တတိယအကြိမ်မြောက် ၂၀၁၈ စင်ကာပူပွဲတော်

          တတိယအကြိမ်မြောက် ၂၀၁၈ စင်ကာပူပွဲတော်ကြီးကို ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းမှာ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ  ကျင်းပခဲ့ပါတယ်။ အစားအသောက်၊ မြို့ပြဒီဇိုင်းနှင့် အနုပညာလက်ရာများ၊ ဂီတနှင့် ရုပ်ရှင်စသည်တို့မှတစ်ဆင့် စင်ကာပူနိုင်ငံရဲ့ ယဉ်ကျေးမှုကို ရန်ကုန်မြို့သူ၊ မြို့သားများသိရှိစေရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူခရီးသွားဘုတ်အဖွဲ့က ကြီးမှူးပြီး ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

          ၃ ရက်သာကျင်းပခဲ့တဲ့ အဲဒီပွဲတော်ရဲ့ အဓိကကဏ္ဍများမှာ ဧည့်သည်တော်များ မြင်ဖူးနေကျမဟုတ်တဲ့ စိတ်လှုပ်ရှားဖွယ် တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ၊ နည်းပညာသုံး အင်တာအက်တစ် အနုပညာအခင်းအကျင်းများ၊ ဆန်းသစ်သော အစားအစာတွဲဖက်မှုများကို တင်ဆက်ခင်းကျင်း ရောင်းချပေးသွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်များနဲ့ မတူဘဲ ပထမဆုံးအကြိမ်အဖြစ် Outdoor Festival အနေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

          ၂၀၁၈ စင်ကာပူပွဲတော်ကို ဇုန်လေးခုခွဲ၍ အဓိကထားပြီး ကျင်းပခဲ့ပါတယ်။ Culture Shaper ဇုန်မှာတော့ AR နည်းပညာဖြင့် Atypical Singapore လမ်းဘေး အနုပညာကို တွေ့ကြုံခံစားပြီး လက်တွေ့ဂရပ်ဖီတီ ရေးဆွဲသရုပ်ပြခြင်း၊ Explorer ဇုန်မှာတော့ စင်ကာပူရှိ ဆွဲဆောင်မှုရှိတဲ့ နေရာများကို လေ့လာနိုင်ပြီး မိသားစုများအတွက် ပျော်ရွှင်စရာအစီအစဉ်များ အတူတကွ ပါဝင်လုပ်ဆောင်နိုင်ခြင်း၊ Socialiser ဇုန်မှာတော့ နာမည်ကျော်အဆိုတော် ဟဲလေးနှင့် စင်ကာပူအဆိုတော် The Lion City Boy တို့အပြင် များစွာသော လမ်းဘေးအနုပညာရှင်များရဲ့ လမ်းတစ်လျှောက် ဖျော်ဖြေမှုများကိုလည်း ဧည့်သည်တော်များက ကြည့်ရှုခံစားခဲ့ကြပါတယ်။

          နောက်ဆုံးကဏ္ဍတစ်ခုဖြစ်တဲ့ Foodie ဇုန်မှာတော့ အကောင်းဆုံး မြန်မာနှင့် စင်ကာပူ Street Food အစားအစာများကို တစ်ပွဲလျှင် ကျပ် ၅၀ဝနှုန်းဖြင့် မြည်းစမ်းနိုင်စေဖို့ ဆိုင်ခန်း ပေါင်း ၁၅ ခု ဖွင့်လှစ်ရောင်းချသွားခဲ့ပါတယ်။ မြန်မာနှင့် စင်ကာပူနိုင်ငံကြားက အစား အသောက်ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်မှုများကို ထင်ဟပ်ပြသနိုင်ရန် မြန်မာနိုင်ငံမှ ဒေသထွက်အစားအစာများနှင့် ဆင်တူသော နာမည်ကြီးစင်ကာပူဟင်းလျာများကို တွဲဖက်ရောင်းချသွားခဲ့ပါတယ်။ ဆန်နဲ့ပြုလုပ်ထားတာချင်းတူညီတဲ့ စင်ကာပူကြက်ဆီ ထမင်းနှင့် မြန်မာမုန့်လင်မယား၊ ပြင်ဆင်ထားပုံဆင်တူတဲ့ စင်ကာပူ နုပ်နုပ်စဉ်း အသား ခေါက်ဆွဲ (BakChorMee) နှင့် မြန်မာနန်းကြီးသုပ်၊ နိုင်ငံတစ်ခုချင်းစီရဲ့  အထင်ကရ ဟင်းလျာတွေဖြစ်တဲ့ စင်ကာပူပင်လယ်စာခေါက်ဆွဲကြော် (Char Kway Teow) နှင့် မြန်မာမုန့်ဟင်းခါး၊ နှစ်နိုင်ငံစလုံးရဲ့ နာမည်ကြီး လမ်းဘေးအစားတွေဖြစ်တဲ့ စင်ကာပူ ကဏန်း ငရုတ်သီး စမူဆာနှင့် မြန်မာပုရစ်ကြော်၊ စင်ကာပူပလာတာနှင့် မြန်မာလမ်းသရဲ မုန့်တို့အပြင် အခြားနာမည်ကြီးအစားအစာများကိုလည်း ရောင်းချသွားခဲ့ပါတယ်။

          ဧည့်သည်တော်များက အစားအသောက်များအပြင် စားဖိုမှူးတစ်ယောက်ချင်းစီရဲ့ ဘဝဇာတ်ကြောင်းများကိုလည်း လေ့လာနိုင်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ကြက်ဆီထမင်းကို မြည်းစမ်းနိုင်ဖို့ ချက်ပြုတ်ရောင်းချသွားတဲ့ စားဖိုမှူး Chan Hong Meng ဟာ စင်ကာပူ တရုတ်တန်းရှိ ကြက်ဆီထမင်းဆိုင်ပိုင်ရှင်ဖြစ်ပြီး သူ့ရဲ့ပဲပိစပ်အနှစ်ဖြင့် ပြုလုပ်ထားတဲ့ ကြက်ဆီထမင်းဖြင့် ကမ္ဘာပေါ်က စားသောက်ဆိုင်တန်းများမှတစ်ဆင့် မီရှယ်လင်း ကြယ်ဆု (Michelin Star) ရခဲ့တဲ့ ပထမဆုံးဈေးဆိုင်စာရင်းမှာ ပါဝင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ တတိယအကြိမ်မြောက် ၂၀၁၈ စင်ကာပူပွဲတော်ကြီးမှ လူနေမှုဆိုင်ရာ စိတ်ကူးစိတ်သန်းများ ပိုမိုကောင်းမွန်တိုးတက်စေမယ့် အနာဂတ်အစီအစဉ်များအတွက် စံနမူနာ ကောင်းများ ရရှိနိုင်မယ့် ပွဲဖြစ်ခဲ့ပါတယ်။

Facebook Comments