Health Benefits of Food ကြက်ဥ (Healthy Recipe and Health Benefits of Egg)

by Syi Lwin Foods Garden for Food Magazine

          “ကြက်ဥ” ရဲ့  သမိုင်းကြောင်းကို ဦးစွာလေ့လာကြည့် မည်ဆိုလျှင် BC 3200 ကတည်းက အီဂျစ်နိုင်ငံနှင့် တရုတ် နိုင်ငံတို့ကစ၍ ကြက်၊ ငှက်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြပြီး ၄င်းအချိန်ကတည်းက ကြက်၊ ငှက်၊ ဥများကို စတင်စားသုံးလာကြပါတယ်။ အမေရိကန်နိုင်ငံကို ကိုလံဘတ်စ် (Columbus) စတင်ရောက်ရှိချိန်မှာ ကြက်၊ ငှက်များကို သယ်ယူပြီး မွေးမြူခြင်းများကို ပြုလုပ်ခဲ့ကာ ၄င်းအချိန်မှစတင်၍ တရားဝင် ကြီးကျယ်ခမ်းနားစွာ ကြက်၊ ငှက်၊ ဥများကို စတင်စားသုံးခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ လူအများစုကတော့ ကြက်ဥကိုသာ အစားများကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာ မွေးမြူထားတဲ့ ကြက်အမျိုး အစားပေါင်း ၂၀ဝ ကျော် ရှိပါတယ်။ အမေရိကားမှာတော့ အများဆုံးမွေးပြီး အစားအများဆုံး ကြက်ဥကတော့ Single-Comb White Leghorns အမျိုး ဖြစ်ပါတယ်။

          ကြက်ဥ၊ ကြက်မွေးမြူသော နိုင်ငံရဲ့ အစားအစာ၊ ရေနဲ့ မြေအပေါ်မူတည်ပြီး ကြက်ဥရဲ့ အရောင်၊ အရွယ်အစား ၁၀ မျိုးလောက် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့သုတေသနပြုချက်မှာ ဖော်ပြထားပါတယ်။ ၁၉၂၀ ပြည့်နှစ် နှင့် ၁၉၃၀ ပြည့်နှစ်တို့ကစ၍ အိမ်နောက်ဖေးမှာ ကြက်မွေးမြူခြင်းကို ကျယ်ပြန့်စွာ မွေးမြူပြီး မိသားစုများအတွက် လတ်ဆတ်တဲ့ကြက်ဥကို စားသုံးနိုင်သလို ပိတ်ရက်ဖြစ်တဲ့ လယ်သမားဈေးတွေမှာလည်း လတ်ဆတ်တဲ့ ကြက်ဥရောင်းချခြင်းများက ခေတ်စားလာခဲ့ပါတယ်။

          ကြက်ဥကို ပြုတ်၊ ကြော်၊ ချက်၊ မုန့်များ၊ အချိုပွဲများမှာ စားဖိုမှူးများနဲ့ အိမ်ရှင်မများက နည်းမျိုးစုံနဲ့ ချက်ပြုတ်ပြီး စားသုံးဖူးသူ အများအပြားရှိကြပေမယ့် ကြက်ဥကို တစ်ပတ်မှာ ဘယ်လောက် စားသုံးသင့်သလဲဆိုတာကိုတော့ သိတဲ့သူနည်းပါးနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ တစ်ပတ်မှာ ကြက်ဥ ဘယ်လောက်စားသုံးသင့်သလဲဆိုတာကို အားလုံးလေ့လာသိသင့်ပါတယ်။ ကြက်ဥမှာ အရသာအာဟာရ ပြီးပြည့်စုံအောင် ပါဝင်တာကြောင့် ဘာကြောင့်များ ကြက်ဥကို သင့်တင့်မျှတအောင် စားသုံးသင့်သလဲဆိုတာ ဒီလမှာ လေ့လာနိုင်အောင် Health Benefits of Food မှာ Benefits of Egg article နဲ့အတူ Semolina & Egg Pudding လုပ်နည်းလေးနှင့်အတူ ပူးတွဲပြန်လည်မျှဝေလိုက်ပါတယ်။

          ကြက်ဥဟာ ဈေးပေါတဲ့အစားအစာတစ်မျိုးဖြစ်သလို စွယ်စုံအသုံးတော်ခံတဲ့ သုံးပန်လှဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ လုံးဝကြက်ဥမစားသူတွေရှိသလို မကြိုက်တဲ့အတွက် မဖြစ်မနေမှသာ စားသူတွေလည်း ရှိပါတယ်။ အချို့ကိုယ်ခန္ဓာလှပချင်သူတွေ၊ အားကစားလုပ်သူတွေကလည်း ကြက်ဥတွေဟာ ကယ်လိုရီတက်တဲ့အတွက် စားဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ ကြက်ဥဟာ အဆာခံစေပါတယ်။ မနက်စောစော ကြက်ဥစားလေ့ရှိတဲ့သူများဟာ အခြားအစားအစာစားတဲ့သူတွေထက် အဆာခံစေပါတယ်။ မနက်စာကို ကြက်ဥစားထားသူတွေရဲ့  ခန္ဓာကိုယ်ထဲမှာ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းပမာဏ နည်းပါးနေတာမို့ နေ့လယ်စာကို နည်းနည်းပဲ စားဖို့လိုပါတယ်။ အဲဒီလိုဆိုလျှင် ကယ်လိုရီတွေလည်း သိပ်မတက်ပါဘူး။

          ကြက်ဥကို ကြော်ချင်ကြော်၊ ပြုတ်ပြီး ဆားနဲ့ပဲစားစား၊ ခရမ်းချဉ်သီးနဲ့ရောပြီး ချက်တာပဲဖြစ်ဖြစ် အမျိုးမျိုးစားသုံးလို့ရသလို ချက်ပြုတ်တဲ့အချိန်လည်း မကုန်တာကြောင့် ကြက်ဥဟာ  ယနေ့ခေတ် လူမှုဘဝတွေထဲမှာ အလွန်အရေးပါတဲ့ အစားအစာဖြစ်နေပါတယ်။ ကြက်ဥကို အစားအစာအဖြစ် အချိန်မရွေးစားသုံးလို့ရသလို ကြက်ဥအခွံကိုလည်း ကမ္ဘာတစ်ဝန်းရှိ ပန်းချီ၊ ပန်းပု အနုပညာရှင်များက မျိုးစုံ တီထွင်ကြပါတယ်။ အများဆုံး အတွေ့များတာကတော့ လက်ဝတ်ရတနာ၊ ပန်းချီကားချပ်၊ အလှထားကြက်ဥ အရုပ်များကို နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ သူမတူအောင် တီထွင်ကြပါတယ်။ နာမည်ကြီး Artist Designer တီထွင်ထားတဲ့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ကျောက်မျက်ရတနာ၊ ရွှေများဖြင့် ပြုလုပ်ထားတဲ့ ကြက်ဥအခွံတောင် ရှိပါတယ်။ ကြက်ဥကတော့ အကာ၊ အနှစ်တင်မက အခွံပါ အသုံး ဝင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ကြက်ဥစားသုံးတာနဲ့ ပတ်သက်ပြီး The Small Change Diet ရဲ့ စာရေးဆရာ Keri Gans က “သာမန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကို ကြက်ဥ ၂ လုံးလောက် စားသုံးတာ အကောင်းဆုံးပါ” လို့ ပြောထားပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး သတိထားရမယ့်အချက်ကတော့ ကြက်ဥတွေမှာ အဆီလည်း ပြည့်ဝနေတာကြောင့် မျှတအောင် စားသုံးတတ်ဖို့တော့ လိုအပ်ပါတယ်။

          ကြက်ဥအနှစ်ထဲမှာ ဗီတာမင်အဆီတွေပါဝင်တာ ကြောင့် တကယ်လို့ အနှစ်ကို ဖယ်စားရင် အဆီကို ရှောင် ပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့အာဟာရတွေကိုလည်း ဖယ်ရှားပစ်သလို ဖြစ်နေတယ်ဆိုတာလည်း သတိပြုဖို့လိုအပ်ပါတယ်။ ကြက်ဥအနှစ်ကို ကိုလက်စထရောများတယ်ဆိုပြီး လူတွေက ရှောင်လေ့ရှိပါတယ်။ သို့ပေမယ့် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနအရ ကြက်ဥအနှစ်မှာပါတဲ့ ကိုလက်စထရောဟာ သွေးတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောတွေကို မြင့်တက်စေတယ် ဆိုတာ မဟုတ်ဘူးဆိုပြီး ရှာတွေ့ခဲ့ပါတယ်။ ရှာဖွေတွေ့ရှိ ချက်အရ ကြက်ဥအနှစ်မှာ ဗီတာမင်များနှင့် သတ္တုဓာတ်များ အပါအဝင် ဆားဓာတ်ပါ အများအပြားပါဝင်နေပါတယ်။ ဒါ့အပြင် လူတင်း (Lutein)နှင့် ဇီဇန်သင်း (Zeaxanthin)ခေါ်  အင်တီအောက်ဆင့်ဒင့်တွေပါလို့ မျက်စိရောဂါများဖြစ်တဲ့ အတွင်းတိမ်နှင့် အသက်ကြီးလာလို့ ဖြစ်တတ်တဲ့ မြင်လွှာနဲ့ဆိုင်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ လေ့လာချက်များအရ ကြက်ဥတစ်လုံးစားလိုက်ပါက တော်ရုံနဲ့ အစာထပ်မဆာတော့သည့်အပြင် ပရိုတင်းဓာတ်လည်း များပြားစွာ ပါဝင်နေတာကြောင့် ကိုယ်အလေးချိန် လျှော့ချသူတွေအတွက် ကြက်ဥကို ပုံမှန်စားသုံးခြင်းဖြင့်လည်း ဝိတ်ကျစေနိုင်ပါတယ်။ ကြက်ဥက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ စိုးရိမ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်။

          ကြက်ဥမှာ လူတင်း (Lutein)နဲ့ ဇီဇန်သင်း (Zeaxanthin)စတဲ့ ပရိုတင်းဓာတ်တို့ များစွာပါဝင်တာ ကြောင့် အသက်ကြီးချိန်မှာဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration)နဲ့ အတွင်း တိမ်ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်။

          တစ်နေ့ကို ကြက်ဥတစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာနေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး လေ့လာသူများက ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥကို ပုံမှန် တစ်နေ့တစ်လုံးစားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်။

          ကြက်ဥအနှစ်မှာ ဗီတာမင်ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာ ကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင်မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။

ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

          ကြက်ဥစားတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥနှစ်လုံးအောက် လျော့နည်းပြီး စားတာ က ရင်သားကင်ဆာဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပ စေပါတယ်။

          ကြက်ဥမှာ ဆာလဖာပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေခြင်း၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေခြင်း စတဲ့အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှုကောင်းစေတာကြောင့် အသားအရေကို လှပစေခြင်း၊ လက်သည်းတို့ကို သန်စွမ်းစေခြင်းနှင့် ဆံကေသာကို တောက်ပစေခြင်း စတဲ့အစွမ်းသတ္တိတွေကို ပေးစွမ်း နိုင်ပါတယ်။

ကြွက်သားကို ဖွံ့ ဖြိုးစေပါတယ်။

          ကြက်ဥ ထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို အားကောင်းစေပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။

          နံနက်စာအနေနဲ့ ကြက်ဥစားပေးတာက  အဝလွန်နေ သူတွေနဲ့ ကိုယ်အလေးချိန် များနေသူတွေကို ကိုယ်အလေးချိန်ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနားပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရှိရပါတယ်။ နံနက်စာအနေနဲ့ ကြက်ဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ပြီး ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

          အထက်မှာ ဖော်ပြခဲ့တဲ့ ကြက်ဥအကြောင်းအရာများမှာ ဈေးကြီးပေးစရာမလိုဘဲ တစ်နှစ်ပတ်လုံး လက်တစ်ကမ်းမှာ အလွယ်တကူ ဈေးနှုန်းချိုသာစွာရရှိနိုင်တဲ့ ကြက်ဥကို ပုံမှန် နေ့စဉ်စားသုံးသင့်ပါကြောင်း အကြံပြုရင်း ဗဟုသုတလေးများ အားလုံး လေ့လာမှတ်သားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။ နောက်လတွေမှာလည်း ပြန်လည် ဆုံတွေ့ကြမယ်နော်။

မှတ်ချက်- စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Birds & Fowl Eggs နဲ့ ပတ်သက်လို့ သင်ခဲ့ရတဲ့ ဗဟုသုတလေးများ http://www.whfoods.com/com နဲ့ hellosayarwon.com အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ ကြက်ဥစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါ ပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

Healthy Eating and Happy life…

Syi Lwin (foodsgarden)

ကြက်ဥရွှေကြည်ပူတင်း

(Semolina & Egg Pudding)

          ကလေးသူငယ်တွေကနေ လူကြီးများအထိ အချိန်မရွေးစားသုံးနိုင်တဲ့ အချိုပွဲလေးကို အိမ်မှာ အချိုတည်းစရာကုန်လို့ ဘာလုပ်ပေးရမှန်းမသိ ဖြစ်နေချိန်မှာ အကူအညီပေးမယ့် မအီမချို ဆိမ့်ဆိမ့်အရသာလေးနဲ့ အလွယ်တကူပြင်ဆင်လို့ ရရှိနိုင်တဲ့ ပူတင်းအချိုပွဲလေးပါ။ လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၅ လုံး (အလုံးကြီး)

သကြားဖြူ  –  စားပွဲဇွန်း ၃ ဇွန်း

မုန့်ဖုတ်ဂျုံနု  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

သစ်ကြံပိုးမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ရွှေကြည်မှုန့်အနု  –  စားပွဲဇွန်း ၃ ဇွန်း

ဆော်ဒါပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့  –  ၁  ၁/၂ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ပြုလုပ်နည်း

၁။       ဖန်ဇလုံခွက်အကြီးကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး လက်ကိုင်မွှေစက်ဖြင့် မွှေပါ။

၂။       အပူခံနိုင်သော မုန့်ဖုတ်ကြွေဗန်းထဲ ရောမွှေထားသော အရည်ထည့်ပါ။

၃။       အာဗင်ကို အပေါ်မီး၊ အောက်မီးများဖြင့် ၂၀ဝ ဒီဂရီ အပူချိန်ဖြင့် မိနစ် ၂၀ ခန့် ဖုတ်ပါ။

၎။       ပူတင်းကို တင်းတင်းတူးတူးလေးကြိုက်လျှင်  နောက်ထပ် ၅ မိနစ်ခန့် ထပ်ဖုတ်ပါ။ အနည်းငယ် အအေးခံ၍ တစ်ယောက်စာ ပန်းကန်ပြားထဲ ထည့်ပြီး ကြိုက်နှစ်သက်ရာ ဗနီလာဆော့စ်၊ သကာရည်၊ ချောကလက်ဆော့စ်၊ အသီးအနှံဆော့စ်တို့ဖြင့် တွဲပြီး စားလို့ရပါပြီ။ ကြိုက်နှစ်သက်ရာ ရေခဲမုန့်နှင့်လည်း တွဲစားလို့ရပါတယ်။

Facebook Comments