mañana “မနက်ဖြန်” mexican homestyle gourmet

eating-out

eating_2

eating_3

mañana

“မနက်ဖြန်”

mexican homestyle gourmet

            Manana (မညားနား) လို့ခေါ်တဲ့ စားသောက်ဆိုင်ခန်း ကျဉ်းကျဉ်းလေးထဲက အနီရောင်စားပွဲခုံတွေနဲ့ အစိမ်းရောင်ကုလားထိုင်တွေက ဖြတ်သွားဖြတ်လာတွေကို မျက်စပစ်ပြနေသလို အရောင်အသွေး စုံလှတဲ့ဆိုင်အပြင် အဆင်ကလည်း ဆွဲဆောင်မှုတစ်ခုဖြစ်လို့ နေပါတယ်။ စဖွင့်တုန်းက ၆ လလောက်အကြာမှာပဲ စားသုံးသူများ အပြင်ကရပ်စောင့်နေရတဲ့ အဖြစ်တွေရှိလာလို့ ပိုကျယ်တဲ့အခန်းကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ တိုက် D၊ Ga-15 မှာ တည်ရှိပါတယ်။ Manana ဆိုတဲ့ ဒီဆိုင်ရဲ့နာမည်ကတော့ မြန်မာလို’မနက်ဖြန်လို့’ အဓိပ္ပာယ်ရပါတယ်။ မက္ကဆီကန်လူမျိုး အိမ်ရှင်မတစ်ယောက်ရဲ့ မက္ကဆီကန် ရိုးရာအိမ်ချက်လက်ရာတွေကို မြည်းစမ်းပြီး Food Magazine ပရိသတ်များကို ပြန်လည်ဝေမျှပေးနိုင်ဖို့ Eating Out အဖွဲ့ရောက်သွားခဲ့ပါတယ်။

            မက္ကဆီကိုရဲ့ ခေတ်အဆက်ဆက်ကျော်ကြားခဲ့တဲ့ အနုပညာသမားတွေ၊ အထူးသဖြင့် ဂီတသမားတွေရဲ့ ပုံရိပ်တွေနဲ့ အလှဆင်ထားတာတွေ့ရပါတယ်။ ဒီအပြင်အဆင်တွေနဲ့ လိုက်ဖက်လှတဲ့ မက္ကဆီကန်တေးသွား ခပ်တိုးတိုးကိုတော့ ဆိုင်ထဲဝင်လိုက်တာနဲ့ နားဆင်ရပါပြီ။ ဝါးခြင်းများနဲ့ယက်လုပ်ထားတဲ့ မီးအုပ်ဆောင်းလေးတွေ ကစားပွဲတိုင်းရဲ့အထက်မှာ နေရာယူပြီး အလင်းပေးထားပါတယ်။

            စားပွဲတွေပေါ်မှာကတော့ စားဖိုမှူး စီစဉ်ပေးလိုက်တဲ့ စားသောက်ဖွယ်ရာများနဲ့ စိတ်ရှိသလိုတွဲဖက်စားနိုင်အောင် ကြက်သွန်ဖြူငရုတ်ဆီ၊ နှမ်းငရုတ်ဆီနဲ့ သီးစုံသနပ်တို့ကို အဆင်သင့်ပြင်ဆင်ပေးထားပါတယ်။ Manana ဟာ အမျိုးအစား စုံလင်လှတဲ့ မက္ကဆီကိုနိုင်ငံတစ်ဝှမ်း ဒေသစာတွေကို အစားအစာစာရင်းမှာ ထည့်သွင်းပြီး အိမ်ချက်ပုံစံနဲ့ စီမံချက်ပြုတ်ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ပြောင်းဖူးကို အဓိကထားစားသုံးကြတဲ့ တိုင်းပြည်ဖြစ်လို့ ပြောင်းဖူးနဲ့စီမံရတဲ့အစားအစာများအတွက် အသင့်ပြင်ဆင်ထားတဲ့ Ready Made အထုပ်တွေအစား ပြည်တွင်းမှာဝယ်ယူရရှိတဲ့ ပြောင်းဖူးအမျိုးအစားကို လတ်လတ်ဆတ်ဆတ် သုံးထားတာကြောင့် အိမ်ရှင်မစားဖိုမှူးရဲ့ စိတ်ကြိုက်အရသာကို ဖန်တီးနိုင်ခဲ့တယ်လို့သိရပါတယ်။ ပြောင်းဖူးကိုအာလူးကြော် လိုမျိုး ခ့ငစ အပြားလေးတွေ ဖြစ်အောင်ကြော်ပြီး၊ ဘီယာ၊ ဘရန်ဒီတို့နဲ့ရောချက်ထား တဲ့ ချိစ်အရောအနှောနဲ့ဆိမ်းပြီး ပဲမည်း၊ သံလွင်သီး စတဲ့ သီးနံများစွာနဲ့ ရောသုပ်ထားတဲ့ အသုပ်တစ်မျိုးက ထောပတ်သီးကိုခြေပြီး အရသာများနဲ့ရောစပ်ထားတဲ့အနှစ် တစ်မျိုး၊ Sour Cream တစ်မျိုးတို့နဲ့ ရောနှောသုံးဆောင်ရတဲ့ Nidaia’s Designer Nachos ဖြစ်ပါတယ်။ စားပွဲပေါ် မှာ အသင့်ရှိနေတဲ့ဆော့စ်များနဲ့ တွဲဖက်သုံးဆောင်ရင်း ကြွပ်ရွတဲ့ ပြောင်းဖူး Chip လေးများနဲ့ ချိစ်ဆော့စ်ရဲ့အရ သာက ဆိမ့်ဆိမ့်လေးဖြစ်နေပါတယ်။ ဒီခံတွင်းဖွင့်စာကို Manana ရဲ့ သစ်သီးစစ်စစ်များနဲ့ ဖျော်စပ်ထားတဲ့ Margarita ကောက်တေးများစွာထဲက နှစ်သက်ရာသစ်သီး Margarita နဲ့ တွဲဖက်သုံးဆောင်ရင်ဖြင့် မက္ကဆီကန် အစားအစာရဲ့ အစပျိုးမှုဟာ စွဲမက်စရာအရသာဖြစ်လို့ Food Magazine ပရိသတ်များအတွက် တွဲဖက်စာအနေ နဲ့မျှဝေပေးလိုက်ပါတယ်။

            နောက်ထပ်အစပျိုးကောင်းစေမှာကတော့ Tortilla Soup ဖြစ်ပါတယ်၊ ကြက်ပြုတ်ရည်ကို အခြေခံထားတဲ့ ခရမ်းချဉ်သီးအနှစ်ဟင်းချို ဖြစ်ပါတယ်။ ခရမ်းချဉ်သီးရဲ့ သဘာဝအရသာက ချိစ်ဆိမ့်ဆိမ့်အရသာနဲ့ တွဲဖက်လိုက်တော့ အလွန်ထူးခြားပါတယ်။ ခပ်သေးသေးဖြတ်ထားတဲ့ Tortilla ပြားကြွပ်ကြွပ်လေးတွေကို Soup နဲ့ ရောပြီးဝါးစားရတဲ့ ခံစားမှုကလည်း ပိုပြီးနှစ်သက်စေတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။ ပူပူစပ်စပ် အရသာပါးပါးလေးပါတာကြောင့် နောက်ထပ်စားသောက်မယ့် အစားအစာတွေ အတွက် အစာအိမ်အင်ဂျင်စက်ကြီးကို နှိုးပေးလိုက်သလိုပါဘဲ။

            မက္ကဆီကန်အစားအစာတွေထဲမှာ လူသိများပြီး လူကြိုက်များတာကတော့ Snack အမျိုးအစားမှာတစ်ခု အပါအဝင်ဖြစ်တဲ့ Taco ဖြစ်ပါတယ်။ Mananaar Smawmh Baja Fish နဲ့ Tamarind Pineapple Baja Fish Taco ဆိုတဲ့ Taco နှစ်မျိုးကိုတော့ အကြိုက်တွေ့မိပါတယ်။

            နောက်ထပ်ရွေးချယ်ဖို့ တိုက်တွန်းအကြံပြုလိုတာက ဝက်သားကြိုက်သူများအတွက် အထူးနှစ်သက် ဖွယ်ဖြစ်မယ့် Crispy Pork Pepian Burritos ဖြစ်ပါတယ်။ အဆီမပါ အသားချည်းသက်သက် ဟင်းခတ်အမွှေးအကြိုင်များနဲ့ ရောနှောချက်ပြုတ်ထားတဲ့ ဝက်သားကို မက္ကဆီကန်ပုံစံချက်ထားတဲ့ ထမင်းအသီးအနှံများရောနှောပြီး ဂျုံပြားထဲ ထည့်လိပ်ထားတာဖြစ်ပါတယ်။ Sour Cream Sauce နဲ့ ငရုတ်သီးတစ်မျိုးနဲ့ စီမံထားတဲ့ဆော့စ် ၂ မျိုး ဆမ်းပေးထားပြီး တစ်ပွဲတည်းနဲ့ပြည့်တင်းသွားစေမယ့် အစားအစာမျိုးဖြစ်တာကြောင့် တစ်ယောက်တည်း တစ်ပွဲစားပြီးပြည့်သွားတာထက် သူငယ်ချင်းများနဲ့အတူတူ Share ပြီး အမျိုးစုံအောင်စားဖြစ်ဖို့ ပိုပြီးတိုက်တွန်းလိုပါတယ်။

            နောက်ထပ်မြည်းစမ်းသင့်တဲ့ အစားအစာတစ်ခုကတော့ ပြောင်းဖူး Tortilla ပြားပေါ်မှာ ပြင်ဆင်ပေးထားတဲ့ Fruity Ceviche နဲ့ Beef Tongue Tostadas ဖြစ်ပါတယ်။ တစ်မျိုးကိုတော့ နွားလျှာကိုချက်ပြုတ်ပြီး ပြင်ဆင်ထားတဲ့ အသုပ်တစ်မျိုးအဖြစ် တည်ခင်းပြီးတော့ နောက်တစ်မျိုးကတော့ ငါးအသားလွှာများကို မီးနဲ့ချက်ပြုတ်ထားခြင်းမျိုးမဟုတ်ဘဲ Lemon သီးရဲ့ အက်စစ်ဓာတ်ကိုသုံးပြီး ကျက်အောင်နှပ်ထားတဲ့ ငါး၊ လတ်ဆတ်တဲ့သရက်သီးမှည့်၊ ခရမ်းချဉ်သီးတို့ကို ထောပတ်သီးဆော့စ်လေး ဆမ်းပြီး ထားတာလေးကလည်း ပေါ့ပေါ့ပါးပါး နှစ်သက်သူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်စေမှာပါ။

            အမဲသားကြိုက်သူတွေအတွက်ကတော့ Quesadillae အမျိုးအစားဖြစ်တဲ့ Myanmar Beef ကို မြည်း စမ်းကြည့်စေချင်ပါတယ်။ မြန်မာအမဲသားစစ်စစ်ကို မက္ကဆီကိုပုံစံ စီမံချက်ပြုတ်ထားတာဖြစ်လို့ Myanmex လို့ နာမည်ဆန်းဆန်းပေးထားပြီး အရသာကလည်း ထူးခြားပြီး မြန်မာအကြိုက်ပုံစံဖြစ်ပါတယ်။

            Enchiladas ကတော့ ကျွန်တော်တို့လူမျိုးတွေအတွက် တော်တော်လေး ထူးဆန်းတဲ့အစားအစာ ဖြစ်ပါလိမ့်မယ်။ သို့ပေမဲ့လည်း ကျွန်တော်ကိုယ်တိုင် နောက်တစ်ခေါက်ရောက်ရင် ထပ်ပြီးရွေးချယ်မိမယ့် အမျိုးအစားဖြစ်လို့ပါ၊ မြန်မာ့အမြင်ဆိုရင် ကြက်သားဟင်းထုပ်လို့ အမည်တပ်ရပါလိမ့်မယ်။

            ပြောင်းမှုန့်နဲ့ရောထားတဲ့ကြက်သားကို အပြင်ကနေ ငှက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းထားတာဖြစ်ပါတယ်။ ထူးတာက Mole Sauce လို့ခေါ်တဲ့ ချောကလက်ကို မက္ကဆီကို ဒေသထွက် ငရုတ်သီး ၂၂ မျိုးနဲ့ ပေါင်းစပ်ပြီး ချက်ထားတဲ့ဆော့စ်ဖြစ်ပါတယ်။ ချောကလက်အရသာဟာ ငရုတ်သီးပူစပ်စပ်လေး ပေါင်းစပ်ပြီးမှ ပိုပေါ်လွင်လာ သလိုပါပဲ။ ဟင်းထုပ်ကြိုက်တဲ့သူများကြိုက်မယ်လို့ မပြောနိုင်ပေမယ့် ကျွန်တော့်အကြိုက်တွေ့ခဲ့တဲ့ ဟင်းလျာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

            ထမင်းကြိုက်ကြတဲ့ကျွန်တော်တို့ မြန်မာလူမျိုးများအတွက်ကတော့ Mexican Rice with Chorizo ကို မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာဆန်ကို မက္ကဆီကန် ဟင်းခတ်များ သီးနှံများနဲ့ချက်ထားပြီး ရိုးရာ Chorizo ဝက်အူချောင်းကိုခြေပြီး ပြန်ချက်ပေးထားတဲ့ ထမင်းမျိုးဖြစ်ပါတယ်။ ရနံ့မပြင်းတဲ့ဟင်းခတ်များက ကျွန်တော့်ကို မြန်မာလူမျိုးများ အကြိုက်ရနံ့နဲ့ အရသာကိုပေးပါတယ်။ အဆီမပါတဲ့ အသားချည်းသက်သက် ပြုလုပ်ထားတဲ့ ဝက်အူချောင်းကလည်း အရသာရှိပြီး စာဖတ်ပရိသတ်တွေ အကြိုက်တွေ့စေမယ့်ပုံစံဖြစ်ပါတယ်။

            ပရိသတ်ကြီးရေ Manana ဟာ မက္ကဆီကိုဒေသစုံက အစားအစာတွေကို မက္ကဆီကန်လူမျိုးအိမ်ရှင်မက ချက်ပြုတ်ပြီး တည်ခင်းပေးနေတာဖြစ်လို့ ရိုးရာအိမ်ချက် အရသာစစ်စစ်ကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

            နောက်ထပ်ထူးခြားတာက Corn Chip တွေက Tpready Made အထုပ်များကနေ ပြုလုပ်ထားခြင်းမျိုး မဟုတ်ဘဲ ပြည်တွင်းကရတဲ့ လတ်လတ်ဆတ်ဆတ် ပြောင်းဖူးကနေ ပြုပြင်ထုတ်လုပ်ထားတာဖြစ်လို့ အရည်အသွေးကို စိတ်ကြိုက်ရအောင် ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

            နောက်ဆုံးတစ်ခုအနေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Mexican Jalapeno ငရုတ်သီးနဲ့ဖျော်စပ်ထားတဲ့ Jalapeno Margarita ဖြစ်ပါတယ်။ Taquila ပြင်းပြင်း၊ ငရုတ်ပူပူနဲ့ သံပရာနံ့မွှေးမွှေးက အရင်သောက်ရင် Refreshing Drink ဖြစ်သလို စားပြီးမှသောက်ရင် Digestive ဖြစ်လိမ်မယ်လို့ တင်ပြလိုက်ပါတယ်။

            လိပ်စာ- Pearl Condo D, Ga-15, Kabar Aye Pagoda Road, Bahan Township, Yangon, Myanmar. (Ph- 09-770852920, 09-779619065.)

သစ်ထူး (My Foodies)

Facebook Comments