Health Benefits of Food ဆန် (Healthy Recipe and Health Benefits of Rice)

by Syi Lwin (foodsgarden) for Food Magazine

          ဆန်က ကမ္ဘာတစ်ဝန်းမှာ လူသားတွေ အများဆုံး စားသုံးတဲ့ ကောက်နှံတစ်မျိုး ဖြစ်ပါ တယ်။ ၁၀ဝ ဂရမ်ရှိတဲ့ ဆန်ထဲမှာ ခန္ဓာကိုယ်အတွက် ကာဗိုဟိုက်ဒရိတ်ခေါ် ခွန်အားဖြစ်စေတဲ့ဓာတ်က ၈၀ ဂရမ်၊ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးစေတဲ့ ခွန်အား ၈ ရာခိုင်နှုန်းတို့အပြင် ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီတူး၊ နီအာစင် စတဲ့ ဗီတာမင်များနဲ့အတူ သတ္တုဓာတ် အာဟာရအချို့လည်း ပါရှိနေပါတယ်။ လူအများစု နေ့စဉ် စားသုံးတဲ့ဆန်က အမျိုးအစားအမျိုးမျိုး ရှိပါတယ်။ အဲဒီ အထဲကမှ ဆန်ဖြူစားသုံးတဲ့ အာရှနိုင်ငံတွေက လူတွေ အဝလွန်ရောဂါ နည်းပါးကြပါတယ်။  အာဟာရအဖြစ် စားသုံးတယ်ဆိုပေမယ့် မည်သည့်ဆန်အမျိုးအစားက ပိုပြီးထိရောက်တယ်၊ ကျန်းမာရေးအတွက် အထောက် အကူပြုတယ်ဆိုတာ လေ့လာသင့်ပါတယ်။ ပေါင်းဆန်ဆိုလျှင် အာဟာရအပြည့်အဝပေးစွမ်းနိုင်တာကြောင့် ကျန်းမာသန်စွမ်းပြီး ခွန်အားများ ရရှိပြီး သန်မာစေ ပါတယ်။ အာရှနိုင်ငံအတော်များများမှာ ထမင်းဖြူကို အဓိကထားပြီး စားသုံးကြပါတယ်။ ထမင်းကို မနက်စာမှ ညစာအထိ စားသုံးကြပါတယ်။ တချို့နိုင်ငံတွေမှာ အာဟာရချို့တဲ့မှုတွေ ဖြစ်တယ်ဆိုတာ ဆန်ကို အဓိကထားပြီး စားသုံးမှုနည်းသောကြောင့် ဖြစ်ပါတယ်။ ဒီလို အရေးပါတဲ့ အာဟာရဓာတ်တွေ ချို့တဲ့နေရင် နုံးချည့်တာနဲ့ ကိုယ်အလေးချိန်လျော့ကျပြီး အင်အားပြတ်တာမျိုး ပြဿနာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဆန်ဆိုလျှင် အတော်များများ တစ်နှစ်ပတ်လုံး ရရှိနိုင်ပြီး ဈေးလည်း အသင့်အတင့်ရှိသော ဆန်ကို နေ့စဉ်စားသုံးသင့်ပါတယ်။ ကျန်းမာရေးအတွက် သင့်တင့်သော အထောက်အကူ များ ပေးစွမ်းနိုင်တာကြောင့် ဒီလရဲ့ Health Benefits မှာ Benefits of Rice Article နဲ့အတူ Soy Bean and Tomato Sauce Rice Salad လုပ်နည်းလေးပါ ပူးတွဲ လေ့လာဖော်ပြလိုက်ပါတယ်။

          ဆန်ကို အာရှနိုင်ငံတွေမှာ အများဆုံးစိုက်ပြီးတော့ အနောက်တိုင်းနိုင်ငံတွေကို တင်ပို့ပါတယ်။ နိုင်ငံတစ်နိုင်ငံ နဲ့တစ်နိုင်ငံ စိုက်ပျိုးနည်းကတော့ မတူပါဘူး။ ဆန်မှရရှိသော အာဟာရ အရသာကလည်း အနည်းငယ်တော့ ကွာခြားမှုရှိပါတယ်။ ဆန်ကြိတ်ခွဲတဲ့ နည်းစနစ်ကတော့ ဘယ်လိုပုံစံပဲဖြစ်စေ ဆန်ကိုကြိတ်ခွဲတဲ့အချိန်ကြာလာတာနဲ့အမျှ ဆန်ထဲမှာပါတဲ့ ဗီတာမင်ဘီဝမ်း ပမာဏတွေ ဆုံးရှုံးသွားစေပါတယ်။ ဒါကြောင့် ဆန်ကို ဖြူဖွေးသွားတဲ့ အဆင့်ထိရောက်မသွားအောင် လျော့ကြိတ်ခြင်း၊ လုံးတီး ဆန်၊ လျော့ကြိတ်ဆန်တို့ကို စားသုံးခြင်းဖြင့် နေ့စဉ်စား နေကျဖြစ်တဲ့ ဆန်ထဲမှ ဗီတာမင်ဘီဝမ်း အတော်များများ ကို ရရှိနိုင်ပါလိမ့်မယ်။ ပေါင်းဆန်ထဲမှာပါတဲ့ ဗီတာမင် ဘီဝမ်း ပမာဏဟာ ရိုးရိုးဆန်မှာပါတဲ့ ဗီတာမင်ဘီဝမ်း ပမာဏထက် ၂ ဆမှ ၅ ဆအထိ ပိုများပါတယ်။ အကြောင်း ရင်းကတော့ ပေါင်းဆန်ဖြစ်အောင် ကြိတ်ခွဲရာမှာ စပါးကို မကြိတ်ခွဲမီ ရေနွေးနဲ့ စိမ်ခြင်း (သို့) ရေနွေးငွေ့ပေးခြင်း ပြုလုပ်ရပါတယ်။ ဗီတာမင်ဘီဝမ်းဟာ ရေမှာ ပျော်ဝင်နိုင် တာကြောင့် အဲဒီလိုပြုလုပ်ခြင်းဖြင့် ဆန်ရဲ့အပေါ်ယံလွှာပေါ်ရှိ ဘီဝမ်းဓာတ်တွေဟာ ရေနွေး (သို့) ရေနွေးငွေ့ တွေနဲ့အတူ ဆန်စေ့ရဲ့အတွင်းပိုင်းထဲကို စိမ့်ဝင်သွားပါတယ်။ ၄င်းနောက် စပါးကို အခြောက်လှန်းပြီး ကြိတ်ခွဲ လိုက်တဲ့အခါ စောစောက ဆန်စေ့ထဲမှာ ဝင်ရောက်နေတဲ့ ဗီတာမင်ဘီဝမ်းတွေဟာ ဖွဲနဲ့အတူ ပါမသွားတော့ဘဲ ဆန်ထဲမှာသာ စွဲကျန်ရစ်စေပါတယ်။ ဆန်စားသုံးခြင်းဖြင့် သွေးတိုး၊ ကင်ဆာ၊ အသားအရေ၊ အစာကြေညက်ချင်း များကို ကာကွယ်ပေးပါတယ်။ တချို့နိုင်ငံတွေဆို ဆန်ဆေးရေကို အအေးခံပြီး အအေးအဖြစ် သောက်ကြပါတယ်။ ဆန်ဆေးရေ၊ ဆန်မှုန့်၊ အလှကုန်ပစ္စည်း၊ ဆပ်ပြာ၊ လိုရှင်းတွေမှာလည်း ပါဝင် ထည့်သွင်းပြုလုပ်ပါတယ်။ ဆန်က ချက်ရတာ အင်မတန် လွယ်ကူပါတယ်။

          ထမင်းချက်ရာမှာ အရသာသာမက ကျန်းမာရေး အာဟာရဓာတ်တွေပါ မဆုံးရှုံးစေမယ့် နည်းလမ်းတွေနဲ့ လွယ်ကူစေမယ့် ထမင်းချက်ခြင်း နည်းလမ်းများဖြင့် ချက်ပြုတ်စားသုံးနိုင်လျှင် ပိုကောင်းပါတယ်။ ချက်ပြုတ်နည်းလမ်းများ တချို့ဖော်ပြလိုက်ပါတယ်။ ထမင်းချက်ရာမှာ ရှလကာရည် တစ်စက်၊ နှစ်စက် ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့်အပြင် ရာသီ ဥတုအလွန်ပူပြင်းပြီး ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ထမင်းချက်ရာမှာ ဆားအနည်းငယ်နဲ့ မြေပဲဆီ အနည်းငယ် ထည့်ပြီး မွှေပေးလိုက်ပါ။ ဆန်ဖွာခြင်းမရှိဘဲ ခံတွင်းတွေ့စေမယ့် ထမင်းရရှိမှာပါ။ လက်ကျန်ထမင်းကို ပြန်နွှေးရာမှာ ဆားအနည်းငယ်ထည့်ပေးခြင်းအားဖြင့် အနံ့ဆိုးများကို ပျောက်စေမည့်အပြင်  ထမင်းကိုလည်း နူးညံ့စေမှာ ဖြစ်ပါတယ်။ ထမင်းချက်ရာမှာ ရေကျက်အေး ဖြင့် ချက်ပေးပါက ဆန်မှာပါဝင်တဲ့  ဗီတာမင်ဘီဝမ်းဓာတ် ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။ ထမင်းတူးသွားပါက ထမင်းကြားထဲမှာ ကြက်သွန်မြိတ် တစ်ပင်ကိုထည့် ပြီး ခဏဖုံးအုပ်ထားပေးလိုက်ပါ။ တူးနံ့များ ယူပစ်သလို ပျောက်သွားစေမှာ ဖြစ်ပါတယ်။ ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါ။ ရရှိလာတဲ့ထမင်းက အနံ့အရသာကို  ပြည့်စုံစေရုံသာမက အာဟာရလည်း အလွန်ဖြစ်စေပါတယ်။

          များသောအားဖြင့် နွမ်းပါးသော နိုင်ငံအတော်များ များမှာ လုပ်လေ့ရှိသော ဓလေ့ကတော့ ညစာစားပြီး ပိုသောထမင်းများကို ရေခဲသေတ္တာထဲ ထည့်သိမ်းကာ နောက်တစ်နေ့ နံနက်ရောက်တဲ့အခါ ထမင်းကြမ်းခဲကို ထမင်းကြော်စားခြင်း (သို့) ပူအောင်ပြန်နွှေးပြီး နံနက်စာ စားလေ့ရှိပါတယ်။ သို့သော် ကျန်းမာရေးရှုထောင့်က ကြည့်တဲ့အခါ ချက်ပြုတ်ပြီး ထမင်းတွေကို ပုံမှန်အခန်း အပူချိန်ထဲမှာသာ ထားသင့်ပါတယ်။ ထမင်းကြမ်းခဲတွေ ကို ၁ ကြိမ်လောက် ပြန်နွှေးစားခြင်းက ပြဿနာမရှိ သော်လည်း၊ မကုန်နိုင်လို့ ၁ ကြိမ်ထက်ပိုပြီး အပူပြန်နွှေး တဲ့အခါ ထမင်းထဲမှာရှိတဲ့ အာဟာရဓာတ်အားလုံး ဆုံးရှုံး သွားနိုင်ပါတယ်။ ဒီနည်းက အာဟာရအဖြစ် စားခြင်း မဟုတ်ဘဲ ဗိုက်တင်းဖို့ သက်သက်စားရုံသာ ဖြစ်ပါ တယ်။ စားမကုန်တော့တဲ့ ထမင်းကြမ်းတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး ထပ်ခါထပ်ခါ ပြန်နွှေးစားခြင်းက အာဟာရ မဖြစ်စေရုံသာမက အခန့်မသင့်ရင် အစာခြေဖျက်မှု အားနည်းတဲ့ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုတွေအတွက် အစာအဆိပ်သင့်စေနိုင်ပါတယ်။

          ဆန်/ထမင်း စားခြင်းဖြင့် ရရှိနိုင်စေသော ကောင်း ကျိုးဗဟုသုတများရှယ်ရင်း  ဒီလောက်နဲ့ ရပ်နားပါရစေရှင်။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ ကြမယ်နော်။ Healthy Eating and Happy life…..

မှတ်ချက် – စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Benefit of Rice & Grain နဲ့ ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ https://www.organicfacts.net နဲ့ https://authoritynutrition.com/foods/rice အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ ဆန် / ထမင်းစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါ ပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

 

ပဲပုပ်စေ့ ခရမ်းချဉ်သီးဆော့စ်ထမင်းသုပ်

(Soy Bean and Tomato Sauce Rice Salad)

          ပင်ပန်းနွမ်းနယ်ပြီး ဟင်းချက်ဖို့ အချိန်မပေးနိုင်သူတွေအတွက် တစ်ပွဲတည်းနဲ့ တင်းတိမ်ပြည့်ဝသော အရသာကို ပေးစွမ်းနိုင်တဲ့ ထမင်းသုပ်လေးပါ။ စည် အမြဲသုပ်စားဖြစ်တဲ့ ထမင်းသုပ်ပါ။ မြန်ဆန်တယ်။ အမည်များစရာလည်း မလိုဘူး။ စားကောင်းတယ်။ သုပ်စားကြည့်လိုက်ပါနော်။

(က) ထမင်းသုပ်ရန် ပါဝင်ပစ္စည်းများ (၂  ယောက်စာ)

ထမင်း  –  ၂ ခွက် ချက်ပြီးသား

ဆား  –  အနည်းငယ်

ခရမ်းချဉ်သီး  –  ၂ လုံး (အစေ့ထုတ်၊ အတုံးသေးသေးလှီးထားပါ)

ဂေါ်ဖီ  –  ၂  ဖတ် (ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ)

သံပရာသီး  –  ၂ -၃  လုံး (အရည်ညှစ်ယူထားပါ)

(ခ) ပဲပုပ်စေ့ခရမ်းချဉ်သီးဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများ

ပဲပုပ်စေ့  –  စားပွဲဇွန်း ၁၀ ဇွန်း (ဆီဖြင့် ကြော်ထားပါ)

ကြက်သွန်ဖြူ  –  ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ကြက်သွန်နီ  –  ၃ လုံး (နုပ်နုပ်စဉ်းထားပါ)

ခရမ်းချဉ်သီး  –  ၅ လုံး (ပါးပါးလှီးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

နေကြာဆီ  –  စားပွဲဇွန်း ၇ – ၈ ဇွန်း

စပါးလင်  –  ၁ ချောင်း (၂ ပိုင်းပိုင်းပြီး ထုထုံးထားပါ)

(ဂ) တွဲဖက်စားရန်

ငရုတ်သီးစိမ်း  –  လိုသလောက်

ကြက်သွန်ဖြူ  –  ၁ လုံး

ပဲပုပ်ပြားကြော်  –  လိုသလောက်

တိုဟူးခေါက်ကြော်  –  လိုသလောက်

ပြုလုပ်နည်း

၁။       ဒယ်အိုးထဲ ဆီ၊ ကြက်သွန်ဖြူ/နီနှင့် နနွင်းမှုန့်တို့ကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နွမ်းလာလျှင် ခရမ်းချဉ်သီးထည့်ပြီး နွမ်းအိသည်အထိ တည်ပါ။ မကြာခဏ မွှေပေးပါ။ ပြီးလျှင်

ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးတည်ပါ။ ခရမ်းချဉ်သီးအနှစ်များ သေချာအနှစ်ကျလျှင် ရပါပြီ။

၂။       ဖန်ဇလုံအကြီးထဲ (က) ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ပဲပုပ်စေ့ခရမ်းချဉ်သီးဆော့စ်ကို လိုသလောက်ထည့်ပြီးလျှင် အရသာသေချာဝင်အောင် လက်ဖြင့် နယ်ပေးပါ။ ဆားမြည်းပါ။ အပေါ့၊ အငန်၊ အချဉ်အစပ်ကို လိုတာထပ်ဖြည့်ပါ။ သုပ်ပြီး သုံးဆောင်ရန် ပန်းကန်ထဲထည့်ပြီးလျှင် တွဲဖက်စားရန် ပစ္စည်းများနှင့် အတူတွဲပြီး ချက်ချင်း သုံးဆောင်ပါ။

Facebook Comments