Pitt Bull ရဲ့ MIAMI GRILL

 

 

Pitt Bull ရဲ့ MIAMI GRILL

          အမေရိကန်အစားအသောက်ယဉ်ကျေးမှုက မြန်မာပြည်မှာ တဖြည်းဖြည်း နေရာရလာတာ ကျွန်တော်တို့ အားလုံးသတိထားမိပါတယ်။ ဘာဂါ၊ ဆန်းဒွစ်ဆိုတာကတော့ ဟိုတုန်းကတည်းကရှိနေခဲ့ပြီး အရင်နှစ်များစွာက ဟိုတယ်ကြီးတွေမှာသာ ရနိုင်တဲ့ အစားအစာတွေဟာ အခုဆိုရင် International Franchise ဆိုင်တွေကြောင့် အမျိုးအမည် စုံစုံလင်လင်နဲ့ ဈေးကွက်ထဲကို ရောက်လို့နေပါပြီ။ ဒီတစ်ခေါက်လည်း Eating Out ကဏ္ဍအတွက် MIAMI GRILL ဆိုတဲ့ American Franchise ဆိုင် တစ်ဆိုင်ကို ကျွန်တော်တို့ အဖွဲ့ရောက်သွားခဲ့ပါတယ်။

          ၉  မိုင် တော်ဝင်လမ်း ဝိတိုရိယဆေးရုံရဲ့ အရှေ့ဘက် တန်းမှာရှိတဲ့ စားသောက်ဆိုင်တန်းတွေထဲက တစ်ခုဖြစ်တဲ့ MIAMI GRILL ဟာ Bar & Restaurant ပုံစံမျိုး ပြင်ဆင်ထားတာဖြစ်ပါတယ်။ ၁၉၈၈  ကတည်းက အမေရိက ဖလော်ရီဒါရဲ့ ကီးဝက်စ်မှာ စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင်တော့ ကမ္ဘာတစ်ဝန်း ဆိုင်ခွဲပေါင်း ၂၀ဝ နဲ့ မြန်မာ ပြည်ကိုလည်း ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါ တယ်။ အခုဆိုလျှင် ကမ္ဘာကျော် Hip Hop နဲ့ R & B အဆိုတော်တစ်ယောက်ဖြစ်တဲ့ Pitt Bull ကလည်း MIAMI GRILL ရဲ့ Business Partner အဖြစ် ပါဝင်လာတဲ့အကြောင်းကို အဝင်ဝမှာတွေ့ရတဲ့ သူ့ပုံအရ သတိထားမိလိုက်ပါတယ်။ ဗုဒ္ဓဟူး၊ သောကြာ၊ စနေညတွေမှာ Live Band  နဲ့ ဖျော်ဖြေပေးနေတဲ့ MIAMI GRILL ဟာ နံနက် ၁၁ နာရီမှ ည ၂ နာရီအထိဖွင့်ပြီး Live Band မရှိတဲ့ရက်တွေမှာတော့ DJ Music နဲ့ ဖျော်ဖြေပေးနေမှာ ဖြစ်ပါတယ်။ ဆိုင်ကို အတွင်းပိုင်း၊ အပြင်ပိုင်း နှစ်ပိုင်း ခွဲထားကာ Live Band ကို ဆေးရုံမြက်ခင်းပြင်ရှိတဲ့ အပြင်ဘက်မှာ ပြင်ဆင်ပေးထားပြီး Draft Beer များ၊ Classic Cocktail, Innovative Cocktail များအပြင် ရှမ်ပိန်၊ စပါကလင်ဝိုင်၊ ဝိုင်ဖြူ၊ ဝိုင်နီများနဲ့ အပြင်းစားများကိုပါ ရရှိနိုင်တဲ့ ဘားကောင်တာတစ်ခုကို Outdoor စားပွဲဝိုင်းများ အနိမ့်အမြင့်စုံလင်စွာ ခင်းကျင်းထားတာ တွေ့ရပါတယ်။ အတွင်းဆိုင်ခန်းထဲမှာတော့ လှပသေသပ်တဲ့ အပြင်အဆင်တွေနဲ့ အမေရိကန်က မူရင်းဆိုင်ရဲ့ အပြင်အဆင်အတိုင်း တစ်ပုံစံတည်း ခင်းကျင်း ထားတယ်လို့ဆိုပါတယ်။ ဆိုင်ခန်းအလယ်နဲ့ ဘေးတစ်ဖက်စီမှာ ခုံအမြင့်၊ စားပွဲအမြင့်လေးများ ခင်းကျင်းပေးထားပြီး မှန်အကြည် နံရံများကနေတစ်ဆင့် ဆိုင်ဘေး ရှုခင်းကို လှမ်းကြည့်ရင်း စားသောက်နိုင်ဖို့ အခွင့်အရေး ရှိနေမှာဖြစ်ပါတယ်။ နောက်ထပ်လည်း စားပွဲအနိမ့်နဲ့ ဆိုဖာခုံတန်းလေးတွေ ရှိနေပါသေးတယ်။ MIAMI မှာ ထူးခြားတာက အတွင်းပိုင်း အပြင်အဆင်တွေနဲ့ စားပွဲ၊ ထိုင်ခုံတွေရဲ့ အရောင်တွဲစပ်မှုဖြစ်ပါတယ်။ MIAMI လို့ နာမည်ပေးထားတာနဲ့ လိုက်ဖက်အောင် အရောင်တောက် တောက်တွေကို တွဲဖက်ပေါင်းစပ်ထားတာ တွေ့ရပါတယ်။

          အစားအစာတွေကို လေ့လာကြည့်ရအောင်… အမေရိကန်ဆန်ဆန် စားသူတွေ ကြိုက်တတ်တဲ့သူတွေ နှစ်သက်မယ့် Menu Item များစွာကို တွေ့ရပါတယ်။ သူငယ်ချင်းတွေနဲ့ အတူပေါင်းပြီး တစ်ယောက်တစ်လက် လုနှိုက်စားလို့ ကောင်းမယ့် တောင်ပံကြော်မျိုးစုံကို အရသာစုံလင်စွာနဲ့ မှာယူနိုင်ပါတယ်။ အနောက်တိုင်း သားတွေ ကြိုက်ကြတယ်လို့ပြောကြတဲ့ ချဉ်ချဉ်စပ်စပ် Boneless Wings, Grill လုပ်ထားပြီး Chipotle Sauce လို့ ခေါ်တဲ့ Grill Sauce ချိုချိုလေးနဲ့  Toast လုပ်ထားတဲ့ Grilled Wings တောင်ပံကလည်း MIAMI ရဲ့ ကိုယ်ပိုင် ဘာဘီကျူဆော့စ်ချိုချိုနဲ့ ငရုတ်သီးပွသနပ်ကြောင့် ပိုပြီး ခံတွင်းတွေ့ခဲ့ရတဲ့ စားစာရာတစ်မျိုးအဖြစ် အမှတ်တရ ရှိလှပါတယ်။ နောက်တစ်မျိုးက အပြင်ခွံလေးကပ်ပြီး ကြွပ်ရွနေတဲ့ Crispy Wings နဲ့ ဒီအတိုင်း တောင်ပံကို ဘာအမှုန့်မှမကပ်ဘဲ ကြော်ထားတဲ့ Naked Wings တွေကလည်းကလေး၊ လူကြီးအားလုံး နှစ်သက်မယ့် အရသာမျိုးတွေ ဖြစ်ပါတယ်။ နောက်ထပ် ကလေးရော လူကြီးပါ နှစ်သက်မယ့်အရသာနဲ့ တောင်ပံတစ် မျိုးကတော့ Sweet Chilli Wings ဖြစ်ပါတယ်။ အရှေ့တိုင်းအရသာ ငရုတ်ချိုစပ်ဆော့စ်နဲ့ ဖန်တီးထားပြီး MIAMI ရဲ့  အတွေ့အကြုံကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

          မိတ်ဆက်ပေးခဲ့သမျှ တောင်ပံစားဖွယ်အားလုံးကို နှစ်သက်သလို ရွေးချယ်တွဲဖက် စားနိုင်မယ့် ဆော့စ် ၆ မျိုး ရှိပါတယ်။ ကိုယ့်စိတ်ကြိုက်ဆော့စ်တစ်မျိုးအပြင် မပါမဖြစ်ပါမယ့် တရုတ်နံနံအပင်ကြီးရဲ့  အရိုးလတ်လတ်ဆတ်ဆတ်နဲ့အတူ တို့စားနိုင်မယ့် Blue Cheese တစ်ခွက်လည်း အတူပါလာမှာ ဖြစ်ပါတယ်။ မှာယူတဲ့အခါမှာလည်း မိမိကုန်နိုင်တဲ့အတိုင်းအတာနဲ့ ချင့်ချိန်ပြီး အရေအတွက်အလိုက် မှာယူနိုင်မှာဖြစ်ပါတယ်။

          နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ Gyro Platter လို့ခေါ်တဲ့ ဂရိပုံစံစားဖွယ် ဖြစ်ပါတယ်။ Gyro meat ဆိုတာကတော့ အမဲသား ၃ ဆ၊ သိုးသား ၁ ဆရောကြိတ် ထားတဲ့အသားကို အသားချောင်းအကြီးကြီးလိုလုပ်ပြီး ကင်ထားတာ ဖြစ်ပါတယ်။ ဂရိပြင်ပမှာတော့ ကြက်သားကိုပါ သုံးလေ့ရှိပေမယ့်  ဂရိသားဖြစ်တဲ့ MIAMI GRILL ရဲ့ တည်ထောင်သူ Mr. Submarine ကတော့ ဂရိမူရင်း အတိုင်းပဲ  Gyro ကို ပြင်ဆင်စေပါတယ်။ ရနံ့နဲ့ အရသာ ပြည့်စုံတဲ့ Gyro အသားလွှာတွေကို Pita Bread နဲ့ တွဲဖက်စားရင်း အာလူးအချောင်းကြော်လေးတွေအပြင် MIAMI ရဲ့  ကိုယ်ပိုင် Dressing နဲ့ Greek Salad ကိုပါ  အတူသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

          နောက်ထပ်တစ်မျိုးကတော့ အမေရိကန်တွေလို ခံစားမှုအပြည့်နဲ့စားရမယ့် Philly Cheesesteak ပါ။ Philadelphia ရဲ့ ဒေသစာကိုတော့ အမေရိကန်စတိုင် ကြီးကြီးများများ စားရမယ့် အမည်တစ်မျိုးဖြစ်ပါတယ်။ အာလူးချောင်းကြော်လေးတွေနဲ့အတူ ကိုက်လိုက်ရင် မာမယ်လို့ထင်ရပေမယ့် ကိုက်မိလိုက်ချိန်မှာတော့ ပျော့ပျော့လေးဖြစ်နေပြီး Multigrain နဲ့ လုပ်ထားတဲ့ ပေါင်မုန့်ထဲမှာ Grill လုပ်ထားတဲ့  ကြက်သား၊ ကြက်သွန်နီ၊ မှိုစတာတွေကို Swiss American Cheese ပျော်ပျော်လေးနဲ့ တွဲဖက်ပြင် ဆင်ပေးထားတဲ့ Original Chicken Philly Cheesesteak ကတော့ တစ်ပွဲတည်းနဲ့ ဗိုက်ပြည့်စေလို့ သူတို့ မြို့သားတွေကတော့ တစ်နပ်စာအတွက် အမြဲရွေး ချယ်ဖြစ်တဲ့ အစားအစာမျိုးဖြစ်ပါတယ်။ နောက်ထပ် အမေရိကန်စတိုင် အပြည့်နဲ့ စားရမယ့် အမည်တစ်မျိုးက Classic Burger ဖြစ်ပါတယ်။ အမဲသားပြားကြီးကြီး ၂ ချပ်နဲ့ Double Size မှာလို့ ရသလို Single လည်း မှာလို့ရပါတယ်။ ထုံးစံအတိုင်း ဘာဂါနဲ့အတွဲအဖက်ဖြစ်တဲ့ အာလူးချောင်း ကြော်လေးတွေကလည်း ပါဝင်အားဖြည့်ပေးပါတယ်။

          MIAMI GRILL ကို ရောက်လာပြီးမှ ထမင်းကို တောင့်တသူတွေအတွက်တော့ အထူးစီမံထားတဲ့

Spanish Seafood Fried Rice လည်း ရွေးချယ်စရာအဖြစ် ရှိသေးကြောင်း သတင်းပါးလိုက်ပါတယ်။

          အနောက်တိုင်းဆန်ဆန် Salad လေး မှာစားချင်ရင်လည်း ကျွန်တော်တို့ မြည်းစမ်းခဲ့ရတဲ့ Grilled Chicken Club Salad ကို ရွေးချယ်မယ်ဆိုရင်တော့ ဗိုက်အိုးကြီးကြီး သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကိုယူမှ ကုန်နိုင်ပါလိမ့်မယ်။

          ဒါတွေစားချင်လို့ MIAMI GRILL ရှိတဲ့နေရာကို မလာနိုင်ရင် Food 2U ကနေလည်း မှာလို့ရနေပြီဆိုတာ အလျဉ်းသင့်လို့ သတင်းပါးပါရစေ။ နောက်ထပ် မိတ်ဆက်ပေးချင်တာကတော့ Cocktail တချို့ပါ။ Classic Cocktail တွေကတော့ အားလုံးသိပြီးသားဖြစ်ပေမဲ့ MIAMI ရဲ့ ထူးထူးခြားခြား Molecular Cocktail လေးတစ်ခုနဲ့ အရင်ဆုံး မိတ်ဆက်ပေးပါ့မယ်။ Test Tube လေးတွေထဲမှာ ကိုယ့်စိတ်ကြိုက် အရသာကို ရွေးချယ်နိုင်မယ့် Mixer မျိုးစုံကို အသုံးပြုထားတဲ့ Caviar လေးတွေပါ ခံစားရမယ့် Put Your Hands Up ကတော့ အထူးပြုစီမံထားတဲ့ Cocktail အမျိုးအစားဖြစ်ပါလိမ့်မယ်။ Vodka, Sprite နဲ့ နှစ်သက်ရာ ရနံ့အရသာရှိတဲ့ Syrup တွေကို ၆ မျိုးအထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်မျိုးကတော့ Mango Tango ပါ။ သူလည်း Vodka အခြေခံထားပြီး အချဉ်သီးတစ်မျိုးပါ ထပ်ပေါင်းပေးထားတဲ့ Cocktail တစ်မျိုးဖြစ်ပါတယ်။ နောက်ထပ် Vodka  Based Cocktail တစ်မျိုးကတော့ Raps berry Vodka နဲ့ Roes Syrup အရောအနှော တစ်မျိုးဖြစ်တဲ့ Rose Garden ဖြစ်ပါတယ်။

          အားလုံးစိတ်ကြိုက် စားသောက်ပြီးသွားရင်တော့ နောက်ဆုံးပိတ် အချိုပွဲလေးတွေကလည်း MIAMI ရဲ့ Menu  မှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။ အမေရိကန် ကွတ်ကီးမျိုးစုံနဲ့ အမေရိကန်စတိုင် Cheese Cake တို့ကို မှာယူ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

          နောက်ထပ်စိတ်ဝင်စားစရာကောင်းတာ တစ်ခုကတော့ နေ့စဉ်နေ့တိုင်း အထူးရွေးချယ်ထားတဲ့ စားစရာ အမည်တွေ မှာယူရင် ၃၀ ရာခိုင်နှုန်း လျှော့ပေးမယ့် အစီအစဉ်လည်း ရှိနေပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေများနဲ့ ညနေခင်း အနားယူစရာ နေ့လယ်စာအတွက် ချိန်းဆိုရာနေရာအပြင် လွတ်လပ်ပေါ့ပါးစွာ နေလေ့ရှိတဲ့ မိသားစု တွေအတွက်နဲ့ ကလေးကြိုက်အစားအစာလေးတွေပါ ဖွယ်ဖွယ်ရာရာရှိတာကြောင့် မိသားစုလိုက်လေး သွားရင်လည်း အဆင်ပြေနိုင်ပါတယ်။ စားလိုက်၊ ကစားလိုက် လုပ်တတ်တဲ့ ကလေးငယ်လေးတွေ ပါလာရင်လည်း ပိုပြီးတော့ အဆင်ပြေအောင်လို့ အပြင်မြက်ခင်းပြင်မှာ ကလေးကစားကွင်း ငယ်လေးကိုလည်း ပြင်ဆင်ထားရှိပါတယ်။

          ပရိသတ်ကြီးရေ . . . Eating Out ကဏ္ဍကိုဖတ်ပြီးသွားရင် ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဖုန်းလေးဆက် စားပွဲဝိုင်းလေးကြိုတင်မှာပြီး သွားရောက် အနားယူ အပန်းဖြေရင်း အမေရိကန်အစားအစာတွေကို မြည်းစမ်းနိုင်ဖို့ လိပ်စာလေးပါ ယူထားလိုက်ပါဦး။

Pitt Bull & JU MIAMI GRILL

No. 68, Tawwin Street, 9th Mile, Mayangone Township, Yangon.

(In Front of Victoria Hospital)

09 454 888 440, 90 454 888 441, 09 454 888 442

♦   သစ်ထူး (My Foodies)  ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments