Health Benefits of Food အုန်းသီး (Healthy Recipe and Health Benefits of Coconut)

by Syi Lwin (foodsgarden) for Food Magazine

          အုန်းပင်အသေးဖြစ်စေ၊ အပင်ကြီးဖြစ်စေ အုန်းသီးတွေ အခိုင်လိုက်သီးနေတာကို မြင်တွေ့တာနဲ့ ပျော်ရွှင်ဖွယ်ကောင်းသော ခံစားမှုမျိုးကို ရရှိစေပါတယ်။ အုန်းပင်တွေကို ပင်လယ်ကမ်းစပ်ကျွန်းတွေမှာ အစိုက်များပြီး  အုန်းသီးတွေ အခိုင်လိုက်သီးနေတာကိုမြင်ရင် လူတွေရဲ့စိတ်ကို လန်းဆန်းတက်ြွကစေတဲ့ ခွန်အားတွေပေးပါတယ်။ အုန်းသီးမှာ အရွယ်အစားအမျိုးမျိုးရှိပါတယ်။ ကမ္ဘာအနှံ့ ဟိုတယ်တွေ၊ စားဖိုမှူးတွေရဲ့  အကြိုက်ဆုံး လျှို့ဝှက်အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။ အုန်းခွံနှင့် အုန်းပင်သေးလေးတွေဆို ဟိုတယ်တွေ၊ အိမ်တွေစသည်ဖြင့် နေရာတွေမှာ အလှဆင်ဖို့ အသုံးပြု၊ အသုံးဝင်သလို အုန်းခွံနဲ့ ပြုလုပ်ထားတဲ့ အုန်းခွံ ပန်းကန်၊ ဇွန်း စတဲ့ ပစ္စည်းတွေလည်း အစားအစာတွေကို လှလှပပထည့်ပြီး အသုံးပြုကြပါတယ်။ အုန်းသီးတစ်လုံးဆို လျှင် ဘာမှပစ်စရာမလိုအောင် တန်ဖိုးရှိပါတယ်။ အုန်းသီးရဲ့ အုန်းဆံခွံကိုတောင် တချို့နိုင်ငံတွေမှာ လောင်စာအဖြစ် အသုံးပြုကြသလို တချို့နိုင်ငံတွေမှာ အပင်စိုက်တဲ့နေရာ မှာလည်း အသုံးပြုကြပါတယ်။ အုန်းသီးခွံကို  အိမ်တွင်း အလှဆင် မီးဆိုင်း၊ အလှတင် အရုပ်၊ အုန်းသီးခွံ ပန်းကန် လုံးများကိုလည်း အတော်များများ အသုံးပြုလာကြပါတယ်။ အုန်းသီးအခွံကို အခုခေတ်အခါမှာ ဖက်ရှင်ဆန်ဆန် ဝတ်ဆင်လို့ရအောင် ပြုလုပ်ထားတဲ့ Accessories တွေလည်း အများကြီး ရှိလာပါတယ်။ အသားအရေလှပစေဖို့ အလှကုန်ပစ္စည်းများမှာလည်း ရာခိုင်နှုန်းအများဆုံး ပါဝင်ကြပါတယ်။ အုန်းသီးဟာ ကျန်းမာရေးအတွက် ဆေးဝါးထုတ်လုပ် အသုံးပြုရာမှာလည်း အရေးပါတဲ့ အသီး ဖြစ်ပါတယ်။  အုန်းသီးရဲ့အထဲမှာ သဘာဝအတိုင်းဖြစ်ပေါ် နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးများကို လေ့လာသင်ယူ ဖတ်မိ၊ မှတ်မိထားသလောက် သိကောင်းစရာလေးများကို အားလုံးအတွက် ကျန်းမာရေးနှင့် ညီညွတ်စွာ အုန်းသီးကိုစားသုံးပြီး လေ့လာနိုင်စေဖို့ ဒီလရဲ့ Health Benefits of Food မှာ Benefits of Coconut article နဲ့အတူ Coconut Chocolate Cakeလုပ်နည်းလေးကိုပါ ပူးတွဲ ပြန်လည် မျှဝေလိုက်ပါတယ်။

          အုန်းသီးစိမ်းရည်၊ အုန်းနို့၊ အုန်းသီး၊ အုန်းနို့ခရင်မ် စသည်တို့ကိုတော့ လူတိုင်း ပင်လယ်ကမ်းစပ်ရောက်ဖူးမှ မဟုတ်ပါဘူး၊ စားဖူးကြမှာပါ။ ပင်လယ်ကမ်းခြေကို အလည်သွားပြီဆိုရင်လည်း အုန်းသီးစိမ်းထဲက အုန်းရည်နဲ့ အုန်းသီးဖတ်နုနုကို စားသောက်လိုက်မှ ပင်လယ်ကမ်းခြေကို အလည်ရောက်တဲ့ ခံစားမှု ပိုပြီးပြီးပြည့်စုံပါတယ်။ ပင်လယ်ကမ်းစပ်ကို မရောက်ဖြစ်ရင်လည်း အခုဆို စူပါမားကက်တွေ၊ ဈေးထဲတွေမှာ  အုန်းသီးစိမ်းနုနု လတ်ဆတ်ကိုဝယ်ယူပြီး  အုန်းရည်ကို သောက်သုံးလို့ရနိုင်ပါတယ်။ အုန်းရည်ဟာ ချိုမြမြ ရှတတအရသာရှိတယ်ဆိုတာ လူတိုင်းက သိကြပေမယ့် အုန်းရည်၊ အုန်းသီး၊ အုန်းဆီတို့ အသုံးဝင်ပုံရဲ့ ကောင်းကျိုးလျှို့ဝှက်ချက်လေးကိုတော့ သိရှိသူတွေ နည်းကြပါတယ်။

          ကမ္ဘာတစ်ဝန်းမှာ အုန်းသီးစိမ်းအရည်၊ အုန်းနို့ရည်၊ အုန်းသီးဖတ်တို့ကတော့ ဟင်းပွဲတွေ၊ အချိုပွဲတွေမှာ  အနံ့မွှေးအောင်၊ အရသာရှိအောင် ချက်ပြုတ်ပြုလုပ်ကြတဲ့အခါမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ များသောအားဖြင့် အာရှအစားအစာတွေ အတော်များများမှာ အုန်းနို့ရည်ပါဝင်ချက်ပြုတ်ကြပါတယ်။ လူသုံးကုန် အသုံးအဆောင် ပစ္စည်းများဖြစ်တဲ့ ပန်းကန်ဆေးဆပ်ပြာ၊ ကိုယ်တိုက် ဆပ်ပြာ၊ လိုးရှင်းခရင်မ်၊ ရှန်ပူ၊ ဆံပင်ဗောက်သေဆေး စသည်တို့မှာ အတော်များများထည့်သွင်း အသုံးပြုထားပါတယ်။ အုန်းသီးမှရရှိတဲ့ အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် ပုံမှန်လိမ်းပေးပါက အကောင်းဆုံး moisturizer တစ်ခုလည်း ဖြစ်စေပါတယ်။ အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းရင့်ရော်လာတဲ့ အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်။ အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေး ခရင်မ် စသဖြင့် အများအပြား ထုတ်လုပ်ကြပါတယ်။ ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါး တစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်။ ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ၊ ဗက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မဝင်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်။ အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားတဲ့ တစ်ရှူးများကို  အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်။ အုန်းဆီဟာ ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ်မှာဖြစ်တတ်သော မှိုများ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါသေးတယ်။

          ဒါတင်မကပါဘူး။ အုန်းသီးရဲ့ တခြားလျှို့ဝှက်ချက်တွေကတော့ အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါ တယ်။ အုန်းသီးဟာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်စွမ်း ရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနှင့် အရေးပေါ် သွေးရည်ကြည်သွင်းဖို့ လိုအပ်နေသူများကိုလည်း အုန်းရည်ဖြင့်  အစားသွင်းကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အသုံးဝင် အရေးပါပုံကို သိရှိသူက လူအနည်းစုလောက်သာ ရှိပါတယ်။ ခေတ်ပေါ်ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်တဲ့ အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

          အုန်းရည်ဟာ ဓာတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါ တယ်။ ကိုလက်စထရောကို ကျဆင်းစေခြင်း၊ အစာခြေ နိုင်စွမ်း မြင့်မားစေခြင်း၊ အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း၊ ဆဲလ်အသစ်များကို တိုးပွားစေခြင်း၊ ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း၊ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း၊ အာဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း၊ ဇီဝရုပ် ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း၊ ရောဂါများကို ခုခံကာကွယ်ပေးခြင်း၊ မှတ်ဥာဏ် ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း၊ ဘက်တီးရီးယားများကို သေစေနိုင်ခြင်း စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်။ အုန်းသီးအနုမှာ သန့်စင်ကောင်းမွန်တဲ့ မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှု နှုန်း နည်းပါးပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ဝယ်ယူစားသုံးမယ် ဆိုရင် အုန်းသီးအနုကို ဝယ်ယူစားသုံးသင့်ပါတယ်။  အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုက ခပ်စိမ်း စိမ်း အရောင်ရှိပြီး အုန်းသီးအရင့်က အစိမ်းရောင် နည်းပါးကာ ခပ်ဖျော့ဖျော့အညိုအရောင် ရှိတတ်ပါတယ်။ အုန်းသီးကနေရရှိတဲ့ အုန်းဆီကလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ကြတာများပါတယ်။ အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန် စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်။ အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားမှာ ဖြစ်တတ်တဲ့ ဗောက်နှင့် ဦးရေပြား ခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေတဲ့ ဆံပင်များကို ပြုပြင်ထိန်းသိမ်းဖို့အတွက်လည်း အုန်းဆီက အလွန်ကောင်းမွန် အဆင်ပြေပါတယ်။ ဒါကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေးပစ္စည်း၊ ဗောက်များ ကာကွယ် သော ပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်။ နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီဟာ သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးဌာနက ပြောဆိုထားပါတယ်။ နောက်ပြီး သွားနှင့်ခံတွင်း ကျန်းမာရေးနှင့် ဆေးဝါးရှာဖွေ ရေးမှာလည်း အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့်သွားတို့မှာ အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေ နိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အုန်းသီးက ထွက်ရှိတဲ့ပစ္စည်းများဖြစ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာမှာ အသုံးပြုကြပါ တယ်။ အချို့သောနိုင်ငံများမှာ အုန်းနို့က ဟင်းလျာ အတော်များများမှာ မပါမပြီး အသုံးပြုကြတဲ့ အရသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ်တစ်မျိုး ဖြစ်ပါတယ်။ အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစား အသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုး ရောဂါ သမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ အပူ ကန်လျှင် အုန်းရည်များများ သောက်သင့်တယ်လို့လည်း သိရပါတယ်။ တစ်နှစ်ပတ်လုံး ဈေးသင့်တင့်စွာ ဝယ်ယူလို့ရတဲ့ အုန်းသီးက လက်တစ်ကမ်းမှာရှိပြီး အစာလည်းဆေး၊ ဆေးလည်းအစာဆိုသော အသီးဖြစ်တာကြောင့် ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီများများ လိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားသုံးသင့်ပါကြောင်း အကြံပြု ဗဟုသုတလေးများ ရှယ်ရင်း ဒီလောက်နဲ့ ရပ်နားပါရစေရှင့်။ နောက်လတွေမှာလည်း ပြန်လည်ဆုံ တွေ့ကြမယ်နော်။

Healthy Eating and Happy life…..

မှတ်ချက် – စည် သင်ယူထားသည် ဘာသာရပ်တွေထဲကမှ coconut and coconut oil နဲ့ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ https://www.healthbenefits/coconut.com မှ Funzug.com နဲ့ ဒေါက်တာဇီဝက (ဆေး-၂) အချက်အလက်အသစ်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ အုန်းသီးစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

လွယ်ကူလျင်မြန်

အုန်းသီး ချောကလက်ကိတ်

(Easy Coconut Chocolate Cake)

          ချောကလက်နှင့် အုန်းသီး နှစ်ခုပေါင်းလုပ်ထားတဲ့ ကိတ်က ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်များ ရရှိစေပါတယ်။

ပါဝင်ပစ္စည်းများ

အုန်းသီးမှုန့်  –  ခွက် တစ်ဝက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ချောကလက် ကိတ်မှုန့်  –  ၁ ထုပ်  (Luxury Moist Cake chocolate 520g)

ကြက်ဥ  –  ၄ လုံး

အသီးအရွက်ဆီ  –  ၃၅၀ မီလီ

အုန်းသီးစိမ်းရည်  –  ၃၅၀ မီလီ

အုန်းသီးဖတ်  –  လိုသလောက် (အခြောက်ခံထားသော အုန်းသီးဖတ်မျှင်)

ရေ

ထောပတ်

ချောကလက်ခရင်မ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဖန်ဇလုံအကြီးထဲ ကြက်ဥ၊ ထောပတ်၊ ရေများ ထည့်ပြီး မုန့်မွှေစက်ဖြင့် အားလုံးရောသမအောင် မွှေပါ။ ပြီးလျှင် ချောကလက်ကိတ်မှုန့် ထည့်မွှေပါ။ အုန်းသီးမှုန့်များထည့်ပြီး အားလုံး ချောမွေ့ သမအောင် စက်ဖြင့် သေချာမွှေပါ။

၂။       မုန့်ဖုတ်လို့ရသော ထမင်းပေါင်းအိုးထဲ အကုန်လောင်းထည့်ပြီး အချိန် မိနစ် ၆၀ ချိန်ပြီး တည်ထားလိုက်ပါ။

၃။       ကျက်လျှင် အိုးထဲမှ ကိတ်ကို ထုတ်ပြီး မိနစ် ၁၅-၂၀  ခန့် အအေးခံကာ ချောကလက်ခရင်မ်ဖြင့် သေချာ နှံ့အောင်သုတ်ပြီး အုန်းသီးဖတ်ခြောက်များဖြင့် အလှဆင်ပါ။ ရေခဲသေတ္တာထဲ ၁၀ မိနစ်ခန့် အအေးခံထားပြီး နွားနို့၊ ကော်ဖီ၊ ရေနွေးကြမ်းတို့ဖြင့် အင်မတန်လိုက်ဖက်ပါတယ်။

*        မှတ်ချက် – ချောကလက်ကလည်း နှလုံးကျန်းမာရေးအတွက် ကောင်းမွန်သလို အုန်းသီးအုန်းရည်ကလည်း ကျန်းမာရေးအတွက် အသားအရေလှပဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အသီးဖြစ်ပါတယ်။

Facebook Comments