Health Benefits of Food ပုစွန်စားသုံးခြင်း (Healthy Recip and Health Benefits of Prawn)

By Syi Lwin (foodsgarden) for Food Magazine

            ပုစွန်ရဲ့ပုံစံက အကောင်သေးသေး၊ အကောင်ကြီး ကြီး ချစ်စရာကောင်းပါတယ်။ ဆွဲဆောင်မှုရှိသော အစားအစာလည်း ဖြစ်ပါတယ်။ တချို့ ပင်လယ်ပုစွန်၊ ကျောက်ပုစွန်တွေဆို အရောင်အဆင်းက လှပစွဲမက်ဖွယ်ရှိတာကြောင့် တချို့ အလှမွေးမြူထားတာလည်း ရှိကြပါတယ်။ ပုစွန်ဆို လူမျိုး၊ ဘာသာမရွေး တစ်ကမ္ဘာလုံး စားသုံးကြိုက်နှစ်သက်ကြပါတယ်။ မည်သည့်နိုင်ငံမဆို သင်လေ့လာကြည့်ရှုကြည့်ပါ။ ပုစွန်ကို အသေး၊ အကြီး၊ အရွယ်အစားမျိုး စုံ မွေးမြူ စားသုံးကြပါတယ်။ ကမ္ဘာတစ်ဝန်း ပုစွန်ကို ပုံစံအမျိုးမျိုး ချက်စား၊ ကင်စား၊ ပြုတ်စား၊ ပေါင်းစားသလို တချို့နိုင်ငံတွေမှာ ပုစွန်နဲ့ အချိုပွဲတွေတောင် ပါဝင် ထည့်သွင်း ပြုလုပ်တာလည်းရှိပါတယ်။ ပုစွန်ကို အဆာပြေ အစားအစာကနေ အဓိကဟင်းလျာအထိ ချက်ပြုတ် စားသုံးနိုင်တဲ့ ပင်လယ်စာဖြစ်ပါတယ်။ ဈေးအားဖြင့် အရွယ်အစား၊ နိုင်ငံ၊ နေရာဒေသပေါ်မူတည်ပြီး သင့်တင့်အားဖြင့် လူတိုင်းစားသုံးနိုင်သော ဈေးနှုန်းမျိုးဖြင့် ဝယ်ယူစားသုံးနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းကို အကြီးမားဆုံး ပုစွန်မွေးမြူတင်ပို့နေသော အမေရိကန်နိုင်ငံက ၂ဝ၁၄ ခုနှစ်မှာတော့ နိုင်ငံကြီး ၂ဝ နိုင်ငံကို စတင်ပို့ပါတယ်။ တချို့နိုင်ငံတွေလည်း အခုဆို ပုစွန်ကို သေချာ ဂရုစိုက် မွေးမြူပြီး ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချနေပါတယ်။ ၅၅ ရာခိုင်နှုန်း ကမ္ဘာအနှံ့ စီးပွားဖြစ်မွေးမြူတင်ပို့ရောင်းချနေသော Litopenaeus Vannemei (Pacificwhite Shrimp) ကတော့ နိုင်ငံတကာ ကျယ်ပြန့်စွာ မွေးမြူရောင်းချတာကို တွေ့ရပါတယ်။ ကျန်းမာရေးအတွက် သင့်တင့်သော အထောက်အကူများ ပေးစွမ်းနိုင်တာကြောင့် ဒီလရဲ့ Health Benefits မှာ Benefits of Prawn Article နဲ့ အတူ Steam Sweet Potato Wrapped Shrimp လုပ်နည်းလေးပါ ပူးတွဲဖော်ပြလိုက်ပါတယ်။

            ကမ္ဘာတစ်ဝန်း ပုစွန်ကို ကျန်းမာရေးအရ စားသုံးကြသလို အရသာရှိသော ဟင်းတစ်ခွက်အဖြစ် အိမ်တွေ အပျော်တွေပေးနိုင်တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။ အချိန်တိုအတွင်း အရသာရှိရှိနဲ့ လှပသော ဟင်းတစ်ခွက်ကို ပုစွန်နဲ့တီထွင်ချက်ပြုတ်နိုင်တာကြောင့် အိမ်ရှင်မတွေနဲ့ ကမ္ဘာတစ်ဝန်းရှိ စားဖိုမှူးများရဲ့ အနှစ်သက်ဆုံး ပင်လယ်စာ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။ ယခုခေတ်မှာ ဟင်းပွဲတွေတင်မက အချိုပွဲ၊ ပေါင်မုန့်၊ ကိတ်မုန့်ခြောက်၊ အရည်သောက်၊ အာဟာရဓာတ်ဖြည့် အရည်များထဲမှာလည်း ပုစွန်ကို ပါဝင်ထည့်သွင်း အသုံးပြုကြပါတယ်။ ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြသော သုတေသနစမ်းသပ် ချက်များအရ ပုစွန် အကောင်ကြီးတစ်ကောင်မှာ ကယ်လိုရီ များများပါဝင်ပါတယ်။ အစာအာဟာရကို ကောင်းမွန်စွာ တစ်နေ့တာအတွက် ခွန်အားရရှိစေဖို့ မျှတသော ကယ်လိုရီ အသားဓာတ်များကို စားသုံးသင့်ပါတယ်။ ပုစွန်ကို ၂၅ ဂရမ် စားလျှင် ၁၄ဝ ကယ်လိုရီ ရရှိစေပြီး ၅ဝ ရာခိုင်နှုန်း အသားဓာတ်ကို နေ့စဉ်ရရှိစေပါတယ်။ အဲဒီလို စားသုံးခြင်းက တစ်နေ့ကို ၂ မိုက်ကိုဂရမ် ဗီတာမင်ဘီ ၁၂ နှင့် မျှတစွာ လူကြီးတွေမှာ ရရှိစေပါတယ်။ ပုစွန်ရဲ့ အာဟာရဓာတ်က ဗီတာမင်နဲ့ သတ္တုဓာတ်ကို မျှတစွာရရှိစေပါတယ်။ ပုစွန်တစ်ခုတည်းရဲ့ အရင်းအမြစ်က အင်တီအောက်စီဒန့်နဲ့ ဖောရောင်ခြင်းတို့ကို ပျောက်ကင်းသက်သာစေရန် ဗီတာမင်အေဓာတ်ရှိ လိမ္မော်ရောင် အာဟာရဓာတ် တစ်မျိုးနဲ့ ရေဒီယိုဓာတ်ကြွဓာတ်စင် ပေးစွမ်းနိုင်စေပါတယ်။ ပုံမှန်အားဖြင့် ရေဒီယိုဓာတ်ကြွမှုကို တခြားသော အသား၊ ငါးတွေမှ စားသုံးလျှင် ကင်ဆာရောဂါဖြစ်နှုန်း ကို တိုးပွားစေပါတယ်။ မွေးမြူရေးပုစွန်နဲ့ ပင်လယ်ပုစွန် သည်ပင် ရရှိစေသော အာဟာရဓာတ်ပမာဏ အင်မတန် ကွာခြားပါတယ်။ ပင်လယ်မှ သဘာဝရရှိသော ပုစွန်က ပြည့်ဝသော ဓာတ်အားတွေ အမြောက်အမြား ရရှိနိုင်သောကြောင့် သင့်တင့်မျှတလုံလောက်အောင် စားသုံးသင့်ပါတယ်။ မွေးမြူထားသော ပုစွန်တွေကတော့ ရေဒီယိုဓာတ်ကြွကို ထိန်းသိမ်းကြည့်ရှု သေချာ နည်းစနစ်ဖြင့် မွေးမြူထားသောကြောင့် စားသုံးရန် သင့်တော်တယ်ဆိုပေမယ့် ပုစွန်ကို အလွန်အကျွံမစားတာ ကောင်းပါတယ်။ ပင်လယ်စာဆို အင်တီအောက်စီဒန့် အများအပြား ပါဝင်တယ်လို့ လူအများ အမှတ်တမဲ့ ဖြစ်တတ်ပါတယ်။ ပုစွန်မှာ အင်တီအောက်စီဒန့် သုံးမျိုးပါဝင်ပါတယ်။ ပါဝင်တဲ့ အင်တီအောက်စီဒန့်တွေက Xanthophylls Carotenoid ခေါ်  Astaxanting နဲ့ သတ္တုဓာတ်မဟုတ်သော သတ္တုဆာလ်ဖိုက် ဒြပ်စင်တစ်မျိုးနဲ့ ကြေးနီးဓာတ်တို့ ပါဝင်ပါတယ်။ ဟင်းချက်တဲ့အခါ ပုစွန်ကို အကြာကြီး တည်စရာမလိုသလို ကင်စား၊ ပြုတ်စား၊ ပေါင်းစားလျှင်လည်း အချိန် ၃-၅ မိနစ်လောက်ပဲ ပေးရတဲ့ ပုစွန်ကို ကွေးရုံ၊ နွေးရုံသာ တည်သင့်ပါတယ်။ ပုစွန်ရဲ့ အာဟာရကောင်းကျိုးမှာ တချို့က လူ့ခန္ဓာကိုယ်ကို အကျိုးပြု ကျန်းမာစေနိုင်သလို အလွန်အကျွံစားသုံးမိပါက အသက်အန္တရာယ်တောင် ထိခိုက်စေနိုင်ပါတယ်။

            ကမ္ဘာ့ကျန်းမာရေးနှင့် ဆေးဝါးရှာဖွေရေးအဖွဲ့ရဲ့ လေ့လာမှုအချို့အရ ပုစွန်ကို တခြားသော ဟင်းခတ်အမွှေးအကြိုင်အရွက်များနှင့် တွဲဖက်ချက်ပြုတ်ပါက ဆေးဘက်ဝင်သော ဟင်းတစ်ခွက်ဖြစ်စေပါတယ်လို့ အဆိုပြုထားပါတယ်။ သူ့ချည်းသာ စားဖြစ်တဲ့အခါ အာဟာရနဲ့ ဗီတာမင် ဓာတ်တွေ ရရှိစေပေမယ့် တစ်ခါတစ်ရံ မတည့်သောအရာများနဲ့ စားဖြစ်လျှင် အဆိပ်သင့်စေတာတွေလည်း ရှိတတ်ပါ တယ်။ ပုစွန်စားသုံးခြင်းရဲ့ ကောင်းကျိုးလေးတွေရှိသလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။

            တကယ်တော့ ပုစွန်လို ပါးလွှာတဲ့ အခွံပါးလေးတွေပါတဲ့  ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်တည်းမှာ တွဲဖက်စားသုံးတဲ့အခါ  အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း အားလုံးသိထားသင့်ပါတယ်။

            ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ အာဆင်းနစ် အဆိပ်သင့်လို့ သေဆုံးရကြောင်း အဖြေထွက်လာပါတယ်။ အဲဒီ အာဆင်းနစ်အဆိပ်ဟာ ဘယ်က လာပါသလဲ။ အာဆင်းနစ်အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ်။ ဗီတာမင်စီဟာလည်း သူ့အလိုလိုဆို ပြဿနာမရှိပါဘူး။ သူမက ညစာစားချိန်မှာ ပုစွန်တွေ တော်တော်များများ စားသုံးခဲ့ပါတယ်။ ပုစွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး။ သူမနဲ့အတူတူ ညစာမှာ ပုစွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူမဟာ ပုစွန်စားရင်းနဲ့ တစ်ချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်။ အဲဒီအချက်ဟာ ပြဿနာပါပဲ’ လို့ ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။

            အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုစွန်ကဲ့သို့ ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်စီယမ် အာဆင်းနစ်ဒြပ်ပေါင်း ငါးမျိုးပါဝင်တာကို လေ့လာတွေ့ ရှိခဲ့ကြပါတယ်။

            အဲဒီ လတ်ဆတ်တဲ့ အစားအစာတွေက လူ့ရဲ့ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။ ဒါပေမဲ့ သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓာတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ ပိုတက်စီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး (As Anhydride, also known as arsenic oxide, the chemical formula for As 205) ဟာ အဆိပ်ရှိတဲ့ ပိုတက်စီယမ်အာဆင်းနစ်ဒြပ်ပေါင်း သုံးမျိုး [also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public!] အဖြစ် ပြောင်းလဲသွားပါတယ်။ အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူ့ရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အူသိမ်နဲ့ အာရုံကြောတွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ် ပါတယ်။

            ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတွေကနေ သွေးထွက်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ပုစွန်ကို ဗီတာမင်စီနဲ့ ပူးတွဲမစားကြဖို့  သတိပေးထားပါတယ်။ ကျွမ်းကျင်သူများရဲ့ ညွှန်ကြားချက်အတိုင်း ပုစွန်ကို စနစ်တကျ သင့်တင့်စွာ စားသုံးခြင်ဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော အချက်အလက်တစ်ခု ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း မစားသုံးသင့်တာတော့ အမှန်ပါ။ ပုစွန်နဲ့ပတ်သက်သော ကျန်းမာရေးဆိုင်ရာ သိမှတ်စရာ ဗဟုသုတလေးများ ဖော်ပြခဲ့တာ အားရကျေနပ်မယ်လို့ ထင်ပါတယ်။  Healthy Eating and Happy life…..

မှတ်ချက်  –  စည် သင်ယူထားသည့် ဘာသာရပ်တွေထဲကမှ Seafood နဲ့ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ http://www.whf oods.com/prawn နဲ့ http://yawyaw thamamwe.blogspot.com အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ ပုစွန်စားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့်တိုင်ပင်ပါလို့ အကြံပြုပါရစေ။

Syi Lwin (foodsgarden)

ကန်စွန်းဥပြားလိပ် ပုစွန်ပေါင်း (Steam Sweet Potato Wrapped Prawn)

            အသား၊ ငါးကို ပေါင်းစားရင် ကျန်းမာရေးအတွက် ကောင်းမွန်သလို ခန္ဓာကိုယ်အတွက် အဆီပိုတက်မှာလည်း မစိုးရိမ်ရဘဲ အဝစားလို့ ရပါတယ်။  ပုစွန်ကို ကန်စွန်းဥ အလွှာပြားနှင့်ပတ်ပြီး ပေါင်းထားတာက တစ်မျိုးလေး စားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန် –  ၁၅  ကောင် ( အခွံနွှာ၊ ချေးထုတ်ထားပါ)

နံနံပင် –  ၂ ပင် (နုပ်နုပ်စဉ်းထားပါ)

ဆား –  အနည်းငယ်

သံလွင်ဆီ –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်သီးစိမ်း –  ၂ တောင့် (နုပ်နုပ်စဉ်းထားပါ)

ငံပြာရည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ –  ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)

သံပရာရည် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကန်စွန်းဥ –  ၁ ဥ

[အခွံနွှာပြီး ခြစ် (ဂျစ်)နဲ့ အလွှာပါးပါးလေးများ လုပ်ထားပါ]

ပြုလုပ်နည်းအဆင့်ဆင့်

၁။  ဖန်ဇလုံကြီးထဲ ကန်စွန်းဥမှလွဲလို့ ပါဝင်ပစ္စည်းများထည့်ပြီး သေချာခလောက်ထားပါ။ ပြီးလျှင် ပုစွန်ကောင်များကို ဆော့စ်ထဲထည့်ပြီး သေချာအရသာနှံ့အောင် နယ်ကာ ၁၅ မိနစ်ခန့်စီ ရေခဲသေတ္တာထဲ နှပ်ထားပါ။

၂။  ပုစွန်တစ်ကောင်ချင်းကို ကန်ဇွန်းဥ အသားလွှာဖြင့်ပတ်ပါ။ တုတ်တံအသေးနှင့် ထိုးပြီး ပြန်မပြေအောင် လုပ်ပါ။

၃။  နှစ်ထပ်ပေါင်းအိုးထဲ ကန်စွန်းဥ ပုစွန်ပတ်များ သေချာစီထည့်ပြီး ၃-၄ မိနစ်ခန့် ပေါင်းပါ။

၎။  ပြီးလျှင် အနည်းငယ်အအေးခံပြီး ကြိုက်နှစ်သက်ရာဆော့စ်နှင့် တွဲစားပါ။

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments