The Strand Restaurant

The Strand Restaurant

Jazz (ဂျက်ဇ်) တေးဂီတသံသာသာနဲ့ အေးဆေးဆိတ်ငြိမ်တဲ့ စားသောက်ခန်းမကျယ်ထဲမှာ အဖြူနဲ့အနက် ရောယှက်ခင်းကျင်းထားတဲ့ အထက်တန်းကျကျ အခင်းအကျင်းတွေက The Strand Restaurant ရဲ့ လက်ရှိရပ် တည်နေတဲ့အနေအထား အဆင့်အတန်းကိုသာမက ခမ်းနားကြီးကျယ်လှတဲ့ အတိတ်သမိုင်းကိုလည်းထင်ဟပ် နေပါတယ်။ ဒီလိုအထက်တန်းကျကျအခင်းအကျင်းတွေကို ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့ပြီး ဒီနေ့ခေတ်မှာ တော့လွန်ခဲ့တဲ့ စစ်ကြိုခေတ်အပြင်အဆင်တွေနဲ့ ဒီဘက် ခေတ်ကထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဆန်းသစ်တီထွင်မှုတွေနဲ့ ပေါင်းစပ်လိုက်တော့ ဒီတစ်လ Eating Out ကဏ္ဍမှာဖော်ပြပေးရမယ့် The Strand Restaurant ထဲကိုရောက်နေတဲ့ ကျွန်တော်တို့အဖွဲ့သားတွေအတွက်ကတော့ မကြုံဖူးတဲ့အတွေ့အကြုံသစ်ဆိုတာ မပြောဘဲသိနေကြမှာပါ။

ခေတ်အဆက်ဆက် ရန်ကုန်မြို့ရဲ့ အထင်ကရဖြစ်ခဲ့တဲ့ ကမ်းနားဟိုတယ်  Strand Hotel က အခုဆိုရင် The Strand Yangon အမည်နဲ့ အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ အတွင်းပိုင်းအပြင် အဆင်တွေကို ဝင်ဝင်ခြင်း မိတ်ဆက်ဖြစ်ပါလိမ့်မယ်။ အခုဖော်ပြပေးမယ့် The Strand Restaurant ကတော့ ကျယ်ဝန်းခန့်ညားတဲ့ ဟိုတယ်ဧည့်ခန်းရဲ့ ဟိုဘက်ထိပ်ဆုံးက မှန်တံခါးမကြီးရဲ့ နောက်မှာသီးသန့်ဆန် စွာနေရာယူထားပါတယ်။ ပရိဘောဂအနက်ရောင်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဧည့်ခန်းကိုထားခဲ့ပြီး မှန်တံခါးမကြီးရဲ့နောက်ကိုရောက်ရင်တော့ ဧည့်ကြိုခန်းကနေစပြီးမေးရိုးအောက်ကျ ပါးစပ်ဟပြီး အံ့သြဖွယ်အတွင်းခန်းအပြင် အဆင်တွေကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့ယွန်းထည်စစ်စစ်ရဲ့ အဆင့်မြင့်ဖန် တီးမှုလက်ရာတွေကို The Strand Restaurant ရဲ့ ဧည့်ကြိုခန်းက နံရံနဲ့ကပ်လျက်ရှိနေတဲ့ စင်ပေါ်မှာ အစီအရီတွေ့ရပါတယ်။ စားသောက်ခန်းထဲမှာ ဝင်ဝင်ခြင်းစိတ်အာရုံကို ဖမ်းစားလိုက်တာက ဆေး အနက်သုတ်ထားတဲ့ တိုင်လုံးကြီးတွေနဲ့ ခေါက်တံခါးတွေ ဖွင့်ထားရင်သတိမထားမိနိုင်တဲ့ သီးသန့် ခန်းတွေဖြစ်ပါတယ်။ စားပွဲတစ်ခုခြင်းစီမှာ ပြင်သစ်စားပွဲအခင်းအကျင်းနဲ့ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဧည့်တစ်ယောက်ချင်းစီအတွက် အခင်းအကျင်းတိုင်းမှာ The Strand ရဲ့ ခန့် ညားထည်ဝါတဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ခြင်္သေ့ရုပ်အမှတ်တံဆိပ်လိုဂိုတွေကို ယွန်းပန်းကန်ပြားပေါ်နဲ့ လက်သုတ် ပဝါစွပ်တွေပေါ်မှာ တွေ့ရပါတယ်။

အမြဲတမ်းဧည့်သည်တွေကိုသူ့လက်ရာတွေနဲ့ အံသြမှင်သက်သွားစေတဲ့ စားဖိုမှူးကတော့ သူ့စိတ်ကြိုက် အစားအစာတွေကို ပြင်ဆင်နေစဉ်မှာ ရှန်ပိန်နဲ့တည်ခင်းဧည့်ခံပေးထားပါတယ်။ သေချာပါတယ်သူကတော့ ကျွန်တော်တို့သောက်နေတဲ့ရှန်ပိန်နဲ့ လိုက်ဖက်မယ့် ခံတွင်းဖွင့်စာကို ပြင်ဆင်နေမှာပါ။

Olive Crip Served With Green Olives Spherification

ပထမဦးဆုံးအနေနဲ့ တည်ခင်းပေးတာကတော့ Olive Crisp ဖြစ်ပါတယ်။ အီတာလျံ စားဖိုမှူးရဲ့လက်စွမ်းကို ခံတွင်းဖွင့်စာမှာတင် သတိပြုမိတာကသူ့ရဲ့ မောလီကျူးလာအစားအစာ ဖန်တီးချက်ပြုတ်ပုံဖြစ်ပါတယ်။ သံလွင်သီးမဟုတ်တော့တဲ့ သံလွင်သီးအရသာ အလုံးလေးကို ၁ဝဝ ရာခိုင်နှုန်းသံလွင်သီးစစ်စစ်ကနေ မော်လီကျူးနည်း ပညာသုံးချက်ပြုတ်ဖန်တီးထားတာဖြစ်ပါတယ်။ သံလွင်သီး အရသာပြင်းပြင်းလေးက ဒီအလုံးလေးကိုဖိကိုက်ချလိုက်မှ  ခံတွင်းထဲမှာ နေရာအနှံ့အပြည့်နေရာယူသွားတာ ဖြစ်ပါတယ်။ အလုံးလေးကို အောက်ခံပေးထားတဲ့ (ထရက်ဖယ်) Truffle  ချပ်ပါးပါးကြွပ်ကြွပ်လေးကို နောက် ဆက်တွဲကိုက်မိတဲ့အထိအတွေ့နဲ့ အရသာကအလွန်ထူးခြားပါတယ်။

King Prawns Served with Sweet Com, Chorizo and Black Ink Mist.

ဒီလိုနဲ့ပဲစားဖိုမှူးကြီး နောက်ထပ်ပြင်ဆင်ဖန်တီးပေးမယ့် အစားအစာကိုရင်ခုန်စွာ မျှော်လင့်နေမိပါတယ်။ နောက်ထပ်ရောက်လာတာကတော့ ပြင်သစ်အစားအစာ တစ်မျိုးဖြစ်တဲ့ King Porawn, Chorizo နဲ့ မြူမုန့်လို့ မြန်မာလိုနာမည်တပ်ရမယ့် ပေါင်မုန့်ပျော့ပျော့လေးတစ်မျိုးဖြစ်ပါတယ်။ ဒီမုန့်ကိုတော့ Squid ကရတဲ့ Black Ink ကို အခြေခံပြီး လုပ်ထားတာဖြစ်ပါတယ်။ လတ်ဆတ်ပြီး ချိုမြမြအရသာဖြစ်နေတဲ့ ပုစွန်ထုပ်၊ ချောမွတ်တဲ့ အနှစ်ဖြစ်အောင်စီမံထားတဲ့ ပြောင်းအနှစ်နဲ့ မီးခိုးနံ့သင်းသင်းလေးပါတဲ့ အသားအူချောင်းတစ်မျိုးဖြစ်တဲ့ Chorizo အတုံးလေးတွေကလည်းအငန်ဓာတ်လေးပေးပြီး မအီသွားအောင် ထိန်းပေးထားလို့ လိုက်ဖက်တဲ့အစပ်အဟပ်အဖြစ် နှစ်သက်မိပါတယ်။

Textured Egg Yolk Trilogy with Green Asparagus, Parmesan Emulsion and Fresh Black Winter Truffle.

နောက်ထပ်မြည်းစမ်းမိတာကတော့ ကြက်ဥကို တတ်ချာ(Texture) ၃ မျိုးဖြစ်အောင် ဖန်တီးထားတဲ့ စားဖွယ်တစ်မျိုးဖြစ်ပါတယ်။ ပထမတစ်မျိုးက ကြက်ဥအကာကို အရသာထူးခြားတဲ့ အမြုပ်ပုံစံဖန်တီးထားပြီး အနှစ်များကိုတော့ အပြင်သားအကြွပ်ကြော်ထားပါတယ်၊ နောက်ထပ်တစ်မျိုးက ပါမေစန်ချိစ်နဲ့ကြက်ဥ အနှစ်ပေါင်းစပ်ထားတဲ့ ခပ်ပျော့ပျော့ပုံစံဖြစ်ပြီး၊ နောက်ဆုံးတစ်မျိုးက အပြင်သားတင်းတင်းနဲ့ အတွင်းပိုင်းကို မကျက်တကျက်ပုံစံဖြစ်အောင်ချက်ပြုတ်ထားတဲ့ ပုံစံ ၃ မျိုး ဖန်တီးတီထွင်ထားပါတယ်။ အနောက်တိုင်းအစားအစာတွေရဲ့ထုံးစံအတိုင်းခံတွင်းဖွင့်စာ ရောက်မလာခင်ကတည်းက တည်ခင်းတဲ့ အငန်ဓာတ်ပါတဲ့ ထောပတ်လေးသုတ်ထားတဲ့ ပေါင်မုန့်မာမာလေးတွေနဲ့ တွဲဖက်စားသုံးရတဲ့အတွေ့အကြုံက တော့ ထူးခြားကောင်းမွန်ပြီး အစားအစာရဲ့အရည်အသွေး ကိုပါသတိပြုမိပါတယ်။

ဒီတစ်ခေါက်ထွက်လာမယ့် အဓိကဟင်းလျာမတိုင်ခင် ကျွန်တော်တို့လုပ်သင့်တာက ရောက်လာမယ့် အဓိကဟင်းလျာနဲ့လိုက်ဖက်မယ့် ဝိုင်အမျိုးအစားကို ရွေးချယ်ဖို့ဖြစ်ပါတယ်။ စားဖိုမှူးကြီးရွေးချယ်ပေးထားတဲ့ ပြင်သစ်ဝိုင်နီ Cabernet Sauvigonon ဖြစ်ပြီးနောက်ကတစ်ဆက်တည်းပါလာမယ့် အဓိကဟင်းလျာနဲ့ အလွန်လိုက်ဖက်ညီမယ် ဆိုတာမလွဲနိုင်ပါ။

Slow-cooked Pigeon Breast Served with Pan-Fried Foie Gras, Sweet Potatoes and a Roasted Coffee Sauce.

အမှတ်ရစရာကောင်းတဲ့ စားဖွယ်နောက်ထပ်တစ်မျိုးကတော့ ခိုရင်ပုံသားကိုချက် ထားတဲ့စားဖွယ်ဖြစ်ပါ တယ်။ သူနဲ့အတူပြင်ဆင်ထားတာကတော့ ငန်းအသည်းကို ပြင်သစ်ပုံစံချက်ထားပြီး ကော်ဖီဆော့လေးဖြန်းထားပါတယ်။ ကန်စွန်းဥအချပ် ပါးပါးကြွပ်ကြွပ်လေးကလည်း အသားဟင်းလျာတွေကြားမှာ တစ်မူထူးတဲ့အထိအတွေ့ကို ပေးပြန်ပါတယ်။ ထုံးစံအတိုင်းပေါင်မုန့်အချပ်လေးကို ထောပတ်လေးသုတ်ပြီး ခိုသားငန်းအသည်းတို့နဲ့တွဲဖက် စားသောက်ရတဲ့အရသာကလည်း The Strand Restaurant ရဲ့ အမှတ်ရစရာကောင်းတဲ့လက်ရာဖြစ်ပါတယ်။

The Strand Signature Chocolate Sphere Filled with Mascarpone Cream.

အထူးလက်ရာအချိုပွဲတစ်မျိုးကတော့ နောက်ပိတ်ဆုံးအိတ်နဲ့ကျုံးဆိုသလို လက်ကမချတန်းမကုန်ကုန် အောင်စားဖြစ်တဲ့ အချိုပွဲဆိုရင်လည်းမမှားပါဘူး။ Mascarpone Cream  အဆာသွတ်ထားတဲ့ ချောကလက် ဘောလုံးလေးကို Hot Espresso ဆော့စ်လောင်းပြီး အထဲကိုပျော်ဝင်သွားတော့မှ အထဲခရင်မ် (Cream) လေးနဲ့တွဲဖက်စားရတဲ့ အချိုပွဲတစ်မျိုးဖြစ်ပါတယ်။ အပြင်ဘောလုံးအခွံကြွပ်ကြွပ်လေးနဲ့ ရေခဲမုန့်ချိုချို၊ ချောက လက်အရသာနဲ့ Expresso ခါးသက်သက်လေး အားလုံးပေါင်းပြီး ခံတွင်းထဲပျော်ဝင်သွားတဲ့ခံစားမှုကိုစားမိသူ တိုင်း စွဲလန်းနှစ်သက်မှာဖြစ်ပါတယ်။

ပရိသတ်တို့ရေ… ဒီတစ်ခေါက် Eating Out ရေးရတာ အပျော်ဆုံးလို့ပြောရမလိုပါဘဲ။ ကျွန်တော်တို့အဖွဲ့ Eating Out ရေးလာတဲ့ ငါးနှစ်အတွေ့အကြုံတစ်လျှောက်မှာ ထိပ်တန်းလက်ရာတွေထဲကတစ်ခုလို့ပြော နိုင်တဲ့ The Strand Restaurant ရဲ့ Dining အတွေ့အကြုံက စိတ်အေးချမ်းမှုကိုပါခံစားနိုင်တဲ့ အတွက်ကြောင့် အေးအေးဆေးဆေး ဖြည်းဖြည်းချင်းနဲ့ အရသာခံစားသောက်လိုသူတွေအတွက်ကတော့ အကြိုက်တွေ့စေမယ့် နေရာတစ်နေရာဖြစ်တယ်ဆိုတဲ့ အကြောင်းဝေမျှပေးရင်းနဲ့ ကြိုတင်ဘိုကင်လုပ်ရမယ့် ဖုန်းနံပါတ်လေးပါ ပေးထားလိုက်ပါတယ်။

The Strand Restaurant @ The Strand Yangon

အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့။

ဖုန်း ဝ၁ ၂၄၃၃၇၇

Facebook Comments