Linda Mugaruka (ကော်ဖီဘုရင်မ)

          Congo ဒီမိုကရေစီနိုင်ငံရဲ့ စီးပွားရေးထိုးကျသွားခြင်းကနေ ဆွဲထုတ်နိုင်တဲ့ အရာတစ်ခုရှိမယ်ဆိုရင် အဲဒါက အကောင်းဆုံးကော်ဖီ ဖြစ်နိုင်ပါတယ်။ စစ်ဖြစ်ပွားချိန် အပင်တွေ ပြုန်းတီးချိန်မတိုင်ခင်က Congo နိုင်ငံအရှေ့ပိုင်းက ကမ္ဘာ့ကော်ဖီ ထုတ်လုပ်သူ အများဆုံးထဲက တစ်နိုင်ငံဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အပင်တွေကို ပြန်လည်စိုက်ပျိုးလာကြပြီး ကော်ဖီမြည်းစမ်းသူတွေက စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအတွက် အကောင်းဆုံးကော်ဖီများ ထုတ်လုပ်လာနိုင်ရန် ကူညီဖို့ လိုအပ်လာကြပါတယ်။

          အသက် ၂၅ နှစ်အရွယ် Linda Mugaruka က Congo နိုင်ငံက ကော်ဖီ မြည်းစမ်း ပညာရှင် အနည်းစုအတွင်းက တစ်ဦးဖြစ်ပြီး တစ်ဦးတည်းသော အမျိုးသမီး ကော်ဖီ မြည်းစမ်းပညာရှင်လည်း ဖြစ်ပါတယ်။ Congo နိုင်ငံက ကော်ဖီကို ဘယ်လိုအဆင့်အတန်းခွဲရမလဲဆိုတာ သိလာခြင်းက စိုက်ပျိုးသူတွေအတွက် နည်းပညာပိုင်းဆိုင်ရာ တိုးတက်လာဖို့သာမက အရည်အသွေးမြင့် ထုတ်လုပ်ထားတဲ့ ကော်ဖီများကို ပေးစွမ်းနေတဲ့ အပြည်ပြည် ဆိုင်ရာဝယ်ယူသူများကို ဆွဲဆောင်ဖို့အတွက်ပါ ကူညီနိုင်မှာ ဖြစ်ပါတယ်။ ကော်ဖီမြည်းစမ်းပညာရှင်များကို အမှန်တကယ် လိုအပ်နေတာကြောင့် နိုင်ငံတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းပေါများတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

          ဒီလိုအကြောင်းပြချက်တွေကြောင့် Bukavu ရဲ့ ကော်ဖီမြည်းစမ်းတဲ့ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်နေတဲ့ Mugaruka က မြည်းစမ်းသူမျိုးဆက်သစ်များကို လေ့ကျင့်ပေးလျက် ရှိပါတယ်။ Congo နိုင်ငံက အမျိုးသမီးများကို ကော်ဖီရဲ့ ရှုပ်ထွေးတဲ့အချက်များ၊ ထိတွေ့ ခံစားရမယ့်အချက်များနှင့် အနံ့၊ အရသာတွေကို အပတ်စဉ် စမ်းသပ်ခြင်းတို့ကို သင်ကြားပေးတာကြောင့် စိုက်ပျိုးရေးတွေမှာလည်း တိုးတက်လာစေပါတယ်။ သူမက ကော်ဖီမြည်းစမ်းပညာရှင်များမှာ အမျိုးသမီးများ ပိုမိုပါဝင်လာဖို့အတွက် မျှော်လင့်နေပါတယ်။ သူမက “ကျွန်မက ပထမဦးဆုံးကော်ဖီမြည်းစမ်းပညာရှင်ဖြစ်ပေမယ့် နောက်ဆုံးတော့ အဖြစ်မခံပါဘူး”လို့ ဆိုပါတယ်။ အကောင်းစား ချောကလက်နဲ့ လက်ဖက်ရည် ထုတ်လုပ်သူများအတွက်လည်း မြည်းစမ်းပညာရှင်တွေ လိုအပ်ပြီး ဒီအလုပ်နှစ်ခုစလုံးက Congo နိုင်ငံတွင်းမှာ အလုပ်လုပ်မယ်ဆိုရင်တော့ အကျိုးအမြတ်များ ရရှိမှာဖြစ်ပါတယ်။

          Mugaruka က  အခုဆိုရင် ကော်ဖီအကြောင်းကို ကျွမ်းကျင်နားလည် သူအဖြစ် အမြင့်ဆုံးအဆင့်ကို ရရှိထားသူလည်းဖြစ်ပါတယ်။ သူမက သူမများများသင်ယူနိုင်လေ ကော်ဖီမြည်းစမ်းသူများကို များများလေ့ကျင့် ပေးနိုင်လေလို့ ပြောထားပါတယ်။ “ကျွန်မတို့ အတူတကွလုပ်ဆောင်မယ်ဆိုရင် လူတွေက Congo ဆိုတာကို ကြားတာနဲ့ စစ်ပွဲကို မဟုတ်ဘဲ ကော်ဖီကို သတိရလာကြမှာပါ” လို့ သူမက ပြောပါတယ်။

ဆုမြတ်ဦး

Facebook Comments