Health Benefits of Food တိုဟူး (Healthy Recipe and Health Benefits of Tofu)

by Syi Lwin (foodsgarden) for Food Magazine

          တိုဟူးနှင့် ပဲပြားကို အတော်များများက မှားတတ်ကြပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အခေါ်အဝေါ် ကွာခြားမှုက တစ်ခါတလေ စားသုံးပြီး ရရှိလိုက်သော အရသာအာဟာရမှာ ကွဲပြားသွားတတ်ပါသည်။ တိုဟူးနှင့် ပြုလုပ်ထားသော တိုဟူးနွေး၊ တိုဟူးကြော်တို့ကို နံနက် အစားအစာအဖြစ် လူသိများကြပြီး အများအားဖြင့် တိုဟူး ကြော်ကို အဆာပြေအစားအစာအနေဖြင့် စားသုံးကြလေ့ ရှိကြပါသည်။ တိုဟူးသည် ကုလားပဲကို အသုံးပြု၍ ပဲပြား သည် ပဲပိစပ်ပဲကို အသုံးပြုပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။ တိုဟူးတွင် ပရိုတင်းဓာတ် အပြည့်အဝပါသည်။ တိုဟူးကို အကြော်၊ အသုပ် စသည်ဖြင့် ပုံစံအမျိုးမျိုး လုပ်စား၍ အဆင် ပြေစေသော သွားရည်ကျစရာ အစားအစာဖြစ်သည်။ ပဲပိစပ်နှင့် လုပ်ထားသည့် တိုဟူးတွင် ခန္ဓာကိုယ်အတွက် အကျိုးရှိသော အာဟာရဓာတ်များစွာ ပါဝင်သည်။ အဝါရောင်တိုဟူးတွင် အသားဓာတ်များစွာ ပါဝင်သည်။ အလွန်ဈေးမကြီးဘဲ နေ့စဉ်မြင်တွေ့နေရသည့် တိုဟူးကို စားပြီးလျှင် မေ့လျော့နေတတ်ကြသော  တိုဟူး၏ကောင်းကျိုးများကို လေ့လာသိရှိနိုင်စေရန် သိကောင်းစရာလေးများကို အားလုံးအတွက် ကျန်းမာရေးနှင့် ညီညွတ်စွာ တိုဟူးစားသုံးလေ့လာနိုင်စေဖို့ ယခုလ၏ Health Benefits of Food တွင် Benefits of Tofu ဆောင်းပါးနှင့်အတူ Tofu Salad လုပ်နည်းလေးကို ပူးတွဲပြန်လည်ဝေမျှလိုက်ပါသည်။ တိုဟူးကို ရှမ်းပြည်နယ်တွင် တွင်ကျယ်စွာ ပြုလုပ်စားသုံးကြသည်။ တိုဟူးနွေး၊ တိုဟူးခေါက်၊ တိုဟူးပျော့၊ တိုဟူးကြော်၊ တိုဟူးခြောက် စသည်ဖြင့် မျိုးစုံရှိပါသည်။ ရှေးလူကြီးများ၏ ပြောကြားချက်အရဆိုလျှင် ရှမ်းပြည်နယ် ဘက်က အေးသောရာသီဖြစ်သည့်အတွက် စားလျှင် အရသာလည်းရှိပြီး အာဟာရလည်းရကာ ဗိုက်တင်းအောင် တိုဟူးကို များသောအားဖြင့် စားသုံးကြခြင်းဖြစ်ကြောင်း သိရပါသည်။ တိုဟူးကို ရာစုနှစ်တစ်ခု ကျော်ဖြတ်ပြီး နောက်ပိုင်း တစ်နိုင်ငံလုံး ကျယ်ပြန့်စွာ စားသုံးလာကြသည်။ ပဲပြားနှင့် တိုဟူးကို ၁၉၂၉ ခုနှစ်၌ ကာလီဖိုးနီးယားရှိ La Sierra Industries က တိုဟူးကို စီးပွားဖြစ် စတင်ထုတ်လုပ်ရောင်းချခဲ့ကြသည်။

          ၁၉၆၀ ပြည့်နှစ်၌ အနောက်နိုင်ငံများတွင် တိုဟူးကို သုတေသနပြုလုပ်ကြည့်ရာ ပဲတွင် ပါရှိသော အပင် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် Isoflavone သည် လူ့ခန္ဓာကိုယ်၏ အရိုးများအပါအဝင်၊ အထူးသဖြင့် ကျောရိုးကို ခိုင်မာစေခြင်း၊ မီးယပ်သွေးဆုံးကိုင်သော အမျိုးသမီးများ၏ မျက်နှာနှင့် လည်ပင်းတို့တွင် သွေးရောင်ဖြန်းကာ ပူလိုက်၊ အေးလိုက် ဖြစ်ခြင်းတို့ကို သက်သာစေခြင်း၊ ကိုလက်စထရောပမာဏ လျှော့ချပေးခြင်း၊ ခန္ဓာကိုယ်အတွက် အကျိုးပြုစေသော သတ္တုဓာတ်နှင့် ဆန့်ကျင်ဓာတ်တိုး ပစ္စည်းများ ပေါကြွယ်ဝခြင်း၊ အူမကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါအမျိုးမျိုးတို့ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်ဟန့်တားပေးနိုင်ခြင်း၊ ကိုယ်အလေးချိန်ကို ကျစေနိုင်ခြင်း၊ ကြွက်သားများကို သန်မာစေခြင်း စသည့် လူသားတို့၏ ကျန်းမာရေးအတွက် များစွာအကျိုးရှိစေကြောင်း သိရှိခဲ့ကြသည်။ တိုဟူးကို အိမ်တွင် ကိုယ်တိုင် ကျိုချက်လုပ်ယူနိုင်ပါသည်။ တိုဟူး ပြုလုပ်ပုံသည် မခက်ခဲလှသော်လည်း အတန်ငယ် လက်ဝင်ပါသည်။ အမှန် တကယ်တော့ “တိုဟူး” ဆိုသည်မှာ ပဲနို့၏ အနှစ်ခဲဖြစ်သည်။ မြန်မာပြည်၌ ပဲပုပ်ပဲခေါ် ပဲပိစပ်အမှုန့်ဖြင့် တိုဟူး ကျိုချက်ကြသကဲ့သို့ ပဲပုပ်ပဲရှားပါးသော မြန်မာပြည် အောက်ဘက်ပိုင်းဒေသများတွင် အလွယ်တကူရရှိနိုင် သည့် ကုလားပဲအမှုန့်ဖြင့် တိုဟူးကို ကျိုချက်ကြပါသည်။ မြန်မာနိုင်ငံတွင် အိမ်တွင်းလုပ် အဝါရောင်တိုဟူးများကို အမြို့မြို့အနယ်နယ်တိုင်းရှိ ဈေးဆိုင်တန်းများ၌ ထောင့်မှန် စတုဂံပုံသဏ္ဌာန် လေးထောင့်အတုံးများတုံး၍ တစ်နှစ်ပတ်လုံး ရောင်းချကြပါသည်။ နနွင်းမှုန့် လုံးဝမထည့်ထားသော အဖြူရောင်တိုဟူးများကိုလည်း ရံဖန်ရံခါ တွေ့ရတတ်သည်။ အိမ်တွင်းလုပ် တိုဟူး၏ အသားမှာ အနည်းငယ် တောင့်တင်းသည်။

          တိုဟူး၏ မူလသဘာဝအရသာမှာ စိမ့်၍ အသားမှာ ခပ်ဖွယ်ဖွယ်ဖြစ်သည်။ သို့သော် ၄င်းကို ဟင်းခတ်အမွှေးအကြိုင်အနှစ်များဖြင့် မွမ်းမံပြင်ဆင်ချက်ပြုတ်လိုက် သည့်အခါတွင် အရသာရှိသည့် စားမြိန်ဖွယ်ဟင်းလျာ ဖြစ်လာပါသည်။ မြန်မာပြည်တွင် အနည်းငယ် တောင့်တင်းသော အိမ်တွင်းလုပ် တိုဟူးများကို အစိမ်းလိုက် အသုပ် သုပ်၍သော်လည်းကောင်း၊ တိုဟူးကြော်သုပ်အဖြစ်လည်းကောင်း၊ အသီးအရွက်တို့ဖြင့် ရောနှောပြီးလျှင် သက်သတ်လွတ်အစိမ်းကြော်အဖြစ်လည်းကောင်း ချက်ပြုတ်စား သောက်ကြပါသည်။ ထို့ပြင် တိုဟူးကို မိမိနှစ်သက်သလို အကြွပ်ကြော် (သို့) အပျော့ကြော်ကာ အချဉ်ရည်ဖြင့် တို့၍  သရေစာအဖြစ် စားသောက်လေ့ရှိကြပါသည်။ ယခင်ကာလများ၌ ရှမ်းပြည်နယ်တွင်သာ စားရသော တိုဟူးနွေးကို ယခုအခါ မြန်မာနိုင်ငံ၏ နေရာဒေသမရွေး၊ လူမျိုး ဘာသာမရွေး နှုတ်မြိန်ဖွယ် အာဟာရအဖြစ် စားသုံးနိုင်ပါသည်။

တိုဟူးနှင့် ကျန်းမာရေးကောင်းကျိုးအချို့

          သက်သတ်လွတ်စားသူတွေကို ပရိုတင်းဓာတ် ပြည့်ဝစေပါတယ်-ပရိုတင်းဓာတ် အပြည့်အဝပါတဲ့ တိုဟူးကို သက်သတ်လွတ်စားသူတွေအနေနဲ့ မဖြစ်မနေ မှီဝဲသင့်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးနဲ့ ညီညွတ်ဆုံး အစားအစာများအကြောင်း လေ့လာမှုတစ်ရပ်အရ တိုဟူး ၄ အောင်စ တစ်တုံးမှာ ပရိုတင်းဓာတ် ၉ ဒသမ ၁၆ ဂရမ် ပါဝင်ပြီး ဒီပမာဏဟာ တစ်နေ့တာလိုအပ်တဲ့ ပရိုတင်း ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။

          စွမ်းအင်ထုတ်လုပ်ပေးတယ် – တိုဟူးမှာပါဝင်တဲ့ သံဓာတ်နဲ့ ကြေးနီဓာတ်တွေက ဟေမိုဂလိုဘင် တည်ဆောက်မှုမှာ မရှိမဖြစ်အရေးပါပြီး စွမ်းအင်ကို ထုတ်လုပ်ပေးပါတယ်။ ကြေးနီနဲ့ မဂ္ဂနိစ်တို့က ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးပေးနိုင်မယ့် အင်ဇိုင်းတစ်မျိုးအတွက် အရေးပါပြီး ကြေးနီဟာ အရိုး အဆစ်ရောင်ရမ်းနာရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။

          အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ် – တိုဟူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အရိုးတွေကို သန်စွမ်း ကျန်းမာစေပြီး အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

          နှလုံးသွေးကြောတွေကို ကျန်းမာစေပါတယ်- တိုဟူးမှာပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ နှလုံးကျန်းမာစေပြီး သွေးကြောတွေမှာ သွေးခဲမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးကြောပိတ်ဆို့စေတဲ့ ကိုလက်စထရောတွေကိုလည်း လျော့နည်းစေပါတယ်။

          ကင်ဆာကို ကာကွယ်ပေးပါတယ် – တိုဟူးမှာ ပါဝင်တဲ့ ဆီလီနီယမ်ဓာတ်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းထက်အာနိသင် ပါရှိပါတယ်။ ဆီလီနီယမ်ဟာ အိုင်အိုဒင်းနဲ့ တွဲ၍ သိုင်းရွိုက် ရဲ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီအောင် ကူညီပြီး DNA ကို ပြုပြင်ပေးတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တာ ဖြစ်ပါတယ်။ တိုဟူးမှာပါဝင်တဲ့ အိုက်ဆို ဖလေဗုန်းကြောင့် ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတို့ဖြစ်နိုင် တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

          သွေးဆုံးအကြိုဝေဒနာနဲ့ သွေးဆုံးဝေဒနာတွေကို သက်သာစေပါတယ် – တိုဟူးမှာ ပါဝင်တဲ့ အိုက်ဆို ဖလေဗုန်းဟာ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ သွေးဆုံး အကြိုဝေဒနာနဲ့ သွေးဆုံးဝေဒနာတွေ၊ အထူးသဖြင့် ချွေးထွက်လွန်ပြီး ပူနွေးတဲ့ ဝေဒနာကို သက်သာစေပါတယ်။

          မကောင်းတဲ့ ကိုလက်စထရော လျော့နည်းစေပြီး ကောင်းတဲ့ ကိုလက်စထရော တိုးစေပါတယ် – တိုဟူးမှာ ပါဝင်တဲ့ အိုက်ဆိုဖလေဗုန်းကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LDL ကို လျော့နည်းစေပြီး ကောင်းတဲ့ ကိုလက်စထရော HDL ကို တိုးစေပါတယ်။ ကောင်းကျိုးတွေ များစွာပေးနိုင်တယ်ဆိုပေမယ့်လည်း ပဲနှင့်ပြုလုပ်ထားတဲ့ အစားအစာများ စားမရသော တချို့လူတွေအတွက် ကတော့ ကိုယ်နှင့် သင့်တော်သလောက် သင့်တင့်ရုံသာ စားသုံးသင့်ပါကြောင်း အကြံပြုရင်း သိရှိ၊ ဖတ်မှတ် သင် ကြားခဲ့သော ဗဟုသုတလေးများအား ရှယ်ပေးလိုက်ပါတယ်။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ကြ မယ်နော်။

မှတ်ချက်- စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Bean Curds & Tofu နဲ့ ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ။ http://www.whfoods.com/tofu နှင့် ပေါက်ပေါက်၊ ကြယ်စင်တို့မှ အချက်အလက်အသစ်များနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ တိုဟူးစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့်တိုင်ပင်ပါလို့ အကြံပြုပါရစေ။

Healthy Eating and Happy life…

အိမ်လုပ်တိုဟူးသုပ် (Homemade Yellow Tofu Salad)

          အိမ်မှာ စိတ်တိုင်းကျ လုပ်စားသော တိုဟူးက ကျန်းမာရေးအတွက်လည်း ညီညွတ် ကောင်းမွန်စေပြီး အာဟာရကိုလည်း မပျက်စေပါ။

 

ပါဝင်ပစ္စည်းများ (၃- ၄ ယောက်စာ)

အသင့်ကျိုတိုဟူးမှုန့်  –  ၁ ထုပ် (အထုပ်မှာပါသည့် အညွှန်းအတိုင်း ကျိုထားပါ)

ခရမ်းချဉ်သီး  –  ၃ လုံး (ပါးပါးအရှည်လှီးထားပါ)

ဂေါ်ဖီ  –  ၁ စိတ် (ခပ်ပါးပါး လှီးထားပါ)

မြေပဲလှော်  –  စားပွဲဇွန်း ၃  ၁/၂ ဇွန်း- ၄ ဇွန်း (မညက်တညက် ထောင်းထားပါ)

ကြက်သွန်နီကြော်  –  လိုသလောက်

ကြက်သွန်ဖြူကြော်  –  လိုသလောက်

ဆီချက်  –  လိုသလောက်

မန်ကျည်းသီးနှစ်  –  လိုသလောက်

ဆား  –  အနည်းငယ်

ပူဒီနာ  –  ၃ ပင် (အရွက်တွေ ခြွေထားပါ)

ပြုလုပ်နည်း

          ဖန်ဇလုံကြီးထဲ ပါဝင်ပစ္စည်းများကို  စိတ်တိုင်းကျထည့်ပါ။ (ကျိုထားသော တိုဟူးကို ခပ်ပါးပါး အချောင်း လိုသလောက်လှီးထားပါ) တိုဟူးနှင့်အတူ ပါဝင်ပစ္စည်းများကို လက်ဖြင့် သေချာ ခပ်ဖွဖွလေး နယ်ပါ။ ဆားမြည်းပါ။ အချို၊ အငန်၊ အစပ် စိတ်တိုင်းကျလိုတာထည့်ပြီး ချက်ချင်းသုံးဆောင်ပါ။

Facebook Comments