South Africa’s Northern Cape Food Festival

New_2 News_3 News_4

        A Taste of Rainbow Cuisine လို့ အမည်တွင်တဲ့ သက်တန့်စုံတဲ့ တောင်အာဖရိက Nothern Cape က ဟင်းလျာတွေကတော့ တကယ်အံ့မခန်းပါပဲ။ ဒီလို အရသာထူးခြားတဲ့ တောင်အာဖရိကဟင်းလျာတွေကို မတ်လ ၁ဝ ရက်နေ့မှ မတ် ၁၅ ရက်နေ့ထိကျင်းပတဲ့ South Africa’s Food Festival ကို ညနေပိုင်းတွင် ‘Cafe Sule’ Shangri-La ဟိုတယ်မှာ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။  ဟင်းလျာတွေအကြောင်း မပြောခင်မှာ Media Lauch အကြောင်း အရင်ပြောချင်ပါတယ်။

            မတ်လ ၁ဝ ရက်နေ့ ပဲခူးခန်းမ Shangri-La ဟိုတယ်မှာ ကျင်းပတဲ့ South Africa’s Food Festival Media Lauch မိတ်ဆက်ပွဲသို့ ဝတ်ရည် ရောက်ရှိခဲ့ပါတယ်။ South Africa’s Food Festival Media Lauch ပွဲသို့ သက်ဆိုင်ရာ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များနှင့် မီဒီယာဘက်မှ ဧည့်သည်များတက်ရောက်ခဲ့ပါတယ်။ အရင်ဆုံး Nothern Cape ရဲ့ ဒေသ၊ ယဉ်ကျေးမှုနှင့် အစားအသောက်များအကြောင်းကို ရှင်းလင်းပြောပြပေးပါတယ်။ ပြီးမှ Exective Chef William မှ မီဒီယာမိတ်ဆက်ပွဲမှာ တည့်ခင်းဧည့်ခံ တဲ့ တောင်အာဖရိက Nothern Cape က ဟင်းလျာများအကြောင်းကို အသေးစိတ် ပြောကြားပေးခဲ့ပါတယ်။

    တောင်အာဖရိက Nothern Cape ပြည်နယ်ဟာ မြန်မာပြည်နဲ့ဆိုရင် မိုင်ပေါင်း များစွာဝေးကွာတဲ့ နေရာဒေသတစ်ခုပါ။ ဒါကြောင့် တောင်အာဖရိက NothernCape ပြည်နယ် က အစားအစာတွေက မြန်မာတွေနဲ့ လုံးဝမရင်းနှီးသေးတာ အမှန်ပါပဲ။ ဒါပေမဲ့ တောင်အာဖရိကမှာ စိန်တွေ အမြောက်အမြား ထွက်ရှိတယ်ဆိုတာတော့ အားလုံး ကြားဖူးနားဝ ရှိကြမှာပါ။ တန်ဖိုးရှိတဲ့စိန်တွေအပြင် တောင်အာဖရိကမှာ တကယ်ကို ခံတွင်းတွေ့စေတဲ့ ဟင်းလျာတွေရှိတယ်ဆိုတာတော့ မီဒီယာမိတ်ဆက်ပွဲမှာ မြည်းစမ်းခွင့်ရခဲ့ပါတယ်။

         အရင်ဆုံး အဆာပြေအဖြစ် Melon Wrapped in Kudu Carpaccio အမည် တွင်တဲ့ ဖရဲသီးကို တောင်ဆိတ်အသားလွှာပတ်ပြီး မီးမြိုက်ထားပြီး အစိမ်းရောင်အရွက်သုပ်နဲ့ တွဲဖက်ထားတဲ့ ဟင်းလျာကို အရင်ဆုံးမြည်းစမ်းခွင့်ရပါတယ်။ တောင်ဆိတ်အသားကို ပါးလွှာအောင်လှီးထားပြီး ဖရဲသီးမှာပတ်ထားပြီး Balsamic ဆော့စ်ရည်နဲ့ တွဲဖက် သုံးဆောင်ရတာပါ။ Balsamic ဆော့စ်ရည်က Balsamic ရှလကာရည်နဲ့ သကြားနဲ့ ရောစပ်ထားတာမို့ ချဉ်ချိုအရသာလေးပါ။ တောင်ဆိတ်သားကလည်း လုံးဝညှီနံ့ကင်းပြီး
နူးညံ့ပြီး တကယ်ကို ခံတွင်းတွေ့စေတဲ့ အဆာပြေဟင်းလျာတစ်ခုပါ။

    နောက်အဆာပြေအဖြစ် Warm Pumkin Fritter ဆိုတဲ့ ရွှေဖရုံသီးကို ကြော်ထားတဲ့ ဟင်းလျာကို သုံးဆောင်ခဲ့ပါတယ်။ ရွှေဖရုံသီးကိုကင်ပြီးမှ ပြန်ခြေပြီး ဂျုံကပ် ပြီး ကြော်ထားတာမို့ အိအိလေးနဲ့ Caramel ဆော့စ်နဲ့ တွဲဖက်သုံးဆောင်ရတာပါ။ Caramel ဆော့စ်က သကြားညိုနဲ့ပြုလုပ်ထားတာမို့ အရသာချိုဆိမ့်နေပါတယ်။ ဒီဟင်းလျာမှာ ထူးခြားမှုမှာ တောင်အာဖရိကလူမျိုးတွေက အဆာပြေမှာပါ အသားစားနေရင်း အချိုဓာတ်ပါအောင် သုံးဆောင်လေ့ရှိတယ်ဆိုတာပါပဲ။ ထို့ပြင် ရွှေဖရုံသီး ကြော်ပေါ်မှ အမဲသားခြောက်ချောင်းလေးပါ ထည့်သွင်းပေးထာတာမို့ တကယ် အဆင်းရော အရသာပါ ပြည့်စုံတဲ့ အစာပြေတစ်မျိုးပါ။

        ဟင်းချိုအဖြစ် Oxtail Soup with Butter Beans နွားမြီးကို ထောပတ်ပဲနဲ့ ရောချက်ထားတဲ့ ဟင်းချိုကို မြည်းစမ်းခဲ့ပါတယ်။ ဒီဟင်းချိုအကြောင်းမပြောခင် တောင်အာဖရိက Nothern Cape ဟင်းလျာတွေက အနောက်တိုင်း၊ အိန္ဒိဟ ဟင်း လျာတွေက တစ်စိတ်တစ်ဒေသ ရောယှက်ဆက်နွယ်နေပါတယ်။ ခု နွားမြီးဟင်းချို ဆိုရင်လည်း အီတလီ၊ အိန္ဒိယ ဟင်းလျာအရသာတွေ ပေါင်းစပ်ထားသလိုပါ။ ခရမ်းချဉ်သီးပါဝင်တာမို့ အရသာ ချဉ်ပြုံးပြုံးလေးရသလို၊ ထောပတ်ပဲကြောင့် ချိုပြီး အီဆိမ့်ဆိမ့်အရသာကို ရပြန်ပါတယ်။
ဒီနွားမြီးဟင်းချိုကို ချက်ဖို့အတွက် ၃ ချောင်း ထောင့်အိုးနဲ့ ၃ နာရီလောက်ကြာအောင် မီးနည်းနည်းတည်ထားတာမို့ အသားရော၊ ပါဝင်တဲ့ ဟင်းရွက်၊ ပဲတွေပါ နူးအိပြီး တအား စားကောင်းတဲ့ ဟင်းချိုပါ။

        အဓိကဟင်းလျာအဖြစ် တောင်အာဖရိက Nothern Cape ပြည်နယ်ရဲ့ နာမည် ကြီးဟင်းလျာတစ်ခုဖြစ်တဲ့ သိုးသားနံရိုးကင်၊ Chakalaka ၊ Mielie Pap တို့ သုံးဆောင်ခဲ့ပါ တယ်။ သိုးသားက စားနေကျမဟုတ်ပေမယ့် Rosemary၊ ကြက်သွန်ဖြူတို့နဲ့ နှပ်ပြီးမှ ချက်ထားမို့ ညှီနံ့ကင်းပြီး နူးအိပြီး စားလို့အရမ်းကောင်းပါတယ်။ ထို့ပြင် Chakalaka လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်၊ ပဲ၊ ခရမ်းချဉ်သီးတို့နဲ့ အစပ်ချက်ပြီး သိုးသားကင်နဲ့ တွဲဖက်သုံးဆောင်ရတာပါ။

     အချိုပွဲအဖြစ် ဗီနီကာရေခဲမုန့်၊ Malva ပူတင်းတို့ကို မြည်းစမ်းခဲ့ပါတယ်။ Malva ပူတင်းကို အချိုပွဲအနေနဲ့ တောင်အာဖရိက စားသောက်ဆိုင်တော်တော်များများမှာ ရရှိနိုင် ပါတယ်။ ပူတင်းကို ဖုတ်ထားပြီး သူ့ဆော့စ်နဲ့ တွဲဖက်သုံးဆောင်ရတာပါ။

     ချုံပြီးသုံးသပ်ရမယ်ဆိုရင် တောင်အာဖရိကဟင်းလျာတွေက မြန်မာလူမျိုးတွေနဲ့ အရမ်းအလှမ်းဝေးတဲ့ ဟင်းလျာတွေမဟုတ်ပါဘူး။ ထို့ပြင် တောင်အာဖရိက Nothern Capeu ဟင်းလျာတွေက အရသာရှိရုံမကဘဲ ဟင်းလျာတစ်ခုခြင်းစီမှာ ကိုယ်ပိုင်လေးနက်တဲ့ အဓိပ္ပာယ်ကိုယ်စီ ရှိနေကြတယ်ဆိုတာပါပဲ။
……………………………………….
Wutyee Food House

Facebook Comments

Menu