မီလီယာရန်ကုန်ဟိုတယ်က ခမ်းနားတဲ့ ဘူဖေး The Market MELIA YANGON MYANMAR

မီလီယာရန်ကုန်ဟိုတယ်က  ခမ်းနားတဲ့ ဘူဖေး

The Market MELIA YANGON MYANMAR

          ဒီတစ်လရဲ့  Eating Out ကဏ္ဍကနေ  ကျွန်တော့် ပရိသတ်များကို မိတ်ဆက်ပေးဖို့ ရန်ကုန်ရဲ့ နောက်ဆုံးပေါ် ဟိုတယ်ကြီးတစ်ခုရဲ့ ဘူဖေးစားသောက်ခန်းမကြီးကို ကျွန်တော်တို့အဖွဲ့ ရောက်ခဲ့ပါတယ်။ လူ ၃၀ဝ ကျော်ဆံ့တဲ့ စားသောက်ခန်းမကြီးကတော့ ရန်ကုန်ရဲ့နာမည်ကြီး မြန်မာပလာဇာကြီးရဲ့ဘေးက MELIA YANGON ဟိုတယ်ကြီးမှာ ရှိနေပါတယ်။ စပိန်နိုင်ငံအခြေစိုက် ဟိုတယ်အုပ်စု ကြီးတစ်ခုဖြစ်တဲ့ MELIA YANGON HOTEL ရဲ့ ဒုတိယထပ် ကမ္ဘာအေးလမ်းမကြီးရဲ့ ဘေးဘက်စွန်း ခန်းမကြီးမှာ တော့ The Market Restaurant ကို တွေ့ရမှာပါ။  စားသောက်ခန်းမကြီးရဲ့ အဝင်ဝမှာ ချိစ်မျိုးစုံခင်းကျင်းထားတဲ့ Cheese Room ကို တွေ့ရပြီး ချိစ်မျိုးစုံ၊ ပေါင်မုန့်မျိုးစုံတို့ကို အဲဒီနေရာမှာ ပြင်ဆင်ထားပေးထားတဲ့ ဘူဖေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ခန်းမကြီးကို ကမ္ဘာအေးဘုရားလမ်း ဘက်ခြမ်းမှာ မှန်ပြတင်းအပြည့် ကာရံထားတဲ့ ဘေးတစ်လျှောက် အင်းလျားကန်ပေါင်ဘက်နဲ့ လမ်းမကြီးရဲ့ ရှုခင်းတွေကို ငေးမောရင်း စားသောက်နိုင်မယ့် စားပွဲဝိုင်းလေးတွေ အစီအရီ သီးသန့်ခွဲထုတ်ထားတဲ့ ဝိုင်းတွေအဖြစ် တွေ့ရပါတယ်။ ပုံမှန်စားပွဲဝိုင်း အမြင့်တွေရှိသလို ဆိုဖာခုံ အနိမ့်လေးတွေကိုလည်း စားသောက်ရတာ သက်သောင့်သက်သာရှိမယ့် အချိုးအစားပုံစံမျိုးနဲ့ ပြင်ဆင်ပြီး ခင်းကျင်းထားတာ တွေ့ရပါတယ်။ ခန်းမကြီးရဲ့ ဘေးပတ်လည်မှာ ဘူဖေးလိုင်းများကို သူ့နေရာနဲ့သူ စီစဉ်ပေးထားပြီး အလယ်မှာတော့ ကြီးမားတဲ့ ဘားကောင်တာကြီးကို တွေ့ရပါတယ်။

          ကျွန်တော်တို့အဖွဲ့ ရောက်သွားတဲ့ သောကြာညရဲ့ (Seafood Night) ပင်လယ်စာညမှာ The Market  ရဲ့ အမျိုးအမည်ပေါင်း ၁၅၀ ကျော်ကို တွေ့ရပါတယ်။ ပထမဦးဆုံးကတော့ ပင်လယ်စာညမှာ လူပြောအများဆုံးဖြစ်တဲ့ (Oyster) ခရုအမျိုးမျိုးကို မြည်းစမ်းကြည့်မိပါတယ်။ Bloody Marry နဲ့တွဲရင် လိုက်ဖက်လွန်းတဲ့ ပင်လယ်စာတစ်မျိုးဖြစ်တာကြောင့် (Oyster) ခရုများ ပြင်ဆင်ထားတဲ့ နေရာမှာ Bloody Marry ကောက်တေးကိုပါ တစ်ပါတည်းယူပြီး သုံးဆောင်နိုင်အောင် ပြင်ဆင်ထားပါတယ်။ လတ်ဆတ်နူးညံ့တဲ့ ကမာကောင်များကို သူ့အခွံထဲမှာပဲ သဘာဝအတိုင်း ရှိနေစေပြီး စားခါနီးမှ လတ်လတ်ဆတ်ဆတ် အခွံလှပ်ပေးမယ့် ကောင်တာစားဖိုမှူး (Station Chef) များကလည်း အဆင်သင့်စောင့်ကြိုနေမှာ ဖြစ်ပါတယ်။ အဲဒီကောင်တာမှာ ပင်လယ်စာနဲ့ပတ်သက်ရင် အစုံအလင်ရနိုင်အောင် စီစဉ်ထားတာ တွေ့ရပါတယ်။ ကမာ၊ ခုံးယောက်မ၊ ယောက်သွား၊ ကျောက်ငါး၊ ကင်း ပုစွန်၊ ကဏန်း၊ ရေဘဝဲ စတဲ့  ပင်လယ်စာအစုံအလင်ကို လတ်လတ်ဆတ်ဆတ်တစ်မျိုး၊ သုပ်ထားတဲ့ အသုပ်မျိုးစုံ နဲ့တစ်ဖုံ၊ တွဲဖက်စားနိုင်တဲ့ ဆော့စ်၊ Dressing မျိုးစုံနဲ့ စိတ်ကြိုက်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခုလို သောကြာညမျိုးမှာဆိုရင်တော့ လူတိုင်းအတွက် Free Flow စိတ်ကြိုက်သောက်သုံးနိုင်တဲ့ ဝိုင်၊ စပိန်ဝိုင်တစ်မျိုး Cava Sparkling Wine စတာတွေနဲ့ အစပြုဖို့ကောင်းတဲ့ နေရာလည်းဖြစ်ပါတယ်။

          နောက်ထပ် မြည်းစမ်းကြည့်နိုင်တာကတော့ ဂျပန်ကောင်တာက ဆူရှီမျိုးစုံ၊ ဆာရှိမိနဲ့ မိဆောဟင်းရည်နဲ့ ဆိုဘခေါက်ဆွဲတို့ ဖြစ်ပါတယ်။ တူနာငါးရဲ့ အစိတ်အပိုင်း မျိုးစုံက အသားမျိုးစုံ၊ ဆယ်မွန်ငါးအစိမ်းရဲ့ လတ်ဆတ် ချိုဆိမ့်တဲ့ အရသာတို့က The Market ရဲ့ အစားအစာ အရည်အသွေး ထိန်းချုပ်နိုင်မှုကို ပြနေပါတယ်။ ရနံ့ပြင်းပြင်း ဝါဆာဘီ၊ ဆာရှိမိပဲငံပြာရည်တို့ရောစပ်ပြီး လျှာဖျား ပေါ်ရောက်လာတဲ့ ဆယ်မွန်အသားလွှာရဲ့ ပျော်ဝင်မှု အရသာက The Market ရဲ့ ထူးခြားလှတဲ့ အတွေ့အကြုံ များစွာထဲက တစ်ခုဖြစ်ပါတယ်။

          ဂျပန်စာများအပြီးမှာတော့ ခဏလေးအနားတောင်းပြီးမှ ကျန်တဲ့စားသောက်စရာ အမည်တွေဆီကို ဆက်ကြပါတယ်။ စားဖိုမှူးများစွာက နိုင်ငံတကာဈေးခင်းကြီးထဲမှာ စားသောက်ဖွယ်မျိုးစုံကို ရောင်းချဝန်ဆောင်ပေး နေသလိုမျိုး စားသောက်ဖွယ်ရာ အမျိုးစုံလင်လှပါတယ်။ သောကြာကို ပင်လယ်စာညလို့ သတ်မှတ်ထားတာကြောင့် ဒီညရဲ့  ၉၀ ရာခိုင်နှုန်းသော အစားအစာအမည်များကို ပင်လယ်စာများနဲ့ ဖန်တီးထားပါတယ်။ ပုစွန်ထုပ်ကင်၊ ငါးလိပ်ကျောက်ကင်စတဲ့ အကင်မျိုးစုံနဲ့ The Market ရဲ့ ပင်လယ်စာညကို ဆက်ပြန်ပါတယ်။ ဂျာမန်စားဖိုမှူးကြီးဦးဆောင်တဲ့ MELIA  ရဲ့ ဟင်းလျာလက်ရာ တွေကတော့ ဘူဖေးဆိုတာထက် သာလွန်ကောင်းမွန်တဲ့ အရည်အသွေးတွေကို တွေ့ရပါတယ်။ အရှေ့အလယ်ပိုင်း အစားအစာတစ်မျိုးဖြစ်တဲ့ ရှာဝါးမား (Shawarmar) ပြင်ဆင်ပေးနေတာလည်း တွေ့ရပါတယ်။ ကြက်ပေါင်သားတွေကို အထပ်လိုက်စီပြီး ဘေးမီးပါးပါးနဲ့ ကင်ထားတဲ့ အသားတွေကို အလွှာပါးပါးလေးလှီးပြီး ပီတာပေါင်မုန့် (Pita Bread) ထဲမှာ အသီးအရွက်တွေနဲ ရောနှောစားရတဲ့ အစားအစာတစ်မျိုးကတော့ မြန်မာပြည်မှာ သိပ်မတွေ့ရသေးပါဘူး။ ဒီဘက်ခြမ်းမှာ နောက်ထပ် သတိထားမိတာကတော့ များပြားလှတဲ့ ပင်လယ်စာ ဟင်းလျာများအပြင် ကြက်၊ ဝက်၊ ဘဲတို့နဲ့ ပြင်ဆင်ထားတဲ့ နိုင်ငံတကာ ဟင်း လျာများစွာကိုလည်း ခင်းကျင်းပေးထားတာ တွေ့ရပါတယ်။

          တစ်ဖက်ကို ဆက်ပြီးသွားမယ်ဆိုရင်တော့ တရုတ်အစားအစာများ ပြင်ဆင်ပေးထားတဲ့ နေရာကိုရောက်မှာ ဖြစ်ပါတယ်။ ဒင်ဆမ်းမျိုးစုံ၊ ဘဲကင်၊ ကြက်ကင်များအပြင် ပင်လယ်စာအခြေခံထားတဲ့ တရုတ်ဟင်းလျာများစွာကို စိတ်ကြိုက်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

          အိန္ဒိယအစားအစာများကိုတော့ သီးသန့်ကောင်တာတစ်ခုမှာ ပြင်ဆင်ပေးထားပြီး အရှေ့တောင်အာရှ ဒေသအစားအစာများကို အဲဒီကောင်တာက ရနိုင်မှာဖြစ်ပါတယ်။ နံပြား၊ ဒံပေါက်တို့အပြင် ဟင်းလျာမျိုးစုံကိုလည်း ပြင်ဆင်ထားပါတယ်။ ဒီနေရာမှာ အကြိုက်တွေ့ခဲ့ရတာက ဖိလစ်ပိုင်အစားအစာတစ်မျိုးဖြစ်တဲ့ အဒိုဘို (Adobo) ဟင်းလျာဖြစ်ပါတယ်။ နောက်ထပ်လည်း ခေါက်ဆွဲမျိုးစုံကို အဲဒီကောင်တာမှာ စားဖိုမှူးများက ချက်ချင်းပြင်ဆင် ပေးနေတာဖြစ်ပါတယ်။

          The Market ရဲ့ များပြားလှတဲ့ အစားအစာများကို စိတ်ကြိုက်သုံးဆောင်ပြီးတဲ့ နောက်မှာတော့ ရေခဲမုန့်ကောင်တာ၊ အချိုပွဲနဲ့ သစ်သီးကောင်တာများ ကျန်နေသေးတာကို သတိပြုမိပါတယ်။ ရေခဲမုန့်ဆိုရင်လည်း ကျန်းမာရေးနဲ့ညီညွတ်အောင် ခရမ်မပါ၊ နို့မပါဘဲ သဘာဝ သစ်သီးများအတိုင်း ပြုလုပ်ထားတဲ့ ရေခဲမုန့်တွေ ထဲက နှစ်သက်ရာကိုကြိုက်သလောက်ယူ၊ Pastry ကောင်တာက စိတ်ကြိုက်ကိတ်မုန့်၊ ဒါမှမဟုတ် French Pastry တစ်ခုခုကိုယူ Marshmallow လေးကို မီးကင်ပြီး ချောကလက်ဖောင်တိန် (Chocolate Fountain) မှာ နှစ်ပြီး စိတ်ကြိုက်ပုံစံနဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

          ပရိသတ်ကြီးရေ… ကျွန်တော်တို့ရောက်သွားတဲ့ရက်က ပင်လယ်စာညအဖြစ် သတ်မှတ်ထားတဲ့ သောကြာညဖြစ်တာကြောင့် ဟင်းလျာအများစုက ပင်လယ်စာများဖြစ်ပြီး တန်ဖိုးကြီးလတ်ဆတ်တဲ့ အစားအစာမျိုးတွေ ဖြစ်ပါတယ်။ ဒီဘူဖေးအတွက် တစ်ဦးကို ၄၈ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး (ကလေး ၅ နှစ်မှ ၁၂ နှစ် ၅၀ % လျှော့ဈေး၊ ၅ နှစ်အောက် အခမဲ့) စိတ်ကြိုက်သောက်သုံး နိုင်မယ့် Free Flow Sparkling Wine, ဝိုင်ဖြူ ၊ ဝိုင်နီ၊ ဘီယာ Carlsberg Beer ၊ ကော်ဖီ၊ လက်ဖက်ရည် စုံနေအောင်ရတဲ့ ဘားကောင်တာကြီးကိုလည်း စိတ်ကြိုက်မွှေနောက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်လည်း မတူညီတဲ့ ဈေးနှုန်းတွေနဲ့ မိသားစုစနေည (Family Night) လိုမျိုး၊ Sunday Brunch လိုမျိုး၊ စနေနေ့ နေ့လယ်စာ ဘူဖေးလိုမျိုး၊ သီတင်းပတ်ကြာရက်တွေမှာပဲရနိုင်တဲ့ Business Lunch ဆိုတာမျိုးတွေလည်း တစ်ပတ်လုံးမှာ နေ့တိုင်း နေ့လယ်စာရော ညစာအတွက်ပါ ဝန်ဆောင်မှုတွေရှိပါတယ်။

          အစားအသောက်ကောင်းကောင်းကို စားတော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီးရင်တော့ ခန္ဓာကိုယ်အလေးချိန် အကြောင်းလေး မေ့ထားလိုက်ပါ။ ဒီကအစားအစာ အားလုံးက ကျော်သွားချင်စရာ၊ မစားဘဲထားခဲ့ချင်စရာ တစ်ခုမှ မရှိဘူးပါဘူး။ အနည်းဆုံး အဝင်ဝက ပေါင်မုန့်မျိုးစုံ နဲ့ Cheese မျိုးစုံကပဲ ဆွဲဆောင်နေပါပြီ။

The Market Restaurant

Melia Yangon Hotel

No. 192, Kaba Aye Pagoda Rd, Yangon Myanmar.

01 93 45000

Facebook Comments