တတိယအကြိမ်မြောက် ၂၀၁၈ စင်ကာပူပွဲတော်

          တတိယအကြိမ်မြောက် စင်ကာပူပွဲတော်ကြီးကို ရန်ကုန်မြို့  ဘိုကလေးဈေးလမ်း မှာ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲကိုတော့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အစားအသောက်၊ မြို့ပြဒီဇိုင်းနှင့် အနုပညာလက်ရာများ၊ ဂီတနှင့် ရုပ်ရှင်စသည်တို့မှတစ်ဆင့် စင်ကာပူနိုင်ငံရဲ့ ယဉ်ကျေးမှုကို ရန်ကုန်မြို့သူ၊ မြို့သားများ သိရှိစေရန် ရည်ရွယ်ပြီး စင်ကာပူခရီးသွား ဘုတ်အဖွဲ့က ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

          သုံးရက်တာ ကျင်းပမယ့် ဒီပွဲတော်ရဲ့ အဓိကကဏ္ဍများမှာ ဧည့်သည်တော်များ မြင်ဖူးနေကျမဟုတ်တဲ့ စိတ်လှုပ်ရှားဖွယ် တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ၊ နည်းပညာသုံး အင်တာအက်တစ် အနုပညာအခင်းအကျင်းများ၊ ဆန်းသစ်သော အစားအစာတွဲဖက်မှုများကို တင်ဆက်ခင်းကျင်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မိသားစုများအနေနဲ့ အများပိုင်နေရာ အလှဆင်ရေးနှင့် မြို့ပြပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဖြစ်တဲ့ Doh Eain က တာဝန်ယူပြုလုပ်ထားတဲ့ သမိုင်းဝင်အမွေအနှစ်များကို အခြေခံထားသော ဂိမ်းများနှင့် အနာဂတ်ပုံဖော်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှာ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

          ပွဲတော်ရဲ့ အဓိကကဏ္ဍမှာ စားသောက်ဆိုင်တန်းငယ် ဆိုင် (၂၀) ခန့် ဖွင့်လှစ်ပြီး ဧည့်သည်တော်များက စင်ကာပူအစားအသောက်လက်ရာများနှင့်အတူ မြန်မာအစားအစာများကို တစ်ပွဲလျှင် ကျပ် ၅၀ဝ ဖြင့် ဝယ်ယူသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ အနုပညာကို စိတ်ဝင်စားသူများအနေဖြင့် စင်ကာပူ ခေတ်ပေါ်ပန်းချီပညာရှင် ၇ ဦးရဲ့ လက်ရာများကို အသားပေးထားတဲ့ ပန်းချီနှင့် AR နည်းပညာကို ပေါင်းစပ်တင်ဆက်ထားတဲ့ Atypical Singapore ကို လာရောက်ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ တေးသံရှင်ဟဲလေးနှင့် The Lion City တို့ ပူးပေါင်းပြီး ယဉ်ကျေးမှုအမွေအနှစ်များကို လက်ရှိခေတ်စားနေသော ဂီတ အမျိုးအစားများနှင့် ပေါင်းစပ်ဖန်တီးထားတဲ့ ဖျော်ဖြေမှုများကိုလည်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

          အဓိကကဏ္ဍတစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာများဖြစ်တဲ့ ဆန်တိုဆာကျွန်း၊ Gardens by The Bay, Resorts World Sentosa, Wildfile Reserves Singapore တို့ကို အင်တာအက်တစ်ပြပွဲမှတစ်ဆင့် ဧည့်သည်တော်များ တွေ့ကြုံခံစားနိုင်မှာဖြစ်ပါတယ်။

          ထို့ပြင် ဒီဇင်ဘာလတစ်လလုံးမှာလည်း Singapore Tourism Board ရဲ့ မိတ်ဖက်အခမ်းအနားများဖြစ်တဲ့ ရုပ်ရှင်ပြသခြင်း၊ အစားအသောက်ရောင်းချခြင်းနှင့် အနုပညာလက်ရာများ ခင်းကျင်းပြသခြင်းတို့ကိုလည်း ဧည့်သည်တော်များက စောင့်မျှော် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက-

E-mail: [email protected]

Ph: +95-9-450043353

Facebook Comments