်ဈေးတန်းမှာရောင်းတဲ့ အဒေါ်ကြီးရဲ့ အသုပ်က ကြိတ်ကြိတ်တိုးပဲ။ ဂေါ်ဖီသုပ်တို့၊ ဝက်ခေါင်းသုပ်တို့ ရောင်းတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် အိမ်မှာ ဂေါ်ဖီသုပ်စားရင် ဂေါ်ဖီရဲ့စိမ်းရွှေရွှေအနံ့ရတယ်။ စားရတာ မကောင်းဘူး။ ဒါပေမဲ့ သူသုပ်တဲ့ ဂေါ်ဖီသုပ်ကို ငရုတ်သီးစပ်စပ်နဲ့ စားခဲ့ရတာကတော့ အခုချိန်အထိအမှတ်ရနေဆဲပါ။ အဲဒီလိုလက်ရာမျိုးတူတာ သွားစားမိရင်တော့ ငယ်ငယ်က ကျောင်းတက်တဲ့ ဘဝကို ပြန်သတိရမိတယ်။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုးရော ကြုံဖူးလား။

          အဲဒီလိုမျိုးတော့  မကြုံဘူးသေးဘူး။ ဒါပေမဲ့ ကိုယ်မကြိုက်တဲ့ အစားအစာတစ်ခုကို စမ်းစားကြည့်မယ်ဆိုပြီး မှာပြီးတော့မှ ကိုယ်မကြိုက်ဘူးဆိုရင် မတန်ဘူးထင်ပါတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

          ညီမကတော့ အိမ်မှာ ပိုစားချင်တယ်။ ပိုလည်း စားဖြစ်တယ်။

သဲနော်ဇာအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင် အကုန်စားတယ်။ အသီးအရွက်ထဲမှာဆိုရင် ကန်စွန်းရွက်၊ ဂေါ်ရခါးညွန့်ကို ကြိုက်တယ်။ အသားငါးဆိုရင်တော့ ငါးကိုအကြိုက်ဆုံးပဲ။ ဖျော်ရည်ထဲမှာဆိုရင်တော့ အိမ်မှာ ကိုယ့်ဘာသာကိုယ် အသီးအစုံထည့်ပြီး ဖျော်သောက်ဖြစ်တာ များပါတယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာရော။

          မတည့်တာတော့ မရှိပါဘူး။ အရမ်းချိုအီနေတဲ့အစားအစာဆိုရင်တော့ မကြိုက်ဘူး။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။အစားအသောက်စားနေ ရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          အစားအသောက်စားနေတဲ့အချိန်မှာ ဆံပင်ချည်တွေ ဘာတွေ ပါရင်တော့ အရမ်းစိတ်ဆိုးတယ်။ အဲဒီလိုမျိုးဆိုရင်လည်း ရွံတယ်။ သူငယ်ချင်းတွေ ရွံစရာတွေ စနောက်ရင်တော့ ဘာမှမဖြစ်တတ်ပါဘူး။ ဒါပေမဲ့ ဘေးနားမှာ ဝေါ့အေ့နဲ့ အန်နေတာမျိုးဆိုရင်တော့ မရဘူး။ ရွံတတ်တယ်။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုဆိုရင် နိုင်ငံတိုင်းမှာ သူ့ပြယုဂ်နဲ့ သူ ရှိတာပေါ့နော်။ ဒါပေမဲ့ ဥပမာ- ထိုင်းမုန့်ဟင်းခါးလိုမျိုး၊ မြန်မာတွေဆီက နည်းတွေယူသွားသလိုမျိုး၊ မြန်မာတွေလုပ်နည်းနဲ့ အရမ်းနီးစပ်တာမျိုး ဟင်းအမည်တွေ ထွက်ထွက်လာတဲ့အတွက် မြန်မာ့ရိုးရာစာဆိုတာ နည်းနည်းအရောင်မှိန်သွားတယ်လို့ ခံစားရတယ်။

အခုလတ်တလော အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦး။

          အခုညီမက “ဇနီးချောလေးများ ကွန်ယက်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ နောက်ပြီး စုံထောက်တင်မောင်ဆွေ ဇာတ်လမ်းတစ်ခုလည်း ရိုက်ထားပါတယ်။ အခု ဓာတ်ပုံရိုက်တွေရှိမယ်။ MTV ရိုက်တွေရှိပါမယ်။

အခုချက်ပြတဲ့ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။

          ကိုယ့်အိမ်မှာ လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရပါတယ်။ ဆေးဘဲဥအဆာသွတ်ဆိုရင်လည်း အိမ်မှာရှိတဲ့ ကြက်သား၊ ဝက်သားတွေနဲ့ လွယ်ကူမြန်ဆန်စွာ လုပ်စားလို့ရပါတယ်။ ခေါက်ဆွဲဆိုရင်လည်း ဒီအတိုင်းပါပဲ။ အဆာပြေပဲ စားမလား၊ မိုးအေးအေးနဲ့ စားမလား အဆင်ပြေလို့ လိုက်လုပ်စားကြည့်ပါလို့… ပြောချင်ပါတယ်။

 

သဲနော်ဇာရဲ့  ဆေးဘဲဥအဆာသွတ်ကြော်

၁။       ကြက်သား ၅ ကျပ်သားနှင့် ငါးဖယ် ဂေါ်လီ၂ လုံးခန့်ကို ရောပြီး နုပ်နုပ်စဉ်းပါ။

၂။       ပြီးလျှင် ဆား၊ အရသာမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်တို့ဖြင့် သမအောင် နယ်ပေးပါ။

၃။       ထို့နောက် ဆေးဘဲဥကို အခွံနွှာ၍ စဉ်းထားသော အသားအလယ်မှာ ဌာပနာလုပ်ပြီး လုံးပါ။

၎။       ပြီးလျှင် ခေါက်ထားတဲ့ ကြက်ဥအနှစ်ထဲ စိမ်ပြီး အသားမြုပ်ရုံ ဆီပူထဲ ထည့် ကြော်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

သဲနော်ဇာရဲ့ ကြက်သား (သို့) ဝက်သားမျှစ်ချဉ်ခေါက်ဆွဲပြုတ်

၁။       ဦးစွာ ကြက်သား(သို့) ဝက်သားကို အိနေအောင်ပြုတ်ပြီး အသားမျှင်လေးတွေ နွှင်ပါ။

၂။       ပြီးလျှင် အသားပြုတ်ရည်နှင့် မျှစ်ချဉ်ကို ဆူပွက်လာသည်အထိ ထားပါ။

၃။       ငရုတ်သီးစိမ်းကို နုပ်နုပ်စဉ်းပြီး ထည့်ပါ။

၎။       ခေါက်ဆွဲကိုလည်း သတ်သတ်ပြုတ်ပြီး ဆယ်ယူ၍ အသားပြုတ်ရည်နှင့် မျှစ်ချဉ်တို့ လောင်းထည့်ပေးပါ။ ကြက်သွန်မြိတ်၊ နံနံပင်၊ ဆီမွှေးပေါက်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

Facebook Comments