Health Benefits of Food ပင်မှည့်သီး (Healthy Recipe and Health Benefits of Passion Fruit)

by Syi Lwin (foodsgarden) for Food Magazine

          ပင်မှည့်သီးလို့ အများသိထားတဲ့ Passion Fruit က အရောင်၊ အရွယ်အစား၊ ပုံစံလေးတွေ ရှိပါတယ်။ တချို့ ပင်မှည့်သီးက အစိမ်းရောင်ရှိပြီး အထဲက မှည့်နေတာလည်း ရှိပါတယ်။ အထဲက အနှစ်သားက ချိုချဉ်အရသာ ရှိရုံတင်မက မြင်တာနှင့် စိတ်ကိုလန်းဆန်းစေတဲ့ အနံ့အရသာကို ပေးပါတယ်။  အစာအိမ်သမားတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက်ကတော့ ညနေခင်း အဆာပြေ အစားအစာအဖြစ် မရွေးချယ်သင့်ပါဘူး။ ဒါပေမဲ့ ဟင်းပွဲ၊ အချိုပွဲတွေအတွက် အနံ့အရသာထူးကဲအောင် စွမ်း ဆောင်ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်။ ပင်မှည့်သီးက  ရာသီပေါ်ချိန်မှာဆို  အသီးတွေ လှိုင်လှိုင်သီးတာကြောင့် ဟင်းပွဲ၊ အချိုပွဲမျိုးစုံ လုပ်စားလို့ရပါတယ်။ အိမ်ရှင်မတွေ၊ ကမ္ဘာအနှံ့က စားဖိုမှူးတွေရဲ့ အသည်းစွဲ လက်စွဲအသီးဖြစ်ပါတယ်။

          ပင်မှည့်သီးကို ဟင်းပွဲများ၊ မုန့်တွေ၊ ဖျော်ရည်များနဲ့ အသုပ်သုပ်ရာတွေမှာ ထည့်သွင်းအသုံးပြု လာကြသလို ဆေးဘက်ဝင်အသီးတစ်မျိုးအဖြစ်လည်း ပါဝင်ကြောင်း လေ့လာတွေ့ရှိပြီး ဖြစ်ပါတယ်။ ယခုအခါ ပင်မှည့်သီးကို စားသုံးရန် သက်သက်မဟုတ်ဘဲ ပင်မှည့်သီးရဲ့ အခွံ၊ အရည်နဲ့ အဖတ်များကို အလှကုန်ပစ္စည်းများ၊ အသုံးအဆောင်များထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ အိမ်သုံး အသုံး အဆောင်ပစ္စည်းများဖြစ်တဲ့ ပန်းကန်ဆေး ဆပ်ပြာ၊ ပန်းကန်ခွက်၊ ရေဆေးဇလုံ ကြေး (ဂျီး) ချွတ် အရည်၊ မီးဖိုချောင် သန့်ရှင်းအရည်များမှာ အတော်များများ ထည့်သွင်းအသုံးပြုထားပါတယ်။

          ကမ္ဘာတစ်ဝန်း နိုင်ငံကြီးများနှင့် အာရှနိုင်ငံကြီးတွေမှာလည်း ဟင်းပွဲ၊ အချိုပွဲတင် မဟုတ်ဘူး။ စားပွဲအလှဆင်၊ အိမ်အလှဆင်အဖြစ် အသုံးပြုလာတဲ့ ပင်မှည့်သီး အကြောင်းလေးရဲ့ သိကောင်းစရာလေး များကို အားလုံးအတွက် ကျန်းမာညီညွတ်စွာ ပင်မှည့်သီး စားသုံးလေ့လာနိုင်စေဖို့ ဒီလရဲ့Health Benefits of Passion Fruit ဆောင်းပါးနှင့်အတူ Passion Fruit Sauce လုပ်နည်းလေးပါ ပူးတွဲလေ့လာ ဖော်ပြလိုက်ပါတယ်။

          လူအများစုက ပင်မှည့်သီးကို သာမန်အသီးတစ်လုံးလို့ပဲ သတ်မှတ်ထားတတ်ကြပါတယ်။ ပင်မှည့်သီးကို စားသုံးလို့ ရရှိနိုင်တဲ့ အာဟာရဗီတာမင်တွေကို အမှတ်တမဲ့နဲ့ သိရှိမှုနည်းပါးကြပါတယ်။ ပင်မှည့်သီးက ရရှိနိုင်တဲ့ ကျန်းမာရေးအကြောင်းအရာများကို လေ့လာနိုင်အောင် ဖော်ပြလိုက်ပါတယ်။

          ပင်မှည့်သီးဖျော်ရည်ကို နေ့စဉ်ပုံမှန်သောက်သုံးပါက –

၁။       အဓိကအားဖြင့် ပင်မှည့်ရွက်မှာ အယ်လ်ကာလွိုက်တွေ ပါဝင်ပြီး သွေးတိုးကျတာ၊ စိတ်ငြိမ် သက်တာ၊ ကြွက်တက်မှု လျော့ကျတာ စတဲ့အာနိသင်တွေ ရှိပါတယ်။ ဒါကြောင့် ပင်မှည့်ရွက်ကို တိုင်းပြည် အများစုမှာ ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။

၂။       ပင်မှည့်ပင်က ပွင့်တဲ့ပန်းဟာ စိတ်ငြိမ်စေတဲ့  အာနိသင်အနည်းငယ်ပါရှိတာကြောင့် အိပ်မောကျ စေပါတယ်။ ပင်မှည့်ပန်းဟာ နာ့ဗ်ကြောအလုပ်လုပ်လွန်တဲ့ ရောဂါကုသမှုမှာ အသုံးဝင်ပြီး အလွယ်တကူ စိတ်လှုပ်ရှား လွယ်တဲ့ကလေးတွေကို ကုသရာမှာ သုံးလေ့ရှိပါတယ်။ ပန်းနာရင်ကျပ်ရောဂါ၊ အိပ်မပျော်တဲ့ ဝေဒနာ၊ အစာအိမ် အူလမ်းကြောင်း ဝေဒနာနဲ့ သွေးဆုံးဝေဒနာတွေကို ကုသရာမှာ အသုံးဝင်သလို စိတ်အာရုံ ချောက်ချားမှုကိုလည်း အတန်အသင့် သက်သာစေတယ်လို့ ယုံကြည်ကြပါ တယ်။

၃။       ပင်မှည့်သီး အဝါရောင်ကထုတ်ထားတဲ့ အနှစ်ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ ဖလော်ရီဒါ တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ပင်မှည့်သီးမှာပါတဲ့ ဖိုင်တိုကမ်မီကယ်တွေက ကာရိုတီးနွိုက်နဲ့ ပိုလီဖီနောတို့ဖြစ်ကြပြီး ကင်ဆာဆန့်ကျင်တဲ့ အာနိသင်တို့ ရှိကြပါတယ်။

၎။       မစ်တာဝက်ဆန်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေ့လာမှုတစ်ရပ်အရ ခရမ်းရောင် ပင်မှည့်သီး အနှစ်ကို စားပေးတာဟာ ပန်းနာရင်ကျပ်လက္ခဏာတွေကို လျော့ကျစေတယ်လို့ သိရပါတယ်။ ခရမ်းရောင် ပင်မှည့်သီး အနှစ်ကိုစားတဲ့ ပန်းနာရင်ကျပ် လူနာ ၄၂ ဦး ကို လေ့လာခဲ့ရာ ချွဲသလိပ်သံနဲ့ အသက်ရှူရနှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျခဲ့တာကို တွေ့ရပါတယ်။

၅။       ပင်မှည့်သီးကို ဒီအတိုင်းစားနိုင်သလို ဖျော်ရည် ဖျော်ပြီးလည်း သောက်နိုင်ပါတယ်။ ပင်မှည့်သီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပိုတက်စီယမ်၊ သံဓာတ်နဲ့ အမျှင်ဓာတ် အများအပြားပါဝင်နေပါတယ်။ ဒီလို တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်တာကြောင့်  ပင်မှည့်သီးစားရင် စိတ်ပူပင်သောက၊ ကြွက်သားတောင့်တင်းမှု၊ ခေါင်းကိုက်တာနဲ့ အိပ်မပျော်တာတို့ကို သက်သာစေပါတယ်။

၆။       ပင်မှည့်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့် ဗီတာမင်စီဟာ သင့်ခန္ဓာကိုယ်ကို နှလုံးရောဂါနဲ့ ကင်ဆာတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်ပေးပြီး ထိခိုက် ဒဏ်ရာတွေရခဲ့ရင် အနာကျက်နှုန်းကောင်းအောင် ကူညီနိုင်ပါတယ်။

၇။       ပင်မှည့်သီးမှာပါတဲ့ ဗီတာမင်အေဟာ ကူးစက်ပိုးတွေကို တွန်းလှန်နိုင်သလို အမြင်အာရုံကို ကောင်းစေပါတယ်။ ဒါ့အပြင် ကင်ဆာနှင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၈။       ပင်မှည့်သီးမှာပါတဲ့ ပိုတက်စီယမ်က ကိုယ်တွင်းအရည်စနစ်ကို မျှတအောင်ထိန်းပေးနိုင်တဲ့ ဓာတ်ဆားတစ်မျိုးပါ။ ပိုတက်စီယမ်ကို တစ်နေ့တာလိုအပ်တဲ့ ပမာဏရရှိရင် သွေးတိုးကျစေပြီး ကြွက်သား တွေကို စွမ်းအင်တိုးစေကာ အဆစ်ရောင်ဝေဒနာကို သက်သာစေပါတယ်။

၉။       ပင်မှည့်သီးမှာပါတဲ့ သံဓာတ်ဟာ စွမ်းအင်အဆင့်ကို တိုးစေပြီး ကောင်းကောင်း အိပ်မောကျစေကာ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် သွေးထဲကို အောက်ဆီဂျင်ရောက်ရှိမှု ကောင်းမွန်စေပါတယ်။

၁ဝ။     ပင်မှည့်သီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပြီး သွေးအတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ သွေးအတွင်း အဆီပိုတွေကို လျော့ကျစေပါတယ်။

၁၁။     ပင်မှည့်သီးဖျော်ရည်ဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို လျော့ကျစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ ပင်မှည့်သီးမှာပါတဲ့ ဖိုင်တိုကမ်မီကယ် ဓာတ်တွေဟာ ကင်ဆာဆဲလ် ကြီးထွားမှုကို လျှော့ချပေးနိုင်လို့ပါ။

၁၂။     ပင်မှည့်သီးမှာပါတဲ့ ဖီနောလစ်အက်စစ်နဲ့ ဖလေဗိုးနွိုက်တွေက နှလုံးကို ကာကွယ်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။

၁၃။     ပင်မှည့်သီးမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ရိုးရိုးသကြား ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အားကစားသမားတွေမှာ သက်လုံကောင်းစေတာ တွေ့ရပါတယ်။

၁၄။     ပင်မှည့်သီးအစေ့မှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အိပ်ရာမဝင်ခင် ပင်မှည့်ဖျော်ရည် သောက်ရင် အနားရစေပြီး ကောင်းကောင်း အိပ်မောကျစေပါတယ်။

၁၅။     ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

          ပင်မှည့်သီးက ကျန်းမာရေးအတွက်သာမက အလှကုန်ပစ္စည်းနဲ့ အိမ်သုံးကုန်ပစ္စည်းတွေမှာလည်း ပင်မှည့်သီးအနှစ်၊ အစေ့၊ အခွံကို ပုံစံအမျိုးမျိုး ထည့်သွင်းအသုံးပြုကြပါတယ်။

          ပင်မှည့်သီးကို တစ်နှစ်ပတ်လုံး မရရှိနိုင်ပေမယ့် ရာသီပေါ်ချိန်မှာ ဖောဖောသီသီရရှိနိုင်တဲ့ အသီးဖြစ်တဲ့အတွက် ကျန်းမာစေသော အကျိုးများ ရရှိနိုင်စေဖို့ အတိုင်းအတာဖြင့် အမြဲနေ့စဉ် မဟုတ် ပေမယ့် စားသုံးသင့်ကြောင်း အကြံပြုရင်း ဒီလတော့ ဒီလောက်နဲ့ ရပ်နားပါရစေ။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ ကြမယ်နော်။ Healthy Eating and Happy Life …

မှတ်ချက်- စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Citrus Fruit နှင့်ပတ်သက်ပြီး သင်ခဲ့ရသော ဗဟုသုတ လေးများ ကြယ်စင်နှင့် http://www.foodmatters.com မှ အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ ပင်မှည့်သီးစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းတို့ကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

အိမ်လုပ် ပင်မှည့်သီးသကာရည် (Homemade Passion Fruit Syrup)

ပင်မှည့်သီး အသီးရဲ့အရသာနှင့် ရနံ့က အင်မတန် ဆွဲဆောင်မှုကောင်းပါတယ်။ အဲဒီသကာရည်က သစ်သီးနှင့် သဘာဝကျကျ  ပြုလုပ်ထားတဲ့ Candy ပါသလို ခံစားရသော အရသာကို ရရှိစေပါတယ်။ ပေါင်မုန့်၊ ပန်ကိတ်၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ သစ်သီးနှင့် အရွက်သုပ်များဖြင့်လည်း တွဲဖက်စားသုံးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ပင်မှည့်သီး  –  ၅ လုံး (အထဲမှ အနှစ်များ ဇွန်းဖြင့်ခြစ်ယူပါ)

သကြားအညို  –  ခွက် တစ်ဝက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးသေးသေးလေးထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သကြားအရည်ပျော်သည်အထိ တည်ပါ။

၂။       အအေးခံပြီးမှ လိုသလိုသုံးဆောင်ပါ။

Facebook Comments