METRO Wholesales Myanmar တရားဝင်မိတ်ဆက်ခြင်း အခမ်းအနား

          နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ လက်ကားရောင်းဝယ်ရေး လုပ်ငန်းများ လည်ပတ်လုပ်ဆောင်လျက်ရှိတဲ့ ဂျာမနီနိုင်ငံအခြေစိုက် လက်ကားရောင်းဝယ်ရေးလုပ်ငန်းစု METRO နဲ့ မြန်မာနိုင်ငံရှိ ရိုးမလုပ်ငန်းစု Yoma Strategic Holding Ltd တို့ပူးပေါင်းပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ METRO Wholesales Myanmar ကို စတင်တည်ထောင်ခဲ့ပါတယ်။

          မြန်မာနိုင်ငံဈေးကွက်သို့ ဝင်လာပြီဖြစ်ကြောင်းကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ ပဲခူးကလပ်မှာ METRO Wholesales Myanmar တရားဝင် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

          အခြားနိုင်ငံများရှိ METRO Wholesales လုပ်ငန်းလည်ပတ်ပုံများနှင့်မတူဘဲ METRO Wholesales Myanmar က လက်ကားရောင်းဝယ်ရေး စတိုးဆိုင်များစွာ တည်ဆောက်ပြီး ဖြန့်ဖြူးရောင်းချသွားမှာမဟုတ်ဘဲ e-commerce နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို အသုံးပြုပြီး ကုန်ပစ္စည်းများကို မှာယူ၊ ပို့ဆောင်ပေးနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံး အရောင်းစနစ်ထားရှိပြီး ဖြန့်ဖြူးရောင်းချသွားမယ်လို့ ဆိုပါတယ်။

          ရန်ကုန်မြို့  သီလဝါ အထူးစီးပွားရေးဇုန်မှာ တည်ဆောက်ထားတဲ့ စတုရန်းမီတာ ၅၈၀ဝ အကျယ်အဝန်းရှိတဲ့ ပင်မသိုလှောင်ရုံမှတစ်ဆင့် လက်ကားရောင်းဝယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အဆိုပါ ပင်မသိုလှောင်ရုံမှာ ကုန်ပစ္စည်းများကို စက်ကိရိယာများဖြင့် အရည်အသွေးစစ်ဆေးပြီး လက်ခံ၊ သိုလှောင်၊ ပြုပြင်၊ ထုပ်ပိုးကာ B2B စားသုံးသူများထံ ပို့ဆောင်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ METRO Wholesales Myanmar ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းအက်ပလီကေးရှင်းဖြစ်တဲ့ METRO ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှာ စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းအမျိုးအစားပေါင်း ၂၀ဝ၀ ကျော်ကို အွန်လိုင်းပေါ်မှတစ်ဆင့် ရွေးချယ်မှာယူနိုင်နေပြီ ဖြစ်ပါတယ်။

          ကုန်ပစ္စည်းများရဲ့ ၇၅ ရာခိုင်နှုန်းကို ပြည်တွင်းမှတိုက်ရိုက်ရယူမယ်လို့ဆိုတာကြောင့် မြန်မာနိုင်ငံအတွက် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာဖို့ မျှော်လင့်ရပါတယ်။ METRO အနေနဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ စားသောက်ကုန် ထုတ်လုပ်သူများနှင့် စိုက်ပျိုးမွေးမြူသူများအတွက် အသိပညာနှင့် အတွေ့အကြုံများ မျှဝေပေးရန်သာမက မွမ်းမံသင်တန်းများမှတစ်ဆင့် ရေရှည် ပူးပေါင်း ဆောင်ရွက်နိုင်သည်အထိ ချိတ်ဆက်ဆောင်ရွက်သွားရန် စဉ်ဆက်မပြတ် ကြိုးပမ်းအား ထုတ်နေတယ်လို့ သိရပါတယ်။

          ပြည်တွင်းရှိ ငါးမွေးမြူသူများနှင့် ကြက်မွေးမြူသူများအတွက် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကျွမ်းကျင်မှုများရရှိစေရန် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သိပံ္ပနည်းကျ အစားအသောက် ဘေးဥပဒ်ကင်းရှင်းမှု ထိန်းချုပ်စနစ် (HACCP) ဆိုင်ရာ မွမ်းမံသင်တန်းများကိုလည်း မကြာသေးမီလများအတွင်း သင်ကြား ပို့ချခဲ့ပြီဖြစ်ကြောင်းနဲ့ METRO Wholesales Myanmar မှ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်ကြားပေးတဲ့ မွမ်းမံသင်တန်းများမှာလည်း ကြက်သွန်နီ၊ အာလူး၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီး အဓိကစိုက်ပျိုးတဲ့ သီးပင်စားပင်စိုက် တောင်သူဦးရေ ၂၀ဝ ဦးအတွက် စီစဉ်ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Facebook Comments