ရန်ကုန်မြို့လယ်ကTokyo Dining City

    

      

 

ရန်ကုန်မြို့လယ်ကTokyo Dining City

          တိုကျိုဟာ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ မယုံမရှိပါနဲ့ ပရိသတ်ကြီးရေ။ ဒီတစ်ခေါက် ရန်ကုန်မြို့လယ်ကို ရောက်လာတဲ့ တိုကျိုဒိုင်းနင်းစီးတီး (Tokyo Dining City) အကြောင်း  ပရိသတ်များကို ပြန်လည်ဖောက်သည်ချဖို့ Sule Square မြေအောက်ထပ်ကို ရောက်ခဲ့ပါတယ်။ Market Place by City Mart ဝင်ပေါက်ရှေ့တည့်တည့်က ဂျပန်အပြင် အဆင်တွေနဲ့တွေ့ရမယ့် ဝင်ပေါက်က ဝင်သွားရင် ဟိုးမျက်စိတစ်ဆုံးအထိမြင်ရတဲ့ Dining Hall စားသောက်ခန်းမကြီးထဲမှာ သေသပ်လှပတဲ့ စားပွဲ၊ ကုလားထိုင်တွေကို သူ့အပိုင်းနဲ့သူ ခွဲခြားပြီး နေရာချခင်းကျင်းထားပါတယ်။

         ဝင်ဝင်ချင်း ဧည့်ကြိုကောင်တာကို ကျော်ပြီးသွားရင်တော့ ဘယ်ဘက်တစ်ခြမ်းလုံးမှာ အစားအစာကောင်တာ Food Station တွေကို အစားအစာအမျိုးအစားလိုက်ခွဲပြီး နေရာချထားတာတွေ့ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာကောင်တာတွေမှာ ရနိုင်တဲ့ ဟင်းလျာအမျိုးအစားတွေကိုလည်း ကောင်တာတိုင်းရဲ့အပေါ်မှာ ပုံနဲ့ရော၊ ဈေးနှုန်းတွေကိုပါ ဖော်ပြထားတာတွေ့ရပါတယ်။

          အတွင်းပိုင်းအပြင်အဆင်တွေက အဆင့်မြင့်တဲ့ အလှဆင်လက်ရာတွေ မြင်ရမှာဖြစ်ပြီး ဝန်ဆောင်မှုကလည်း ကွာခြားပါတယ်။

          ပုံမှန်အစားအသောက်တန်း Food Court တွေမှာက ငွေကတ်ကို အရင်ဝယ်ပြီး လိုချင်တာမှာယူချိန်မှာ ငွေရှင်းရတဲ့ပုံစံဖြစ်ပေမယ့် Tokyo Dining City မှာတော့ ဝင်ဝင်ချင်း နှုတ်ဆက်နေတဲ့ ဝန်ထမ်းလေးက ဘားကုတ်ပါတဲ့ ကတ်ပြားလေးတစ်ခုပေးမှာဖြစ်ပြီး အဲဒီကတ်ပြားလေးနဲ့ ကောင်တာတွေမှာ ကိုယ့်စိတ်ကြိုက် အကန့်အသတ်မရှိ မှာယူသုံးဆောင်ပြီးတော့မှ နောက်ဆုံး ငွေရှင်း ရမှာဖြစ်ပါတယ်။ မှာယူချိန်မှာတော့ သက်ဆိုင်ရာ Station တွေက စောစောကရလာတဲ့ ကတ်ထဲကို အစားအစာရဲ့ ကျသင့်ငွေ ပေါင်းထည့်ပေးထားမှာ ဖြစ်ပါတယ်။ အားလုံးစားသောက်ပြီးမှ ကောင်တာမှာ ကတ်ကို ပြန်အပ်ပြီး ငွေရှင်းရမှာဖြစ်ပါတယ်။

          ပရိသတ်ကြီးရေ… Tokyo Dining City ရဲ့ ထူးခြားတဲ့ ငွေရှင်းမှုပုံစံကို ရှင်းပြပြီး နောက်မှာတော့ အစားအသောက်များရဲ့ အတွေ့အကြုံကို မျှဝေပေးပါ့မယ်။ ပထမဆုံးကောင်တာက Buta Kimuchi Udon ကို မိတ်ဆက်ပေးပါမယ်။ Undo ခေါက်ဆွဲဆိုတာကတော့ နန်းလုံးကြီးကြီး ဆန်ခေါက်ဆွဲတစ်မျိုး ဖြစ်ပါတယ်။

          ဂျပန်ခေါက်ဆွဲကို ထူးထူးခြားခြား ကိုရီးယားအရသာစွက်ပြီးတော့ ဖန်တီးထားတဲ့ Fusion ပေါင်းစပ်လက်ရာတစ်မျိုးဖြစ်ပါတယ်။

          ဂျပန်ငါးတစ်မျိုးဖြစ်တဲ့ Katso ငါးပြုတ်ရည်ကို အခြေခံပြီး ကိုရီးယားကင်မ်ချီ အရသာပါဝင်အောင် ချက်ပြုတ်ထားတဲ့ ခေါက်ဆွဲဖြစ်ပါတယ်။ ဟင်းရည်ချဉ်ချဉ်စပ်စပ်လေးမှာ ဝက်သားသုံးထပ်သားလွှာလေးက နူးညံ့ပြီး ခံတွင်းမှာ အရသာပျော် ဝင်သွားစေတဲ့ အထိအတွေ့က ကောင်းလှပါတယ်။ ကိုရီးယားငရုတ်ရနံ့မွှေးမွှေးလေးကလည်း အဲဒီဟင်းလျာကို ပိုမိုပြီးပေါ်လွင်စေပါတယ်။

          နောက်ထပ်ကောင်တာတစ်ခုကနေ  မှာယူမြည်းစမ်းမိတာကတော့ Tokyo Shoyu Ramen ဖြစ်ပါတယ်။

တိုကျိုပုံစံခေါက်ဆွဲပြုတ်တစ်မျိုးဖြစ်ပြီး ဂျပန်လူမျိုးတွေ ကြားမှာလည်း လူကြိုက်များတဲ့ အရသာဖြစ်ပါတယ်။ အိမ်လုပ်ခေါက်ဆွဲစစ်စစ် ပဲငံပြာရည်နဲ့ အရသာသွင်းပြီး ပြန်ချက်ထားတဲ့ ဝက်သားသုံးထပ်သားလွှာ၊ ဂျပန်ပဲငံပြာရည်၊ ဂျပန်ဆာကေးအရက်တို့နဲ့ ချက်ပြီး  အရသာသွင်းထားတဲ့ ကြက်ဥပြုတ်၊ အရသာထူးခြားအောင် စီမံထားတဲ့ မျှစ်တို့ ပါဝင်တဲ့ ခေါက်ဆွဲပြုတ်ကတော့ အခုလိုမိုးတွင်းရာသီမျိုးနဲ့ လိုက်ဖက်ညီပါတယ်။

          ဂျပန်နိုင်ငံရဲ့  အစားအစာယဉ်ကျေးမှုတွေကို မြန်မာနိုင်ငံကို ယူဆောင်လာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့  ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်လေးမှာတော့ ဂျပန်ပြည်မှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိခဲ့တဲ့ မြန်မာစားဖိုမှူးကြီးက ဦးဆောင်ပြီး နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ စားဖိုမှူးငယ်လေးများနဲ့ အတူဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

          နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ Sushi, Sashimi ကြိုက်နှစ်သက်ကြသူတွေအတွက်ပါ။ ဂျပန်စာလို့ပြောလိုက်ရင်  အရင်ဆုံး အာရုံထဲမှာ ပြေးမြင်မိမယ့် အစားအစာတွေက ရောင်စုံ Sushi တုံးလေးတွေနဲ့ မစားဖူးခင်က စားရမှာကြောက်တတ်ကြတဲ့ Sashimi လို့ခေါ်တဲ့ ငါးစိမ်းအလွှာလေး တွေဖြစ်ပါလိမ့်မယ်။ Tokyo Dining City မှာတော့ လတ်ဆတ်တဲ့ တူနာငါးရဲ့ နေရာအစိတ် အပိုင်းမျိုးစုံက အသားတွေနဲ့ အမျိုးအမည်ခွဲထားတဲ့ Assorted Tuna Wigiri ကို မြည်းစမ်းခွင့်ရခဲ့ပါတယ်။ လတ်ဆတ်တဲ့ တူနာငါးအသားစိမ်းအရသာဟာ နေရာအစိတ်အပိုင်းအလိုက် အရသာကွဲပြားသွားတာကို ထူးထူးခြားခြား သတိထားမိပါတယ်။ ဝါဆာဘီ၊ အချဉ်စိမ်ထားတဲ့ ချင်း၊ ဂျပန်ဆူရှီ ပဲငံပြာရည်တို့နဲ့ တွဲဖက်စားပြီး ဝဥ၊ ပဲပြား၊ ရေညှိ ရွက်တွေပါတဲ့ ဟင်းချိုနွေးနွေးလေးနဲ့ဆိုတော့ ဂျပန်စတိုင် အပြည့်ပါပဲ။

          Tokyo Dining City မှာ အသုံးပြုတဲ့ အစားအစာကုန်ကြမ်းများစွာနဲ့ သားငါးတွေကို ပြည်ပက မှာယူတင် သွင်းပြီး ပြည်တွင်းဟိုတယ်ကြီးတွေကို နှစ်ပေါင်းများစွာ သွင်းပေးနေတဲ့ ကုမ္ဗဏီဖြစ်တဲ့ Premium ကနေ မှာယူထားတာဖြစ်လို့ စားသောက်ကုန်များရဲ့ ဘေးကင်းလတ်ဆတ်မှုနဲ့ အရည်အသွေးကို စိတ်ချယုံကြည်ရပါတယ်။

          ကျွန်တော့်လို ထမင်းစားရမှ ဗိုက်ပြည့်တင်းတိမ် ပါတယ်ဆိုတဲ့ သူများအတွက်လည်း အဆင်ပြေပါတယ်နော်။ Yakitori Don လို့ခေါ်တဲ့ ကြက်သားကင်ထမင်းပေါင်းတစ်မျိုးက ကျွန်တော့်စိတ်ကို အာသာပြေတင်းတိမ်စေပါတယ်။ အရသာသွင်းနှပ်ထားတဲ့ ကြက်သားကင်ကို တာရီယာကီဆော့စ်နဲ့ ပြန်နှပ်ချက် ချက်ထားပြီး ကင်ပြီးသား ကြက်သွန်မြိတ်ကြီး၊ ရေညှိ၊ အကာကျက်ရုံပြုတ်ထားတဲ့ ကြက်ဥတို့နဲ့ ရောနှောပြင်ဆင်ထားတဲ့ ဂျပန်စတိုင် ထမင်းပေါင်းဖြစ်ပါတယ်။

          တွဲဖက်စားသောက်ရမယ့် မီဆို (Miso) ဟင်းချိုကလည်း ကြက်သွန်နီ၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ပဲပြားနဲ့ မပါမဖြစ် ရေညှိတို့နဲ့ အရသာစုံလင်လှပါတယ်။

          နောက်ထပ်မြည်းစမ်းခဲ့ရတာကတော့ Set Menu ဟင်းလျာအတွဲအစပ် တစ်မျိုးဖြစ်တဲ့ Dayly Yaki Sakana Teishoku ဖြစ် ပါတယ်။ Saba ငါးကင်၊ ဆာကေးနဲ့ အရသာသွင်းပြီး ကြော်ချက်ချက်ထားတဲ့ ကြက်သားကြော်၊ ဆော့စ်အချဉ်ချက်ပြီး သနပ်လုပ်ထားတဲ့ ပန်းဂေါ်ဖီပွင့်အချဉ်နဲ့ ထမင်းဖြူတို့ ပါဝင်ပါတယ်။

          Tokyo Dining City မှာ ကျွန်တော်မိတ်ဆက်ပေးခဲ့တာ အစားအသောက် အနည်းငယ်မျှသာဖြစ်ပြီး Undo ဆိုရင်လည်း ရွေးချယ်စရာအမျိုးအစားများစွာ၊ Ramen ကလည်း မျိုးစုံ၊ စိတ်ကြိုက်ရွေးချယ်စရာ Sushi Sashimi ကလည်း မီနူးမှာ အပြည့်ရှိနေပါတယ်။ Teishoku လို့ခေါ်တဲ့ ဂျပန်ဟင်းလျာအတွဲအစပ်များ အပြင် Yoshoku လို့ခေါ်တဲ့ အမေရိကန်၊ ဂျပန်ပေါင်းစပ် Fusion အစားအစာတွေလည်း စုံလင်လှပါတယ်။

          အစားအသောက်ခန်းမရဲ့ တစ်ဖက်စွန်းမှာတော့ ဂျပန်ဆာကေးအရက်၊ ဝိုင်၊ ဘီယာတို့ကို ရနိုင်မယ့် ဘားကောင်တာကြီးက စောင့်နေသေးတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ ပရိသတ်ကြီးရေ … နေ့ဘက်ဆိုရင် ရုံးသူ၊ ရုံးသားတွေအတွက် နေ့လယ်စာ၊ ညနေဘက်ဆိုရင် သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ချိန်းဆိုတွေ့ဆုံရာဖြစ်တဲ့ Tokyo Dining City ဟာ ရန်ကုန်မြို့လယ်မှာ ရှိနေတာမို့ သွားရောက်မြည်းစမ်းကြည့်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Tokyo Dining City

Sule Square Yangon, Basement Floor, 211 Sule Pagoda Road, Kyauktada Township.

Ph : 01 9255133 Ex : 120, 121

Facebook Comments