Health Benefits of Food လီမွန် (Healthy Recipe and Health Benefits of Lemon)

by Syi Lwin (Foodsgarden) for Food Magazine

          ရွှေရှောက်သီးလို့ အများသိထားတဲ့ လီမွန်က အဝါရောင်တောက်တောက်နဲ့ မြင်သူတိုင်း အပြုံးနဲ့ ကြည့်စေနိုင်သောစွမ်းအား သူ့မှာရှိပါတယ်။ ရွှေရှောက်သီး ပင်တစ်ပင်က အသီးသီးချိန်ဆိုလျှင် အသီးတွေလှိုင်လှိုင် ဝေအောင် သီးပြီး တစ်ပင်လုံး အရွက်စိမ်းတွေကြားမှာ ဝါထိန်နေတာ တွေ့ရပါလိမ့်မယ်။

          အစာအိမ်သမားတွေ၊ ကိုယ်ခံအားနည်းသူတွေအတွက် ညနေခင်း အဆာပြေ အစားအစာအဖြစ်တော့ မရွေးချယ်သင့်ပါဘူး။ ဒါပေမဲ့ ဟင်းပွဲ၊ အချိုပွဲတွေအတွက် အနံ့အရသာ ထူးကဲအောင် စွမ်းဆောင်ပေးနိုင်တဲ့ အသီး ဖြစ်ပါတယ်။ ရွှေရှောက်သီးကို တစ်နှစ်ပတ်လုံး ရရှိနိုင်ပေမယ့် သူ့ရာသီပေါ်ချိန်မှာဆို တစ်ပင်လုံး အသီးတွေ ဝေဖြာနေလို့ ရွှေရှောက်သီးကို မျိုးစုံလုပ်စားလို့ရပါတယ်။ အိမ်ရှင်မတွေ၊ ကမ္ဘာအနှံ့က စားဖိုမှူးတွေ အများဆုံးက ရွှေရှောက်သီးကို ဟင်းပွဲများ၊ အသုပ်ပွဲ၊ ဖျော်ရည်ဖျော်ရာတွေမှာ ထည့်သွင်း အသုံးပြုလာကြသကဲ့သို့ ဆေးဖက်ဝင် အသီးတစ်မျိုးအဖြစ်လည်း အသုံးပြုကြပြီ ဖြစ်ပါတယ်။ ရွှေရှောက်သီးမှာ Citric Acid ၅ ရာခိုင်နှုန်းခန့် ပါဝင်ပြီး ဗီတာမင်စီလည်း အလွန်ကြွယ်ဝသည့်အပြင် ဗီတာမင်ဘီ၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီစီယမ် ကဲ့သို့သော သတ္တုများသာမက ပရိုတင်းနှင့် ကာဗိုဟိုက် ဒရိတ်ဓာတ်များလည်း ပါဝင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဖိုလိတ် (Folate) နှင့် အမျှင်ဓာတ် (Folate) များလည်း ပါဝင်ပြီး အဲဒီအဆီမှာ လီမွန်နင် (Fibre) ခေါ်  ဓာတုဒြပ်စင်တစ်မျိုးလည်း ပါဝင်ကြောင်း လေ့လာတွေ့ရှိ ပြီး ဖြစ်ပါတယ်။ ယခုအခါ ရွှေရှောက်သီးကို စားသုံးရန် သက်သက်မဟုတ်ဘဲ သူ့ရဲ့ အခွံ၊ အရည်နဲ့ အဖတ်များကို အလှကုန်ပစ္စည်းများ၊ အသုံးအဆောင်များထဲမှာပါ ပါဝင်ထည့်သွင်း ပြုလုပ်လာကြပါတယ်။ ဒါ့အပြင် အိမ်သုံး အသုံးအဆောင်ပစ္စည်း များဖြစ်သော ပန်းကန်ဆေးဆပ်ပြာ၊ ပန်းကန်၊ ခွက်၊ ရေဆေးဇလုံ ဂျီး(ကြေး)ချွတ်အရည်များကို မီးဖိုချောင် သန့်ရှင်းရေးများမှာ အတော်များများ ထည့်သွင်းအသုံးပြုထားပါတယ်။ အာရှနိုင်ငံများနှင့် နိုင်ငံကြီးတွေမှာလည်း ဟင်းပွဲ၊ အချိုပွဲတင် မဟုတ်ဘူး။ စားပွဲအလှဆင်၊ အိမ် အလှဆင်၊ ပန်းခြံအလှဆင်အပင်အဖြစ် လက်ခံအသုံးပြုလာသော ရွှေရှောက်သီးအကြောင်းလေးရဲ့ သိကောင်း စရာလေးများကို အားလုံးအတွက် ကျန်းမာညီညွတ်စွာ ရွှေရှောက်သီး စားသုံးလေ့လာနိုင်စေဖို့ ဒီလရဲ့ Health Benefits of Food မှာ Benefits of Lemon Green Tea နှင့် အတူ Lemon Green Tea လုပ်နည်းလေးပါ ပူးတွဲလေ့လာ ဖော်ပြလိုက်ပါတယ်။

          ရွှေရှောက်သီးဆိုတဲ့ နာမည်ကြားရုံနဲ့ သွားရည်ကျမိကြမှာပါ။ အရွယ်ကတော့ အမျိုးမျိုးရှိပါတယ်။ ဂေါက်သီးလုံးကနေ ဘေ့စ်ဘောလုံးလောက်အထိ ရှိတတ်ပါတယ်။ ရွှေရှောက်သီးအရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ ရွှေရှောက်သီးကို တရုတ်နိုင်ငံနှင့် အိန္ဒိယပြည် အနောက် မြောက်ပိုင်းဒေသတွေမှာ စတင်တွေ့ရှိရပြီး ရှေးနှစ်ပေါင်း များစွာကတည်းက အရှေ့တောင်အာရှမှာ စိုက်ပျိုးခဲ့ပါ တယ်။ ၁၂ ရာစု၊ ၁၃ ရာစုလောက်မှာ အာရပ်လူမျိုးများက စပိန်နိုင်ငံသို့ သယ်ဆောင် မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး နောက်ပိုင်း ဥရောပနိုင်ငံအများအပြားသို့ ရောက်ရှိခဲ့ပါတယ်။ ရွှေရှောက်သီးကို အမေရိကန်နိုင်ငံမှာ ၁၆ ရာစုနှစ်က ဖလော်ရီတာပြည်နယ်မှာ စတင်စိုက်ပျိုးခဲ့ပါတယ်။

          ရွှေရှောက်သီး (Lemon) ဟာ အချဉ်ဓာတ်ပါသော အသီးများအုပ်စု (Citrus Fruit) မှာ ပါဝင်တယ်။

          Citrus Fruit အုပ်စုမှာ လိမ္မော်၊ သံပရို၊ သံပရာနှင့် ဂရိတ်ဖရုသီးများလည်း ပါဝင်ပါတယ်။ ရွှေရှောက်သီးဟာ ယခုအခါမှာ နိုင်ငံတကာဈေးကွက်ဝင် အသီးတစ်မျိုး လည်း ဖြစ်ပါတယ်။

          ရွှေရှောက်သီးမှာ ဗီတာမင်စီနဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်။ ဗီတာမင်စီဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

          ရွှေရှောက်သီးရည်ဟာ သွားအတွက်လည်း ကောင်းမွန်ပြီး လတ်ဆတ်သော ရွှေရှောက်သီးရည်ကို သွားကိုက် တဲ့နေရာမှာ သုတ်လိမ်းပေးပါက နာကျင်မှုကို သက်သာစေပါတယ်။ သွားဖုံးပြည်ယိုခြင်း၊ သွေးထွက်ခြင်းစသော သွားရောဂါများကိုလည်း ပျောက်ကင်းစေပြီး ခံတွင်းအနံ့ဆိုးကိုလည်း ပျောက်စေပါတယ်။ ရွှေရှောက်သီးဟာ ရောဂါပိုးများကြောင့် ဖြစ်ပေါ်သော ပသိရောင်ခြင်း၊ လည်ချောင်းနာခြင်း စတဲ့ လည်ချောင်းအတွင်း ဖြစ်တတ်သော ရောဂါများအတွက်လည်း ဆေးဘက်ဝင်စေပါတယ်။ ရွှေရှောက်သီးရည်နှင့် ရေကို ဆတူရောပြီး မကြာခဏ အာခေါင်ကျင်းပေးခြင်းဖြင့်လည်း ချောင်းနာခြင်းကို လျော့ကျစေနိုင်ပါတယ်။ ရွှေရှောက်သီးဖျော်ရည်ကို  သောက်သုံးခြင်းဖြင့် အဓိက ကျန်းမာရေး အကျိုးကျေးဇူးများအနက် တစ်ခုမှာ ခန္ဓာကိုယ်အလေးချိန်ကို လျင်မြန်စွာကျစေပါတယ်။ ရွှေရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့် အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတဲ့အပြင် ဆာလောင်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန်တတ်ပါတယ်။ ရွှေရှောက်သီးဟာ ဆီးထွက်များစေလို့ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

          ရွှေရှောက်သီးတင် မဟုတ်ပါဘူး။ ရွှေရှောက်ရွက်ကလည်း ဆေးဖက်ဝင်စေပါတယ်။ ရွှေရှောက်ရွက်ကို စားပေးခြင်းဖြင့် လေရောဂါများ မဝင်ရောက်နိုင်သလို လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မဖြစ်နိုင်ပါ။ အဝလွန်သူများ၊ ဗိုက်ခေါက်ထူလာသော အမျိုးသမီးများအတွက် ရွှေရှောက်ရွက်ကို သကြား၊ ရေကျက်အေးတို့ဖြင့် စိမ်ထားသော အရည်ကို သောက်ပါ။ အဆိုပါ ရွှေရှောက်သီး ဆေးရည်စိမ်အရည်ကို လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် မှန်မှန်သောက် သုံးသွားပေးပါက တစ်လ၊ နှစ်လရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွားကာ အသားအရေ စစ်သွားပါမယ်။ ရွှေရှောက်သီးကို ကျန်းမာရေးအတွက်တင် မကပါဘူး။ မျက်နှာပေါင်းတင်ဆေးများ၊ ပေါင်းတင်ဖတ်များ၊ လိုးရှင်း၊ ခရင်မ် စသည်တို့မှာလည်း ထည့်သွင်းပြုလုပ်ပြီး ထုတ်လုပ်ကြပါတယ်။ ဝက်ခြံ၊ မှည့် ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်သော ရှောက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ အရေးကြောင်းတွေ ကို လျော့နည်းစေနိုင်ပြီး အသားအရေကို ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှား နိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။ ဒါတင်မကပါဘူး။ ရွှေရှောက်သီးရေမွှေးနှင့် အနံ့ပျောက် ဖျန်းဆေးများမှာလည်း ရွှေရှောက်သီးအနံ့က လန်းဆန်း လတ်ဆတ်စေတာကြောင့် ရွှေရှောက်သီးနဲ့ ပြုလုပ်ထားသော ရေမွှေးအနံ့ပျောက် ဖျန်းဆေးများကို တွေ့ရှိပါတယ်။ ရွှေရှောက်သီးက အဆီအညစ်များကို ဖယ်ရှားပေးတာ ကြောင့် ကိုယ်တိုက်ဆပ်ပြာများလည်း ယခုအခါမှာ ဝယ်ယူသုံးစွဲလို့ရပါတယ်။ တစ်နှစ်ပတ်လုံး ဈေးမကြီးဘဲ ဝယ်ယူရရှိနိုင်သော  ရွှေရှောက်သီးက အားလုံးရဲ့ လက်တစ်ကမ်းမှာရှိသော အသီးဖြစ်တဲ့အတွက် မျှတကျန်းမာစေသော အကျိုးများရရှိနိုင်စေရန် အတိုင်းအတာဖြင့် အမြဲနေ့စဉ်မဟုတ်ပေမယ့် စားသုံးသင့်ကြောင်း အကြံပြုရင်း ဒီလတော့ ဒီလောက်နဲ့ ရပ်နားပါရစေ။ နောက်လတွေ မှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော်။ Healthy Eating and Happy life…

မှတ်ချက် – စည် သင်ယူထားသည့် ဘာသာရပ်တွေထဲကမှ Citrus Fruit နဲ့ ပတ်သက်လို့ သင်ခဲ့ရ သော ဗဟုသုတလေးများ http://www.foodmatters.com မှ အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ ရွှေရှောက်သီးစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့်တိုင်ပင်ပါလို့ အကြံပြုပါရစေ။

လီမွန်စိမ်းလက်ဖက်ခြောက်နှင့် ပျားရည် (Lemon & Green Tea with Honey)

          Green Tea ယခုအခါ ကျန်းမာရေးအတွက် တစ်နေ့တစ်ခွက်လောက် သောက်သင့်တဲ့ ရည်နွေးကြမ်းပါ။ လီမွန်ပျားရည်တွေနဲ့ ဖျော်သောက်တဲ့ ရေနွေးကြမ်းက အဆီကျစေပြီး လူကိုလည်း လန်းဆန်းစေပါတယ်။

ပါဝင်ပစ္စည်းများ

လီမွန်သီး  –  ၁ လုံး (အကွင်းပါးပါး လှီးထားပါ)

Green Tea  –  စားပွဲဇွန်း ၁ ဇွန်း

ပျားရည်            –  စားပွဲဇွန်း  ၁   ၁/၂ ဇွန်း

ရေခဲတုံး  –  အနည်းငယ်  (အအေးသောက်ချင်သူများအတွက်)

ရေနွေးပူပူ  –  ၃     ၁/၂ ခွက် (အပူသောက်ချင်သူများအတွက်)

ပြုလုပ်နည်းအဆင့်ဆင့်

          အပူသောက်ချင်သူများအတွက် ဖန်ခရားထဲ ရေနွေးပူပူနှင့် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး မွှေပေးပါ။ လီမွန်အကွင်းများထည့်လျှင် အနည်းငယ်ညှစ်ပြီးမှ ထည့်ပါ။ ဇွန်းတံအရှည်ဖြင့် သေချာနှံ့အောင် မွှေပါ။ အအေးသောက်ချင်သူများအတွက် ရေခဲတုံးထည့်ပြီး သောက်နိုင်ပါတယ်။

Facebook Comments