Health Benefits of food Healthy Recipe and Health Benefits of Honey

Syi_TT

Health Benefits of food

Healthy Recipe and Health Benefits of Honey

            ပျားရည်ဆိုတဲ့ အသံလေးကြားယုံနဲ့ ချိုမြိန်ခြင်းဆို တဲ့အရသာကို လျှာပေါ်ခံစားလိုက်ရသလို ဖြစ်တတ်ကြ ပါတယ်။ ပျားရည်ဆိုတဲ့ နာမည်လေးခေါ်သံ၊ ပြောသံကြားရတာနဲ့ ရင်ထဲမှာ ပျော်ရွှင်ခြင်းဆိုတာလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ပန်းပေါင်းစုံ ဝတ်ရည်လေးများမှ စုတ်ယူရရှိလာသော ပျားရည်ရဲ့အရောင်၊ ချိုမြိန်သော အရသာ သင်းသင်းလေးမွှေးသော သင်းရနံ့လေးက လူတိုင်းကြိုက်နှစ်သက်အောင် ချစ်အောင် စွဲမက်အောင် ဆွဲဆောင်တတ်သော စွဲအားများရှိတာကြောင့် ကမ္ဘာ တစ်ဝန်းကလူများက ကိုယ့်ချစ်သူကို ကိုယ်တင်စားပြီး ဟန်နီလို့ ခေါ်တတ်ကြပါတယ်။ ကျန်းမာရေးအတွက် စားသုံးမယ်ဆိုလျှင်လည်း အင်မတန်အသုံးဝင်သော ပျားရည်ဖြစ်ပါတယ်။ ဆေးဝါးဖော်စပ်ရာမှာလည်း အသုံး ဝင်သော ပျားရည်လည်းဖြစ်ပါတယ်။ အခုအခါမှာ သဘာဝကိုဦးစားပေးပြီး ထွက်ရှိလာသော အလှကုန် ပစ္စည်းတွေမှာလည်း ပျားရည်ကို အများဆုံးဦးစားပေး အသုံးပြုကြပါတယ်။

            အခုအခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုယ်တိုင်က ပျားရည်ရဲ့  အာဟာရအပြည့်အဝရရှိခြင်းနှင့် ပျားရည်မှာ ပါဝင်သောဓာတ်အားတချို့က ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာများကို တရားဝင်ထောက်ခံထားပါတယ်။ ပျားရည်ကို ကမ္ဘာတစ်ဝန်းစားဖိုမှူးများ သာမက အိမ်ရှင်မများရဲ့ မရှိမဖြစ်လက်စွဲလျှို့ဝှက် အချိုရည်တစ်မျိုးလည်းဖြစ်ပါတယ်။ ဆေးဝါးပစ္စည်း ထုတ်ဖော်ရာမှာတွင်မဟုတ်ဘဲ အလှကုန်ပစ္စည်းများ၊ အချိုပွဲ ဟင်းပွဲတွေ အထိနေရာတိုင်းမှာ အသုံးဝင်သော ပျား ရည်ကို နေ့စဉ်နေ့တိုင်း အသုံးပြုစားသုံးနေပေမယ့် ကျန်းမာရေးအတွက် ညီညွတ်စွာ ဘယ်လိုတွေသုံးစွဲစားသုံး ပြီး ခန္ဓာကိုယ်အတွက် အထောက်အကူပြုလဲ၊ အသုံးဝင်လဲဆိုတာ သေချာလေ့လာဖို့ ဖတ်ရှုသင့်ပါတယ်။

            ပျားရည်ရဲ့ ကောင်းကျိုးအာနိသင်လေးများကို ဒီလရဲ့  Healthy Article and Healthy Food Recipe မှာ  သိရှိတာလေးများအား ဖော်ပြလိုက်ပါတယ်။

            ပျားရည်ကို နှစ်ပေါင်း ၂၇ဝဝ ကျော်လောက်တည်းက လူသားများ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ပျားရည် ကို အစားအသောက်တွေထဲမှာ စားသုံးရန်အသုံးပြုရုံမက ဆေးဖက်လည်း ဝင်သောကြောင့်လည်း ကမ္ဘာတစ်ဝန်းလုံး လူတိုင်းအသုံးပြုကြပါတယ်။ ပျားရည်ကို ပန်းပေါင်းစုံရဲ့ဝတ်ရည်က ရရှိပြုလုပ်ထားတာကြောင့် လူမျိုး ဘာသာမရွေး အသုံးပြုကြတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ရှေးခေတ်ပေါင်းများစွာထဲက ပျားရည်ကို အနာကျက်ဆေးအနေဖြင့်လည်းကောင်း၊ ချောင်းဆိုးပျောက်ဆေးအနေဖြင့် လည်းကောင်း၊ အသားလှဆေးအနေဖြင့် လည်းကောင်း အသုံးပြုခဲ့ကြပါသည်။ ရှေးခေတ်က ပျားရည်ရဲ့ အစွမ်းထက်မှုကို အသေအချာမသိခဲ့ကြသော်လည်း အခုအခါမှာ ဆေးဝါးရှာဖွေရေး ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်များအရ ပျားရည်ရဲ့ အစွမ်းထက်ရခြင်း၏ အဓိကအကြောင်းရင်းကို ရှာဖွေ့တွေ့ရှိခဲ့ကြပါ သည်။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အများ ပါဝင်သောကြောင့်ဖြစ်ပါသည်။ ပျားရည်ကို ထုတ်လုပ်သည့်နိုင်ငံ နေရာဒေသနှင့်လိုက်ပြီး ပျားရည်အမျိုးအစားပေါင်း မြောက်များစွာ ခွဲခြားထွက်ရှိပါသည်။ Raw Honey လို့ခေါ်တဲ့ ပျားအုံမှ တိုက်ရိုက်ဖွတ်လာသော ပျားရည်အကြမ်းနှင့် Processed Commercial Honey လို့ခေါ်တဲ့ အပြင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ပျားရည်ကို လေ့လာကြည့်မယ်ဆိုရင် -Raw Honey ပျားရည်အကြမ်းတွေတောင်မှ သဘာဝအတိုင်းဖြစ်ပေါ်နေသော ပျားအုံမှဖွတ်လာသော ပျားရည်က မွေးမြူရေးပျားရည်ထက် အရသာနက်နဲပြီး ပိုမိုထက်မြက်သော အစွမ်းရှိပါတယ်။ ပျားရည်ဆိုသည်မှာ ပျားလုပ်သားလေးများက ပန်းပွင့်ပေါင်းများစွာဆီမှာ စုတ်ယူရရှိလာသော ပန်းဝတ်ရည်တို့မှတစ်ဆင့် ပြုလုပ် ထားခြင်းဖြစ်သည်။ ပျားများသွားထားသော အပင် အမျိုးအစားစုံလေလေ ပန်းပွင့်တို့မှရရှိသော ပိုးသေစေသည့်သတ္တိများနှင့် ဓာတ်တိုးဆန့်ကျင်သည့်သတ္တိများ ပိုများလေလေဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ Clostridium Botulinum bacteria Spore ဟုခေါ်သည့် ဗတ်တီးရီးယားတို့၏ ဥများပါလာတတ်သည်။ ထို့ကြောင့် အသက် ၁ နှစ်အောက်ငယ်သော ကလေးများကို ပျားရည်လုံးဝမတိုက်ရပါ။ ပျားရည်ပါသော အစားအစာများ မကျွေးသင့်ပါ။ မိခင်နို့တိုက်နေသော အမေများလည်း ပျားရည်းစားသုံးခြင်းမှ ဆင်ခြင်ပါ။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ဗတ်တီးရီးယားများ ပေါက်ပွားကာ Botulism လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။ အသက်ကိုပင် သေစေနိုင်ပါသည်။ လူကြီးတွေအတွက်ကတော့ စိုးရိမ်စရာမရှိပါ။

            ပျားရည်တွင်ပါဝင်သော သကြားနှစ်မျိုးအနက် Glucose သည် အစာလမ်းကြောင်းမှ စုပ်ယူမှုမြန်သော ကြောင့် စားပြီးပြီးခြင်း လန်းဆန်းစေသည်။ Fructose ကမူ စုပ်ယူမှုနှေးသောကြောင့် သွေးအတွင်း၌ သကြား ဓာတ်ကို ပုံမှန်ထောက်ပံ့ပေးနိုင်သည်။ အခြားပါဝင်သော ပစ္စည်းများမှာ ဗီတာမင်၊ သတ္တုဓာတ်များနှင့် ဓာတ်တိုး မှုကို ဆန့်ကျင်နိုင်သည့် သတ္တိရှိသော ဒြပ်ပေါင်းများ ပါဝင်ပါသည်။ အီဂျစ်လူမျိုးများက နှစ်ပေါင်းများစွာထဲက ပျားရည်ကို ပုံစံအမျိုးမျိုး သုံးစွဲလာခဲ့ကြတာဖြစ်ပါသည်။ အီဂျစ်သမားတော်များ ဆေးဝါးဖော်စပ်ရာမှာ ပျားရည်ကို အဓိကထားပြီး အသုံးပြုလာကြတာ နှစ်ပေါင်း ၅ ထောင်စုနှစ်ထဲကဖြစ်ပါတယ်။

            ပျားရည်တွင် ဗတ်တီးရီးယားပိုးများနှင့် မှိုများကို သေစေနိုင်သော သတ္တိရှိသည်။ ပျားရည်၏ pH သည် ၄ ပတ်ဝန်းကျင်တွင်ရှိသောကြောင့် အက်ဆစ်ဓာတ်က ပိုးများကို သေစေနိုင်ပါသည်။ ထို့အပြင် အနာမှထွက်လာ သည့် အရည်တို့နှင့် ဓာတ်ပြုပြီး Hydrogen Peroxide လို့ခေါ်တဲ့ ပိုးသတ်ဆေးရည်တစ်မျိုးကိုလည်း ဖြစ်စေ သည်။ ထိုအခါ ပျားရည်သည် အလွန်အစွမ်းထက်သည့် အနာထည့်ဆေးတစ်မျိုး ဖြစ်လာပါတယ်။ အမေရိကန် ဆေးဝါးရှာဖွေလေ့လာရေးအဖွဲ့က ပျားရည်ကို အနာထည့်ဆေးအဖြစ် Hospital Protocol များတွင် ထည့် သွင်းရန် အကြံပြုကြသည်။ အရေပြားတွင် ဖြစ်ပေါ်နေသောအနာများတွင် ဆေးအဖြစ်ထည့်ပါက အနာအ ကျက်မြန်သည်ကို ရှေးကတည်းကပင် သတိထားမိခဲ့ကြပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင် နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ပျားရည်မှာ ကိုလက်စထရောမပါဝင်တဲ့အပြင် သွေးထဲ က မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေကာ နှလုံးရောဂါ ထတဲ့အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

            အရွယ်မရွေး ပျားရည်ကို တစ်နေ့တစ်ဇွန်း နေ့စဉ်ပုံမှန်စားသုံးပါက ကျန်းမာရေးအတွက် အထောက်အကူပြုစေသော ကောင်းကျိုးလေးများကို ရရှိမည့်အပြင် ကင်ဆာရောဂါများကို ကာကွယ်ခြင်း၊ အသားအရေလှခြင်း၊ ဆံပင်လှခြင်း၊ အိုမင်းမှုကို နှေးကွေးစေခြင်းနှင့် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။

            ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စားသုံးပြီးလျှင် စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ် ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိပြီး ကြွက်သားတောင့်တင်း ညောင်းညာမှု လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။

            လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ရော ပြီး သောက်ပေးပါက သက်သာစေပါတယ်။ ပျားရည်နဲ့ သံပရည်တို့ကိုရောပြီး ပုံမှန် မျက်နှာပေါ်ကို သေချာ သုတ်လိမ်းပေးပါ။ နေ့စဉ် မှန်မှန်သုတ်လိမ်းပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တော်ပချောမွေ့ သော အသားအရေကို ရရှိစေပါတယ်။ အခုခေတ်အခါ မှာ အလှကုန်ပစ္စည်း အများအပြားမှာလည်း ပျားရည်ကို အဓိကထားအသုံးပြု ထုပ်လုပ်ထားပါသည်။ ပျားရည် ဆပ်ပြာဆိုလျင်လည်း သုံးပြီးလျှင် အသားအရေချောမွေ့ စေလာစေပါသည်။

            ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချိုဖြစ်တာကြောင့် သကြားအစားထိုးသုံးနိုင်တာကြောင့် ကမ္ဘာတစ်ဝန်းက စာဖိုမှူးများရဲ့  အသဲစွဲလည်းဖြစ်ပါတယ်။ ပျားရည်မှာ ကောင်းကျိုးလေးတွေတင်မဟုတ်ပါဘူး အားနည်းချက်လေးများလည်း ရှိပါတယ်။ UK နှင့် US ကထုတ်သော သဘာဝပျားရည်များတွင် Botulinum Spore များ ပါဝင်တတ်သောကြောင့် အထူးသတိပြုစေလိုသည်။ New Zealand မှထွက်သော tutu အပင်များတွင် နေသည့် ပျားများမှထွက်သည့် ပျားရည်သည် ပျားရည် အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ လက္ခဏာများမှာ အထက်လန်အောက်လျောဖြစ်ခြင်းနှင့် သတိလစ်ခြင်း နှင့် တက်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ပျားရည်ရဲ့ ကောင်းကျိုးလေးတွေကတော့ ကျန်းမာရေးအတွက်တင်မကပါဘူး။ ခန္ဓာကိုယ် အလှအပအတွက်ပါ အထောက်အကူပြုစေသော ပျားရည်ကို နေ့စဉ်ပုံမှန်စားသုံးဖို့ အကြံပြုရင်း ဒီလ ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။  နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော် . . . ။

Healthy Eating and Happy life  . . .

မှတ်ချက် – မစည်သင်ယူထားသည့် ဘာသာရပ်တွေထဲကမှ Honey နဲ့ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများနှင့် www.whfoods.com မှ ကောက်နုတ်ချက်လေးများနှင့် အတူဖော်ပြလိုက်ပါတယ်။ ပျားရည်ကို စားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

Syi Lwin (foodsgarden)

ကြားလုံးပေါက်ပေါက်

(Honey Candy Ball Popcorn)

            လွယ်ကူလျင်မြန်တဲ့ ကျန်းမာရေးအတွက်လည်း သင့်တင့်ပြီး ကြည့်တာနဲ့ ဆွဲဆောင်မှုရှိပြီး ကလေး၊ လူကြီးများ ပျော်စေမယ့် ကြားလုံးပေါက်ပေါက်ကို အားလုံးအတွက် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

♦   နေကြာဆီ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပြောင်းဖူးစေ့   –   ၅ဝ ဂရမ်

♦   ရောင်စုံသကြားလုံးစေ့   –   စားပွဲဇွန်း ၂ ဇွန်း

    (ကာလာများများလိုချင်ရင် ထပ်တည့်ပါ)

♦   ပျားရည်   –   စားပွဲဇွန်း ၅ ဇွန်း

►    ပြုလုပ်နည်း

၁။        အိုးထဲ ဆီထည့်ပြီး ၂ဝ-၃ဝ စက္ကန့်လောက် မီးအနေတော်ဖြင့် အဖုံးအုပ်ပြီး အပူပေးပါ။ ပူလာလျှင် ပြောင်း ဖူးစေ့များထည့်ပြီး အဖုံးအုပ်ပြီး ၁-၂ မိနစ်လောက်တည်ပါ။ အိုးအဖုံးအုပ်လျက်နဲ့ အိုးကိုလှုပ်ပေးပါ။ ပြောင်းဖူးစေ့များ ပေါက်ပေါက်ဖောက်တဲ့အသံပြောက်သွားလျှင် ရပါပြီ။ မီးဖိုပေါ်မှချပြီး အအေးခံထားပါ။

၂။        ပေါက်ပေါက်များကို ဖန်ဇလုံထဲမှာထည့်ထားပါ။

၃။        အိုးအသေးလေးထဲ ပျားရည်များထည့်ပြီး အပူပေးပါ။ ပွတ်ပွတ်ဆူလာတဲ့အထိတည်ပြီး မီးဖို ပေါ်မှချပါ။ အအေးခံထားပါ။

၎။        အအေးခံထားသော ပေါက်ပေါက်များထဲ ပျားရည်များလောင်းထည့်ပါ။ သေချာနှံ့အောင် လက်နဲ့ခြေပြီး နယ်ပါ။ ရောင်စုံသကြားစေ့လေးတွေဖြူးပါပြီး အားလုံးနှံ့အောင် သေချာနယ်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ ၅-၈ မိနစ်လောက် အအေးခံထားပါ။

၅။        အအေးခံထားသော ပေါက်ပေါက်တွေကို ရေခဲမုန့်ခပ်တဲ့ ဇွန်းနဲ့ဖိပြီးလုံးပါ။ အလုံးအလည်တည့်တည့်ထဲ ထုတ်ထိုးပြီး လက်ထဲအလုံးထည့်ပြီး တုတ်မှာကပ်အောင် သေချာဖိလုံးပါ။ ပြီးလျှင် သုံးဆောင်ရန် ပန်းကန် (သို့) ဗန်းထဲထောင်ပြီး စီတင်ပါ။ အားလုံးလုံးပြီး တုတ်ထိုးပြီးလျှင် ရေခဲသေတ္တာထဲ ၅ မိနစ်လောက် ပြန်ပြီး အအေးခံပါ။ အလုံးလေးများ စီးကပ်ပြီး စားတဲ့အခါ ပဲ့မကျအောင်ပါ။

Facebook Comments

Menu