Health Benefits of Food အုန်းဆီ (Healthy Recipe and Health Benefits of Coconut Oil)

by Syi Lwin (Foodsgarden) for Food Magazine

          အုန်းပင်တစ်ပင်ကိုမြင်ရင် စိတ်ထဲမှာ ပျော်ရွှင်ပြီး စိတ်ချမ်းသာမှုကို ဖြစ်ပေါ်စေပါတယ်။ အုန်းပင်တစ်ပင်ရဲ့ အသုံးဝင်ပုံက အခြားအပင်တွေနဲ့ မတူပါဘူး။ အုန်းသီးဖတ်၊ အုန်းစိမ်းရည်၊ အုန်းနို့သာမက အုန်းသီးအခွံကိုလည်း အရုပ်တွေ လုပ်လို့ရပါသေးတယ်။ အုန်းသီးအခွံဆို အင်မတန် တန်ဖိုးရှိသော မီးဖိုချောင်သုံးပစ္စည်းများ၊ ဧည့်ခန်းအလှတင်ပစ္စည်းများ၊ မီးအိမ်၊ မီးခွက် စသည်ဖြင့် မျိုးစုံလုပ်လို့ရသလို အုန်းပင်ရဲ့ ပင်စည်ကိုလည်း အရုပ်ထွင်းပြီး ပန်းခြံတွေ၊ အိမ်အဝင်ဝတွေမှာ အလှထားလို့ရပါတယ်။ အုန်းရွက်ဆိုရင်လည်း ဦးထုပ်၊ ခြင်းတောင်း စသည်ဖြင့် ရက်လုပ်ကြပါသေးတယ်။ အုန်းဆီကို ကမ္ဘာတစ်ဝန်းမှာ ရှိကြတဲ့လူတွေက ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြပါတယ်။ အခုနောက်ပိုင်း အုန်းဆီကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ၊ မုန့်များပြုလုပ်ရာမှာ အသုံးပြုလာကြပါတယ်။ ခန္ခာကိုယ်ရဲ့ ကိုယ်အလေးချိန် လျှော့ချနေသူတွေ၊ ကိုယ်တွင်း အဆီဓာတ် လိုအပ်နေသောသူများအတွက် အုန်းဆီကို တစ်နေ့ လက်ဖက်ဇွန်းဖြင့် တစ်နေ့တစ်ဇွန်း သောက်သုံးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးပိုင်းဆိုင်ရာ ဆရာဝန်များကလည်း ပြောကြားထားပါတယ်။ အုန်းဆီရဲ့ ထူးခြားချက်လေးက အနံ့မွှေးတော့ အစားအစာတွေထဲမှာ သာမက  အလှကုန်ပစ္စည်းများ၊ ရေမွှေး၊ ဆပ်ပြာ စသည်တို့ ထဲမှာတောင် ထည့်သွင်းပြီး အသုံးပြုကြပါတယ်။ အုန်းဆီ ရဲ့အရသာ၊ အဆီဓာတ်သင်းရနံ့တွေက ဆွဲဆောင်မှုအပြည့် အဝရှိတာကြောင့် ကမ္ဘာတစ်ဝန်း နာမည်ရလာတဲ့ ဆီဖြစ်လာပါတယ်။ အုန်းဆီကို စူပါဆီအဖြစ်လည်း သတ်မှတ်ကြပါတယ်။ အုန်းသီးထဲမှာပါဝင်တဲ့ အဆီက ကျန်းမာရေးအတွက် အင်မတန်အထောက်အကူပြုပါတယ်။ မည်သည့် ကျန်းမာရေးအတွက် ကူညီထောက်ပံ့သလဲဆိုတော့ ကိုလက်စရောကို လျှော့ချပေးနိုင်စွမ်းရှိခြင်း၊ အစာခြေနိုင် စွမ်း မြင့်မားစေခြင်း၊ အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်နိုင်စွမ်း ရှိခြင်း၊ ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း၊ ဆဲလ်အသစ်များကို တိုးပွားစေခြင်း၊ ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း၊ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း၊ အာဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေး နိုင်ခြင်း၊ ဇီဝရုပ် ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း၊ ရောဂါ များကို ခုခံကာကွယ်ပေးခြင်း၊ မှတ်Óဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း၊ ဗက်တီးရီးယားများကို သေစေနိုင်ခြင်း တို့ကြောင့် အုန်းဆီက လူတို့အတွက် အထူးကောင်းမွန်တဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး ဆေးသုတေ သနပြုသူများကလည်း အုန်းဆီက ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်တဲ့ အဆီဖြစ်ကြောင်း အတည်ပြုထားပါတယ်။ အုန်းဆီရဲ့ ကောင်းကျိုး အာနိသင်များ သိရှိနိုင်စေဖို့  ဒီလ Healthy Food and Health Benefit မှ Benefits of Coconut Oil နှင့်အတူ Home Made Coconut Oil လုပ်နည်းလေးပါ ပူးတွဲဖော်ပြလိုက်ပါတယ်။

          အုန်းသီးကို မလေးရှားနိုင်ငံမှာ နှစ်ပေါင်း ၃၀ဝ၀ – ၄၀ဝ၀ ကတည်းက စိုက်ပျိုး စားသုံးလာကြတယ်လို့ သမိုင်းကျမ်းစာများမှာ ဖော်ပြထားပါတယ်။ ၁၉ ရာစုနှစ်မှာတော့ ဒတ်ခ်ျလူမျိုးတွေရဲ့ကူညီမှုနဲ့ Ceylon မှာ အုန်းသီး ကို စီးပွားဖြစ်စိုက်ပျိုးပြီး နိုင်ငံတကာကို စတင် တင်ပို့ ရောင်းချခဲ့ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အပူပိုင်းဒေသရှိ ကမ်းရိုးတန်းနံဘေးများမှာ အများအပြား စိုက်ပျိုးလာကြပါတယ်။ အဓိက စီးပွားဖြစ် စိုက်ပျိုးသော နိုင်ငံများက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ စိုက်ပျိုးမှုနှုန်း နှစ်ဆတိုးမြှင့်လာခဲ့ပါတယ်။ အုန်းဆီကို ၈ ရာခိုင်နှုန်းလောက်ပဲ တစ်ကမ္ဘာလုံးက အသုံးပြုကြပါတယ်။ အုန်းဆီရဲ့ အကျိုးကျေးဇူးတွေကို အားလုံးသိရှိနိုင်စေဖို့ မျှဝေပေးရ မယ်ဆိုရင် အုန်းဆီဟာ အမျိုးမျိုးသော ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို ပျောက်ကင်းစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ ကျောရိုးမကြီး ကင်ဆာ၊ အနောက်တိုင်းက အမျိုးသမီးတွေ အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ အခြားသော ကင်ဆာအမျိုးအစားတို့ကိုလည်း ကာကွယ်ပေးပါတယ်။

          လူအများသိထားတာကတော့ အုန်းဆီကို ခေါင်း လိမ်းဆီအဖြစ်နဲ့သာ အသုံးများကြပါတယ်။ တချို့သော ပျိုမေများကတော့ အုန်းဆီကို ကြိုက်နှစ်သက်ခြင်း မရှိကြပါဘူး။ ခေတ်ပေါ် Hair Coat စတဲ့ ဆံကေသာသုံး အလှကုန် နိုင်ငံခြားက ထုတ်လုပ်တဲ့ပစ္စည်းများကိုသာ စွဲလမ်းအားပေးတတ်ကြပါတယ်။

          အုန်းဆီကို ဘယ်လိုသုံးလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာဟောင်း (၁၉ ရာစုမတိုင်မီ)နဲ့ ကမ္ဘာသစ်ကို ခွဲခြားလိုက်မယ်ဆိုရင် အဘိုးအဘွားလက်ထက်တွေတုန်းက  အုန်းဆီကို ဆံကေသာအတွက် အဓိကထားအသုံးပြုခဲ့ကြ ပါတယ်။ ကျန်းမာရေးအတွက် အခြားနိုင်ငံတွေမှာတော့ အလှအပအတွက်သာမက ထိပ်ပြောင်ခြင်း၊ ပွန်းပဲ့ခြင်း၊ မီးလောင်ဒဏ်ရာ၊ ပန်းနာ၊ အအေးမိဖျားနာ၊ ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း၊ ဖျားနာခြင်း စတဲ့နေရာတွေအတွက် အသုံး ပြုကြပါတယ်။ ခေတ်သစ်မှာတော့ ယားနာ၊ ရေယုန်၊ ဝက်သက်၊ ဒက်နဲ့ အရိုးပွရောဂါတွေမှာပါ အသုံးပြုနိုင်တဲ့အထိ ထွန်းကားတိုးတက်ခဲ့ပါတယ်။ ကျောက်ကပ်နဲ့ အသည်း ရောဂါတွေအတွက်လည်း ကာကွယ်ပေးပါတယ်။ အုန်းဆီမှာ Lauric Acid ပေါကြွယ်ဝပါတယ်။

          အုန်းဆီဟာ ကိုယ်တွင်းအပူချိန် (သွေးဖိအား)ကို ကောင်းမွန်စေပြီး အုန်းဆီထဲမှာပါရှိတဲ့ ဖက်တီးအက်ဆစ် တွေကို လောင်ကျွမ်းစေတဲ့အတွက် ကိုယ်တွင်းအင်္ဂါများကို တိုးတက်ကောင်းမွန်စေပါတယ်။

          ခံတွင်းကျန်းမာရေး –  အုန်းဆီဟာ ခံတွင်းရှိ အနံ့ အသက်ဆိုးများကို ဖယ်ရှားပေးပြီး သွားပျက်စီးခြင်း၊ သွားဖုံးရောဂါများအတွက်လည်း ကာကွယ်ပေးပါတယ်။ သွားကို အုန်းဆီနဲ့ရောပြီး တိုက်ပေးပါက ခံတွင်းအနံ့ ကောင်းမွန်ပြီး သွားတွေ ကျန်းမာသန်မာလာစေမှာ ဖြစ်ပါတယ်။

          ကေသာကို အကျိုးပြု – အုန်းဆီဟာ ကေသာ တွင်းမှာရှိတဲ့ ပရိုတင်းဓာတ်တွေကို ပိတ်ဆို့ထားနိုင်တဲ့ အတွက် ကေသာတွင်း ပရိုတင်းဓာတ်ဆုံးရှုံးမှု မဖြစ် တော့ပါဘူး။ ပိုးသားလေးလို ရွှန်းစိုသန်စွမ်း တောက်ပြောင် စေပြီး ဒက်၊ ဗောက်ပေါက်ခြင်းမှလည်း ကင်းဝေးစေပါ တယ်။ အုန်းဆီဟာ အသားအရေကိုလည်း ရွှန်းစိုစေပြီး ဝက်ခြံကိုလည်း အမြန်ဆုံး ကုသပေးနိုင်ပါတယ်။ အုန်းဆီ ကို အရေပြားအတွက် ပုံမှန်အသုံးပြုပေးမယ်ဆိုရင်  အရေ ပြားအတွက် ပြဿနာတွေဟာ နောက်နောင်ဖြစ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။ တောင်ပစိဖိတ်ကျွန်းက ကျွန်းသား၊ ကျွန်းသူတွေဟာ အုန်းဆီကို နေ့စဉ်ပုံမှန် အသုံးပြုကြပါတယ်။ အဲဒီ ကျွန်းသား၊ ကျွန်းသူတွေအားလုံး အသား အရေတောက်ပြောင်ပြီး လှပချောမွေ့ကြပါတယ်။

          အပြင် နေရောင်ထဲမသွားခင် အုန်းဆီလိမ်းပြီးမှ သွားလေ့ရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  အုန်းဆီက အကောင်းဆုံး နေရောင်ကာ ခရင်မ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အုန်းဆီကို နေလောင်ဒဏ် အသားအရေများအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ ခြေဖဝါးကွဲအက်တဲ့အခါမျိုးမှာ အုန်းဆီနဲ့ ခြေဖနောင့်ကို ပုံမှန်လိမ်းပေးခြင်းဖြင့် ခြေဖဝါးကွဲတာကို သက်သာပျောက်ကင်းစေပါတယ်။

          အုန်းဆီနဲ့ ဝိတ်ချမယ်ဆိုရင် အုန်းဆီက ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန် ဖြောင့်ဖြူးသွက်လက်စေတာမို့  ကိုယ်တွင်းရှိ  အဆီပိုများကို ဖယ်ရှားပေးပြီး အားအင်ကြွက်သားအဖြစ်ကို ဖန်တီးပေးပါတယ်။ ဒီလိုနဲ့ ကိုယ်အလေးချိန်တိုးခြင်းမှ တစ်ခါတည်း ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။

          အုန်းဆီရဲ့ လျှို့ဝှက်ချက် – အုန်းဆီက ဆံပင်နက် မှောင်ပြောင်လက်၊ ဆံသားချော၊ ဆံပင်သန်စေတယ်။ ဦးရေပြားအေးမြစေပြီး ဗောက်ပျောက်စေတယ်။ ဦးရေပြားပေါ် ဆီလိမ်း၍ နှိပ်နယ်ပေးခြင်းဖြင့် ချက်ချင်း ပေါ့ပါးလန်းဆန်းလာပြီး ခေါင်းကိုက်ပျောက်စေပါတယ်။

          နံနက်အိပ်ရာထ သွားမတိုက်ခင် ပါးစပ်တစ်ဝိုက်ကို မိနစ် ၂၀ ခန့် ကြို၍ အုန်းဆီလိမ်းပေးခြင်းက ခန္ဓာကိုယ် အဆိပ်အတောက်ပြေစေပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေရုံသာမက သွားများကိုလည်း ဖြူဖွေးစေနိုင်ပါတယ်။ မကြာခဏ ရေကိုင်ရတာကြောင့် လက်သည်း၊ ပန်းကုန်းခေါ် လက်သည်းအရင်းရှိ အခွံမာနေရာမှာ အရေပြားလန်၍ နာကျင်ခြင်းနှင့် အရေပြားတွန့်ခြင်းများအတွက် တစ်နေ့နှစ်ကြိမ် အုန်းဆီလိမ်းပေးရုံမျှဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။

          အုန်းဆီက ဦးရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆံပင်နှစ်ခွဖြစ်ခြင်းနှင့် ဆံသားကြမ်း၍ မွဲခြောက် ခြောက်ဆံပင်များကို ကောင်းကျိုးဖြစ်စေပါတယ်။ အသားအရေ ပပ်ကြားအက်လေ့ရှိသူများနှင့် အရေပြားကြမ်း ထော်သူများအတွက် အုန်းဆီကို လိုးရှင်းအဖြစ် ခပ်ပါးပါး လိမ်းပေးနိုင်ပါတယ်။ နှုတ်ခမ်းသား ခြောက်သွေ့ကွဲအက်လေ့ရှိသူများအတွက် ညအိပ်ရာဝင်ခါနီးမှာ နှုတ်ခမ်း နှစ်လွှာပေါ်ကို အုန်းဆီလိမ်း၍ အိပ်ပါ။ အုန်းဆီက မျက်နှာပေါ်ရှိ မိတ်ကပ်နှင့် Mascara တွေကို ကုန်စင်အောင် ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ အုန်းဆီက မျက်နှာပေါ်မှ အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် အရေးအကြောင်းဖြစ်ပေါ်လေ့ရှိတဲ့ နေရာများဖြစ်ကြတဲ့ မျက်ဝန်းနှင့် နှုတ်ခမ်းတစ်ဝိုက်ပေါ်ကို အုန်းဆီလိမ်းပေးနိုင်ပါတယ်။ မျက်ကွင်းညိုသူများလည်း လိမ်းပေးသင့်ပါတယ်။ (သို့သော် ဆီများပိုလျှံ၍ မျက်လုံးထဲ စိမ့်မဝင်စေဖို့အတွက် သင့်ရုံသာသုံးစွဲပါ။)

          အုန်းဆီကို နေ့စဉ်အစားအစာတွေထဲ၊ မုန့်ထဲထည့်ပြီး ပြုလုပ်ခြင်း၊ အသုပ်သုပ်လျှင် ထည့်သုပ်ခြင်း၊ နေ့စဉ်ပုံမှန် သောက်ပေးခြင်းများ ပြုလုပ်သင့်ပါတယ်။ အုန်းဆီမှ ရရှိ စေနိုင်သော ကောင်းကျိုးဗဟုသုတများကို မျှဝေရင်း ဒီလောက်နဲ့ ရပ်နားပါရစေရှင်။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော်။ Healthy Eating and Happy Life …

မှတ်ချက်- စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Benefit Fruit and Vegetable Oil နဲ့ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ https://www.organicfacts.net နဲ့ https://authoritynutrition.com/foods/coconutoil အချက်အလက်များနှင့်အတူ၊ ရေးသားဖော်ပြထားတာတွေနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ အုန်းဆီစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

Syi Lwin (foodsgarden)

အိမ်လုပ် အုန်းဆီ

(Home Made Coconut Oil)

          ကိုယ်တိုင် အိမ်မှာလုပ်တဲ့ အုန်းဆီကတော့ ကိုယ့်စိတ်တိုင်းကျ ကိုယ်သုံးချင်တဲ့ ပုံစံအပေါ်မူတည်ပြီး လုပ်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

အုန်းသီးအရင့် –  ၂ လုံး (အုန်းသီးအသားများခြစ်ထားပါ)

ရေ –  ၄ ခွက်

ပြုလုပ်နည်း

၁။       ရေနှင့် ခြစ်ထားသော အုန်းသီးဖတ်များကို အအေးဖျော်တဲ့စက်ထဲ ထည့်ကြိတ်ပါ။

၂။       ရလာသော အုန်းသီးအရည်များကို ချည်အိတ်ထဲ ထည့်ပြီး အရည်များညှစ်၍ စစ်ယူပါ။

၃။       ရလာသောအရည်ကို ဇောက်နက်အိုးထဲ ထည့်ပြီး မီးမျှင်မျှင်ဖြင့် တည်ပါ။ မကြာခဏ မွှေပေးပါ။

၎။       အဆီဝေ့တက်လာပါလိမ့်မယ်။ မလိုအပ်သော အဆီ အခဲတွေနဲ့ အမြှုပ်တွေတက်လာလျှင် ဖယ်ရှားပေးပါ။ အဆီရည်၊ အဆီခဲများ တစ်လွှာစီဖြစ်လာလျှင် မီးပိတ်ပြီး မီးဖိုပေါ်မှချပါ။

၅။       သံဆန်ခါအစိတ်ဖြင့် အဆီများ စစ်ယူပါ။ ပြီးလျှင် ပိုးသတ်ထားသော လေလုံဖန်ပုလင်းထဲ ထည့်ပြီး လိုသလို ဇွန်းအသန့်ဖြင့် ခပ်ယူသုံးစွဲလို့ရပါပြီ။

Facebook Comments