Health Benefits of Food ကုလားပဲ (Healthy Recipe and Health Benefits of Yellow Split Pea)

by Syi Lwin (foodsgarden) for Food Magazine

          ကုလားပဲမှာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ အရောင်ကာလာရှိပြီး မထင်မှတ်လောက်အောင် အရသာ၊ အာဟာရ ပေးစွမ်းနိုင်တဲ့ ပဲတစ်မျိုးလည်း ဖြစ် ပါတယ်။  ရှေးခေတ်လူကြီးတွေ၊ အနောက်ပိုင်းနိုင်ငံတွေက အတော်များများ ပဲအစားများကြပါတယ်။ ဒါပေမဲ့ ရာသီပေါ်လောက်ပဲ စားရတယ်။ ပြီးတော့ ပဲအစိုက အထားမခံတာကြောင့် အထားခံမယ့် နည်းလမ်းကို ရှာဖွေ ၍ ပဲအခြောက်လုပ်ပြီး တစ်နှစ်ပတ်လုံး ပဲကို လိုတဲ့အချိန် စားလို့ရအောင် နှစ်ပေါင်းများစွာထဲက ပဲအခြောက် ရှိလာ ခဲ့တာဖြစ်ပါတယ်။ ကုလားပဲမှာ အလုံးလိုက် ဆင်ခေါင်းပဲလို့ခေါ်တဲ့ ပဲအနေဖြင့် စားသုံးလို့ရသလို ပဲအခြမ်း ကုလားပဲခြမ်းအနေဖြင့်လည်း ပုံစံအမျိုးမျိုးဖြင့် စားသုံးလို့ရပါတယ်။ ကုလားပဲမှာ အစိမ်းရောင်ရင့်ရင့် အမျိုးအစားလည်း ရှိသလို လူသိများသော အဝါရောင်အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ကုလားပဲခြမ်းမှာ အရွယ်အစား အသေးအကြီး တော့ ရှိပါတယ်။ ကုလားပဲခြမ်း အသေးက ပိုပြီးကျစ်လျစ်ကာ အရသာမှာ ပိုစိမ့်ပြီး အရသာလေးပင်နက်နဲတာကို တွေ့ရပါတယ်။ ကုလားပဲခြမ်းအစိမ်းကိုတော့ ဥရောပ နိုင်ငံအတော်များများမှာ အသုံးပြုကြပါတယ်။ အရသာက အဝါရောင်နှင့် သိပ်ကွာခြားမှုမရှိပေမယ့် အနံ့ကတော့ ထူးခြားပါတယ်။ ကာလာအရောင်ကလည်း ချက်ပြီး စိမ်း စိမ်းလေး ဖြစ်နေပါတယ်။ ကုလားပဲ အစိမ်းက အဝါရောင် ကုလားပဲထက် အရသာ၊ အာဟာရ အနည်းငယ်သာ ပါတယ်။ ကုလားပဲတွေကို အခြောက်လှန်းတဲ့နေရာမှာ ပဲများရင့်ပြီး ရိတ်သိမ်းချိန်ရောက်မှာ ရိတ်သိမ်းလျှင် အခြောက်လှန်းရတာ လွယ်ကူပြီး ကြာရှည်ခံကာ နဂို အရသာကိုလည်း ပျောက်ပျက်မသွားပါဘူး။ ကုလားပဲ စားပြီးလျှင် ခွန်အားတွေကို ရရှိစေပါတယ်။ ကမ္ဘာအနှံ့က ဟိုတယ်တွေက စားဖိုမှူးတွေရဲ့ အကြိုက်ဆုံးပဲလည်း ဖြစ်ပါတယ်။ အသားဓာတ် အပြည့်အဝပါရှိတာကြောင့် သက်သတ်လွတ် စားသုံးကြသူတွေရဲ့ အကြိုက်ဆုံး ပဲ လည်းဖြစ်ပါတယ်။ ကလေးသူငယ်တွေအတွက် ကလေး စာအဖြစ် ကျွေးလို့ရတာကြောင့် အိမ်ရှင်မတွေကြားမှာ ရေပန်းစားစေသော  ပဲလည်း ဖြစ်ပါတယ်။  ဒါ ကြောင့် စည် လေ့လာသင်ယူ ဖတ်မိမှတ်မိထားသလောက် သိကောင်း စရာလေးများကို အားလုံးအတွက် ကျန်းမာရေးနှင့် ညီညွတ်စွာ ကုလားပဲစားသုံး လေ့လာနိုင်စေဖို့ ဒီလရဲ့ Health Benefits of Food မှာ Benefits of Yellow Split Pea Article နဲ့အတူ Yellow Split Pea with Sticky Rice လုပ်နည်းလေးနှင့်အတူ ပူးတွဲ ပြန်လည်မျှဝေလိုက်ပါတယ်။

          ကုလားပဲကို စွယ်စုံရတဲ့ ဟင်းအမည်တစ်မျိုးလို့ ဆိုရမှာပါ။  ဟင်းချိုအဖြစ် ချက်သောက်လို့ ရသလို ကုလားပဲသုပ်၊ ကုလားပဲခြမ်းကြော် စသဖြင့်လည်း စားနိုင်ပါတယ်။ ကုလားပဲစားတာကြောင့် အောက်ပါအကျိုး ကျေးဇူးများကို ရရှိစေပါတယ်။

          ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ် – ကုလားပဲမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ် များစွာပါဝင်ပြီး Glycemic Index နည်းပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကုလားပဲဟင်း ခွက်တစ်ဝက်စာခန့် စားပေးရင် ကြာကြာဗိုက်ပြည့်စေပြီး အစာများများ မစားဖြစ်အောင် ထိန်းပေးပါတယ်။ ဒါကြောင့် ကယ်လိုရီနည်းနည်းစားဖြစ်ကာ ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်ပါတယ်။

          သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ် – နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ကုလားပဲဟင်းခွက်ရဲ့ လေးပုံသုံးပုံ ထည့်စားတာကြောင့် အမျှင်ဓာတ်ကို ရရှိစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေသလို နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

          အစာခြေလမ်းကြောင်းရဲ့ လုပ်ငန်းတွေကို ပံ့ပိုးပေးပါတယ် – ကုလားပဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ  အစာခြေ လမ်းကြောင်းစနစ်ကို ကျန်းမာစေတဲ့အပြင် အူမကြီးရှိ ဆဲလ်တွေကို ကျန်းမာစေပါတယ်။ အူမကြီးဆဲလ်တွေ ကျန်းမာတာကြောင့် လုပ်ငန်းဆောင်တာ ပိုကောင်းမွန်ပြီး အူမကြီးကင်ဆာအပါအဝင် အူမကြီးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

          အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ် – ကုလားပဲမှာ ဆာပိုနင်လို့ခေါ်တဲ့ ဖိုင်တိုကမ်မီကယ် ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်။ ကုလားပဲမှာ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ သွပ်ဓာတ်တို့အပြင် ဖောလိတ်ဓာတ်လည်း များစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေက တစ်ကိုယ်လုံးရှိ နှလုံးသွေး ကြောစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်နဲ့ နာ့ဗ်ကြောစနစ်တွေကို ထောက်ပံ့ပေးတာကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါ စတဲ့ရောဂါဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

          နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ် – ကုလားပဲကို နေ့စဉ် အနည်းငယ်စားတာက သွေးတွင်းမကောင်းတဲ့ အဆီတွေကို လျော့ကျစေတာကြောင့် နှလုံးသွေးကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကုလားပဲမှာပါတဲ့ အမျှင်ဓာတ်ဟာ  သွေးကြောနံရံကို ကျန်းမာစေတာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

          သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီမျှစေပါတယ် – ကုလားပဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ် နှစ်မျိုးဟာ အစာခြေလမ်းကြောင်း စနစ်အတွင်း သွေးလည့်ပတ်စီးဆင်းမှုကို ကောင်းစေပြီး အစာခြေဖျက်မှုကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် အစာက ထွက်လာတဲ့ သကြားဓာတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်အပေါ်  အစာခြေစနစ်ရဲ့ သက်ရောက်မှုကို ဟန်ချက်ညီမျှစေပါတယ်။

          ကယ်လိုရီရယူမှုကို ထိန်းပေးပါတယ် – ကုလားပဲနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်စွမ်းအကြား ဆက်စပ်မှု ကို လေ့လာခဲ့တဲ့အခါ ကုလားပဲစားရင် စိတ်ကျေနပ်မှု ရရှိစေကာ ဆာလောင်မှုနဲ့  အစာစားချင်စိတ်ကို  ထိန်းချုပ်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ကြောင်း သိရပါတယ်။ ကုလားပဲဟာ အစာကြေညက်စေပြီး ကယ်လိုရီရယူမှုကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေနဲ့ ကိုယ် အလေးချိန် ထိန်းနေသူတို့အတွက် ကုလားပဲဟင်းကို စားပေးပြီး တခြားကယ်လိုရီများတဲ့အစာတွေကို လျှော့စားသင့်ပါတယ်။

          ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး အစရှိတဲ့ ပဲအမျိုးမျိုးကို စားသုံးတာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေမှာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို လျော့နည်းနိုင်တယ်လို့ ကမ္ဘာ့အာဟာရဆိုင်ရာအဖွဲ့အစည်းမှာ ဖော်ပြ ထားပါတယ်။

          ပဲအမျိုးမျိုးဟာ Glycemic Index လျော့နည်းတဲ့ အစာတွေဖြစ်တာကြောင့် သွေးတွင်းအဆီဓာတ်နှင့် သွေးဖိအားကို ထိန်းချုပ်နိုင်စွမ်းရှိပြီး နှလုံးရောဂါဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။

          ပဲဟင်းကို တစ်ခွက် (သို့ ) ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေ အများအပြားပါဝင်တဲ့ ကောက်နှံတစ်ခုလုံးစာကို စားပေးပါ။ ပဲက  ကောင်းကျိုးတွေ များစွာပေးနိုင်တယ် ဆိုပေမယ့်လည်း  လေသမားများအတွက် လေထိုးလေအောင့် ဖြစ်နိုင်စေသလို  တချို့သောသူတွေကို လေပွ လေကျပ်ခြင်းလည်း ဖြစ်နိုင်စေသောကြောင့် ကိုယ်နှင့်သင့်တော်သလောက် သင့်တင့်ရုံသာ စားသုံးသင့်ပါကြောင်း အကြံပြုရင်း ဗဟုသုတလေးများ ရှယ်ပေးလိုက်ပါတယ်။   နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော်… Healthy Eating and Happy Life…

မှတ်ချက် – စည် သင်ယူထားတဲ့ ဘာသာရပ်များထဲကမှ Beans and Lentils နဲ့ ပတ်သက်ပြီး သင်ခဲ့ရသော ဗဟုသုတလေးများ http://www.whfoods.com/genpage.php နဲ့ Good Health မှ အချက်အလက် အသစ်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ ကုလားပဲ စားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပျောက် ခြင်းတို့ကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

ကောက်ညှင်းနှင့် ကုလားပဲ နွားနို့ဆမ်း

(Sticky Rice and Yellow Split Pea and Milk)

          အတာသင်္ကြန်မှာ ရေကစားပြီး ပြန်လာကြတဲ့သူတွေက မောပန်းပြီး ဗိုက်ဆာလာကြလို့ အဲဒီသူတွေကို ဒီနွားနို့အေးဆမ်းပြီး ကောက်ညှင်းနှင့် ကုလားပဲ ကျွေးလိုက်ရင် အဲဒီအချိုပွဲက အရသာရှိရှိနဲ့ အားအင်တွေ ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။ သင်္ကြန်မှာ  သူငယ်ချင်းများက အကောင်းဆုံးလို့ မဲပေးထားတာကြောင့် အားလုံးလည်း လုပ်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန်  –  ၁ ခွက် (ရေစိမ်ထားပါ)

ကုလားပဲ  –  ခွက်တစ်ဝက် (ရေစိမ်ထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နှမ်းနက်စေ့  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

အုန်းစိမ်းရည်  –  ၂ ခွက်

နွားနို့  –  ၃ ခွက် (ကျိုထားပါ)

သကြားဖြူ  –  ခွက်တစ်ဝက်

ရေခဲတုံး  –  လိုသလောက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထမင်းပေါင်းအိုးထဲ ကောက်ညှင်းဆန်၊ ကုလားပဲ၊ ဆား၊ အုန်းစိမ်းရည်တို့ကို ထည့်ပြီး သေချာ နှံ့အောင်မွှေကာ ထမင်းပေါင်းအိုးမှ Steam ဆိုသော Function ခလုတ် လေး နှိပ်ပြီး တည်ထားပါ။

၂။       နွားနို့ကို သကြားဖြူဖြင့် ကျိုထားပါ။ ရေခဲသေတ္တာထဲ အအေးခံထားပါ။

၃။       ကောက်ညှင်းကျက်လျှင် သုံးဆောင်ရန် ပန်းကန်ထဲ ကောက်ညှင်း လိုသလောက်ထည့်ပြီး နှမ်းနက်အနည်းငယ်ဖြူးပါ။ ပြီးလျှင် နွားနို့အေးအေး ဆမ်းပါ။ ပြီးလျှင် ရေခဲတုံးကို  လိုသလောက် ထည့်ပြီး ရေခဲတုံးမပျော်ခင်  ချက်ချင်းသုံးဆောင်ပါ။

*  မှတ်ချက်- အုန်းသီးကြိုက်နှစ်သက်သောသူများအတွက် အုန်းသီးဖတ်များ ထည့်ဖြူးစားလို့ရပါတယ်။

Facebook Comments