မြို့ဟောင်းထဲက အဖြူရောင်ကော်ဖီ Old Town White Coffee

By Myint Oo Tha for Food Magazine

            Old Town White Coffee ဆိုင် ရန်ကုန်ရောက်ပြီဆိုတာ Facebook မှာ တွေ့ကတည်းက အဲဒီဆိုင်ကို သွားချင်နေမိတာ။ တစ်နေ့ မထင်မှတ်ဘဲ Junction City ကို ရောက်သွားတော့ အဲဒီဆိုင်ကို တွေ့လိုက်တာနဲ့ အဲဒီဆိုင်မှာထိုင်ပြီး ကော်ဖီမွှေးမွှေးလေး သောက်ကိုသောက်ရမယ်ဆိုတဲ့ အတွေးစိတ်ကူးက ချက်ချင်းပဲ ဖြစ်လာတယ်။

            ဆိုင်ရဲ့အပြင်အဆင်ကိုတော့ မလေးရှားနိုင်ငံမှာရှိတဲ့ ခေတ်ဟောင်းက ကော်ဖီဆိုင်မျိုး ပြင်ဆင်ထားပါတယ်။ စားပွဲခုံအဝိုင်းတွေကတော့ ကိုလိုနီခေတ်က ကျောက်ပြားအဝိုင်းခင်းထားတဲ့ ကျွန်းသားစားပွဲဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ ရှေးခေတ်က ကော်ဖီဆိုင်ပုံစံဆိုတာ တန်းပြီး သိနိုင်တဲ့ အပြင်အဆင်မျိုးပါ။

            ဘာကြောင့်လဲဆိုတော့ Old Town White Coffee က မလေးရှားမှာ နာမည်ကြီးတဲ့ ကော်ဖီဆိုင်ပါ။ မလေးရှားမှာ နှစ်အတော်ကြာနေခဲ့တဲ့ ကျွန်တော်က ဒီဆိုင်အကြောင်း ကောင်းကောင်းကြီး သိထားသလို အမြဲပဲ ထိုင်ဖြစ်ခဲ့တဲ့ဆိုင်ပါ။

            အဲဒီဆိုင်လေးအကြောင်းကို အရင်ပြောပြရမယ်ဆိုရင် ဒီဆိုင်လေးကို စတင်မွေးဖွားခဲ့တဲ့ မြို့ကတော့ မလေးရှားနိုင်ငံမှ Ipoh ဆိုတဲ့ မြို့လေးပါ။ ဟောလိဝုဒ်က နာမည်ကြီး မင်းသမီး The Lady ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးမီရှဲရိုး (Michelle Yeoh) ရဲ့  ဇာတိမွေးရပ်မြေလည်း ဖြစ်ပါတယ်။

            Old Town White Coffee က ၁၉၅၈ ခုနှစ် Ipoh မြို့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် မလေး ရှားနိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁ဝဝ ကျော်ရှိနေပါပြီ။ ဒါတင်မကပါဘူး။ တရုတ်နိုင်ငံ၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဆိုင်ခွဲများစွာရှိပါတယ်။ ရန်ကုန်မှာတော့ ယောမင်းကြီးလမ်းမှာ ပထမဆုံးဆိုင်ကို ဖွင့်ခဲ့ပြီး ဒုတိယဆိုင်ကိုတော့ Junction City မှာ ဖွင့်လှစ်ခဲ့ပါတယ်။

            ဒီဆိုင်ကိုရောက်ရင် မဖြစ်မနေမှာယူရမှာကတော့ မွှေးကြိုင်ပြီး နို့များများနှင့် ဖျော်ထားတဲ့ Chite Coffee ပါ။ ပြီးလျှင် အုန်းယိုသုတ်ထားတဲ့ ပေါင်မုန့်မီးကင် Kaya Toast ပဲ ဖြစ်ပါတယ်။ ကြွပ်နေအောင် မီးကင်ထားတဲ့ ပေါင်မုန့်ကိုတော့ ထောပတ်နဲ့ အုန်းယိုသုတ်ထားတာပါ။ Kaya ဆိုတာကတော့ အုန်းနို့ကို သကြားနဲ့ ပျစ်နေအောင် ကျိုပြီး ယိုထိုးတာပါ။ Kaya Toast မှာ ပေါင်မုန့်တစ်ထပ် Single နှင့် ပေါင်မုန့်နှစ်ထပ် Double ဆိုပြီး ရှိပါတယ်။

            Old Town ရဲ့  နာမည်ကြီးခေါက်ဆွဲတစ်မျိုးကတော့  ကြက်သားကွေ့တယို Ipoh Chicken HorFun ပါ။ ကြက်ရိုးပြုတ်ရည်ကောင်းကောင်းနဲ့ ချက်ထားတဲ့အတွက် ဒီခေါက်ဆွဲရဲ့ အရသာကို ကောင်းမွန်စေတာပါ။ နူးညံ့ပျော့ပျောင်းတဲ့  ခေါက်ဆွဲဖတ်၊ ပြီးလျှင် ပုစွန်၊ ကြက်သားဖတ် များများနဲ့ဖြစ်လို့ မှာယူစားသုံးစေချင်ပါတယ်။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ပဲငံပြာရည်စိမ်ထားတာနဲ့တို့ပြီး စားစေချင်ပါတယ်။ ကျွန်တော်တို့တစ်တွေ စားနေကြ ကြေးအိုးကို အချဉ်နဲ့တို့စားတဲ့ အရသာမတူတဲ့ ခံစားမှုဖြစ်လို့ ကျွန်တော်ကတော့ အရမ်းကြိုက်ပါတယ်။

            ကြုံတုန်းပြောပြချင်တာကတော့ Ipoh ဆိုတဲ့ မြို့လေးမှာ ထုံးကျောက်တောင် (Limestone) များစွာရှိပြီး ထုံးကျောက်တောင်တွေကြားမှ စီးဆင်းနေတဲ့ စိမ့်စမ်းရေ (Natural Spring Water) ရှိတဲ့ မြို့လေးဖြစ်ပါတယ်။ အဲဒီစိမ့်စမ်းရေကို သုံးပြီး ခေါက်ဆွဲ၊ ပဲပင်ပေါက်၊ ပဲပြား တို့ကို ပြုလုပ်တဲ့အတွက် အလွန်နာမည်ကြီးပါတယ်။ အထူးသဖြင့် ပဲပင်ပေါက်က တခြားအရပ်ဒေသမှ ပဲပင်ပေါက်တွေထက် ပိုပြီးကောင်းမွန်ပါတယ်။

            မလေးရှားအုန်းထမင်း Nasi Lemak With Fried Tumeric ကလည်း မလေးရှားအစားအစာတွေထဲက ပေါ်ပြူလာအဖြစ်ဆုံး အစားအစာပါ။ အုန်းထမင်းကို Nasi Lemak လို့ ခေါ်ပါတယ်။ မလေးရှားအုန်းထမင်းစားမယ်ဆိုရင် မဖြစ်မနေပါဝင်ရမယ့် အရန်ဟင်းလေးတွေကတော့ ငါးပိချက် Sambal, ကြက်ဥကြော်၊ ငါးနီတူခြောက်ကြော်၊ မြေပဲကြော်တို့ပါ။ ပြီးရင် ဟင်းရွက်စုံသနပ် Acha-Acha ဆိုတာကတော့ မြိတ်ဘက်က သီးစုံသနပ်နဲ့ ဆင်ပါတယ်။ ဟင်းရွက်မျိုးစုံကို သကြား၊ ဗနီကာတို့နဲ့ အချဉ်တည်ထားတဲ့အတွက် အုန်းထမင်းစားတဲ့အခါ အအီပြေစေပါတယ်။ ကြက်သားကြော်ကိုတော့ နနွင်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ နှပ်ပြီး ကြော်ထားတဲ့အတွက် မွှေးပြီး ကြက်အရေခွံက ကြွပ်နေပါတယ်။ ဘာကြောင့် Fried Tumeric Chicken လို့ ခေါ်လည်းဆိုရင် မလေးလို နနွင်းကို Tumeric လို့ခေါ်တဲ့အတွက် Tumeric Chicken လို့ ခေါ်တာ ဖြစ်ပါတယ်။

            မီနူးထဲက Speciality Series ထဲက မလေးရှား ဝက်သားစွပ်ပြုတ်ကလည်း ဝက်သားကြိုက်သူများ အတွက် အကောင်းဆုံးဟင်းပွဲပါ။ တချို့က မေးကြပါတယ်။ မလေးရှားမှာ ဝက်သားရောင်းလို့လား၊ ဝက်သားဆိုင်ရှိလားပေါ့။ တကယ်တော့ မလေးရှားမှာ ဟာလာဆိုင်နဲ့ ဟာလာမဟုတ်တဲ့ ဆိုင်ဆိုပြီး ရှိပါတယ်။ မလေးရှားမှာရှိတဲ့ Old Town ကတော့ ဟာလာဆိုင်ပါ။ ဝက်သားဟင်းလျာ မရောင်းပါဘူး။ မြန်မာပြည်က Old Town မှာ မလေးရှား ဟင်းလျာဖြစ်တဲ့ မလေးရှားဝက်သားစွပ်ပြုတ် Bah Ku Teh ကို ရရှိမှာ ဖြစ်ပါတယ်။

            Bah Ku Teh မလေးရှားစွပ်ပြုတ်ကို ထမင်းဖြူနဲ့ တွဲဖက်စားသုံးရမှာပါ။ ဒီစွပ်ပြုပ်ကို ကျွန်တော်တို့တစ်တွေ လိုအပ်တဲ့ အားအင်တွေ ရရှိဖို့အတွက် ဆေးဖက်ဝင် တရုတ်ဆေးမြစ်စုံများနဲ့ ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ဆေးနဲ့ပြုတ်ထားတာဆိုပေမယ့် အရသာအတွက် မစိုးရိမ်ပါနဲ့။ ဟင်းရည်က ချိုနေပြီး ထမင်းဖြူနဲ့တွဲပြီး စားရတာ အင်မတန်မှ ကောင်းပါတယ်။ အထူးသဖြင့် နူးအိနေတဲ့ ဝက်သားကို ပဲငံပြာရည်နဲ့ ဖျော်ထားတဲ့ ငရုတ်သီးစိမ်းလေးနဲ့ တို့စားရင် အရသာပိုကောင်းပါတယ်။

            Old Town White Coffee ရန်ကုန်က မလေးရှားမှ တိုက်ရိုက် Franchies မှာယူပြီး ဖွင့်ထားတဲ့အတွက် အရသာက အမြဲတမ်း တူညီပြီး ထိန်းနိုင်ဖို့အတွက် လိုအပ်တဲ့ Ingredients နဲ့ ဟင်းအနှစ်များကို မလေးရှားမှ တင်သွင်းပါတယ်။ ရန်ကုန် Old Town White Coffee ရဲ့ ဗဟိုမီးဖိုချောင် Central Kitchen တည်ရှိရာ ယောမင်းကြီးလမ်းမှ ဆိုင်ခွဲကို ပို့ပေးတဲ့အတွက် အစားအစာများရဲ့ အရသာကို တူညီအောင် ထိန်းပေးထားတယ်လို့ သိရပါတယ်။

            မီနူးပိုင်းမှာလည်း စိတ်ဝင်စားဖို့ကောင်းပြီး အမျိုး အစားစုံလင်ပါတယ်။ မိသားစုနဲ့ လာရောက်မယ်ဆိုရင် လည်း ကလေးပါမကျန် လူကြီး၊ လူငယ်အကြိုက်ဖြစ်ရအောင် Series တွေ ခွဲပြီးထားပါတယ်။ ဥပမာ- White Coffee ကြိုက်နှစ်သက်ပါက White Coffee Series မီနူးထဲမှ ကြိုက်နှစ်သက်တဲ့ ကော်ဖီအမျိုးအစားကို ရွေးနိုင်မှာ ဖြစ်ပါတယ်။ ထမင်းသုံးဆောင်မယ်ဆိုရင် Rice Series ပေါ့ပေါ့ပါးပါးလေးပဲ စားချင်တယ်ဆိုရင် Light Bites Series မှ ရွေးနိုင်အောင် ခွဲပေးထားပါတယ်။

            ကော်ဖီအနံမွှေးမွှေးလေးနဲ့ ရွေးချယ်စရာ အစားအစာစုံလင်တဲ့ Old Town White Coffee မှာ သုံးဆောင်ချင်ရင်တော့ ယောမင်းကြီးလမ်းက ဆိုင်နဲ့ Junction City ဆိုင်ခွဲတွေမှာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

OLD TOWN WHITE COFFEE

–  30/A, Yaw Min Gyi Road, Dagon Township, Yangon.

–  Junction City, Level 2, Corner of Bogyoke Aung San Road, Shwedagon Pagoda Road, Yangon.

မြင့်ဦးသာ

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments