Charger Plate အကြောင်း

အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများအကြောင်း

Charger Plate အကြောင်း (What is a Charger Plate)

          ဒီလရဲ့ ရင်ခုန်လေ့လာစရာ မီးဖိုချောင်သုံးပစ္စည်းများထဲက အားလုံးမြင်တိုင်း ဇဝေဇဝါဖြစ်တတ်တဲ့ Charger Plate ပါ။ Charger Plate ဆိုတာ ဘာကိုပြောတာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအသုံးပြုလဲဆိုတဲ့ မေးခွန်းတွေကို တစ်ခါတလေ သင်ကသူများကို မေးရမှာ ရှက်နေမိလိမ့်မယ်။ သင့်တစ်ကိုယ်တည်း အတွေးထဲမှာပဲ မေးလေ့ရှိတတ်ပါတယ်။ ပန်းကန်ပြားအကြီးလို့ သင်ထင်ထားတာကိုက တစ်ခါတလေ မှားတတ်ပါတယ်။ ဘယ်လိုပုံစံမျိုးကို Charger Plate လို့ ခေါ်တာပါလဲ။ ကမ္ဘာတစ်ဝန်း အနောက်နိုင်ငံတွေမှာ အများဆုံး အသုံးများပြီးတော့ ဟိုတယ်တွေမှာ ပိုပြီးအသုံးများပါတယ်။ နေရာဒေသအလိုက် ကျင်းပတဲ့ ပွဲအပေါ်မူတည်ပြီး အရောင်နဲ့ Charger Plate ပုံစံဒီဇိုင်းပဲ ပြောင်းလဲသွားတတ်ပါတယ်။  ဒါကြောင့်  ဒီလရဲ့  Thit & That   မှာ  Charger plate ဘာကြောင့် ကမ္ဘာတစ်ဝန်းက ဟိုတယ်တွေ၊ အိမ်တွေမှာ အသုံးပြုကြခြင်းနဲ့ အသုံးပြုပုံနည်းလမ်းများကို ဗဟုသုတရစေဖို့ အကြံပြု မျှဝေထားပါတယ်။

          Charger plate က အရွယ်အကြီးကြီးတွေဖြစ်ပြီး အနားကွပ် ဒီဇိုင်းအမျိုးမျိုးတွေ့ရှိ နိုင်သလို ရွှေရောင်၊ ငွေရောင် စသည့် ကျက်သရေရှိတဲ့အရောင်တွေလည်း အသုံးပြုလေ့ရှိကြပါတယ်။ Charger plate ကို ညစာစားပွဲ အတော်များများ၊ မင်္ဂလာဆောင်၊ ကြီးကျယ်ခမ်းနားသော ပါတီပွဲတွေ၊ ဧည့်ခံပွဲကြီးတွေနဲ့ ထိပ်တန်းစားသောက်ဆိုင်ကြီးတွေမှာ သုံးဆောင်ဖို့ ပန်းကန်တွေရဲ့  အောက်ခံအလှ ပန်းကန်အဖြစ် အသုံးပြုကြပါတယ်။ Charger plate ကှို Service  ပန်းကန်အဖြစ်လည်း အသုံးပြုကြပါတယ်။ Charger plate နဲ့ အောက်ခံထားပြီး တည်ခင်းဧည့်ခံသော အစားအသောက်များကို စားသုံးလျှင် အစားအသောက်များက ပိုပြီးစားချင်စဖွယ်ဖြစ်သလို အစားအသောက်များကိုလည်း ပိုပြီးဆွဲဆောင်မှုရှိစေကာ စားသုံးသောသူလည်း တည်ငြိမ်ကျက်သရေ အဆင့်အတန်းရှိရှိ သုံးဆောင်နေရသလို ခံစားရပါတယ်။ Set Menu များ Serve လျှင် Charger Plate အပေါ်မှာ တစ်ခုပြီးတစ်ခု တင်ပေးတော့ စားရတာလည်း အဆင်ပြေပါတယ်။ ဇွန်း၊ ခက်ရင်းနဲ့ ဓားတို့ကိုလည်း တင်ထားလို့ရပါတယ်။ Charger Plate မှာ ပုံစံဒီဇိုင်း၊ အရွယ်အစား၊ အနံ၊ အလျား၊ အတို၊ အရှည်၊ အဝိုင်း၊ လေးထောင့် စသည်ဖြင့် စုံလင်စွာရရှိနိုင်သလို ကိုယ့်ရဲ့ ထမင်းစားခန်း အပြင်အဆင်နဲ့ လိုက်ဖက်တာမျိုးလည်း ရရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်နေ စိတ်ထားအတိုင်း၊ ကိုယ့်စတိုင်အတိုင်း ကိုယ်ကျင်းပမယ့် ကျွေးမွေးဧည့်ခံပွဲအပေါ်မူတည် ပြီး စိတ်တိုင်းကျ Charger Plate လုပ်တဲ့ နေရာမှာလည်း အပ်လို့ရပါတယ်။ Charger Plate ကို အသုံးများတာက Course Meals ကို သပ်ရပ်ကျနစွာ Serve လုပ်တဲ့အခါ၊ အသီးအရွက်သုပ်၊ ဟင်းရည်သောက်နဲ့ အဓိက ညစာတွေကို ကျွေးမွေးတဲ့အခါမှသာ အသုံးများကြပါတယ်။

          Charger Plate ကို ပုံစံအခြေအနေအမျိုးမျိုးကြောင့် အသုံးပြုကြတာလည်း ရှိပါတယ်။ Charger Plate ကို ထမင်းစား စားပွဲပေါ်မှာ ပြင်ဆင်ထားလျှင် ခံ့ညားလှပပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ ဒါပေမဲ့ အခုလိုလှပစေဖို့ တစ်ခုတည်းမဟုတ်ဘဲ ထမင်းစား စားပွဲခုံခြစ်ရာထင်ခြင်း၊ စားပွဲခင်းမှာ ဟင်းစက်တွေ တင်ကျန်ခြင်းများမှ ကာကွယ် ပေးနိုင်အောင် အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။ ပေပွနေတဲ့ စားပွဲခင်းတွေကို သန့်ရှင်းရေးလုပ်ရတာလည်း အချိန်၊ လူပင်ပန်းတာကြောင့် Charger Plate ကို ဟိုတယ်တွေ၊ အိမ်အတော်များများမှာ အသုံးပြုကြပါတယ်။ Charger Plate က သန့်ရှင်းရေးလုပ်ရတာ လွယ်ကူစေပါတယ်။ နောက်ပြီး Charger Plate ကို အပူပေးထားလျှင် ထမင်းဟင်းများ အလွယ်တကူ အေးစက်သွားခြင်းလည်း မဖြစ်စေပါဘူး။

Charger Plate ကို ဘယ်လိုတခြားပုံစံမျိုးတွေနဲ့ အသုံးပြုသလဲဆိုလျှင်

          တစ်ခါတစ်ခါ စားပွဲခင်းတွေတင် ပျင်းဖို့ကောင်းသလို ကြည့်ရတာ မျက်စိရိုးပါတယ်။ ဧည့်ခံပွဲမှာ မျက်စိဆွဲဆောင်မှုရှိစေဖို့ အရောင်မျိုးတွေနဲ့ အသုံးပြုကြပါတယ်။ Charger Plate က  ဧည့်ခံပွဲတွေမှာ မျှတသော၊ လှပတင့်တယ်သော ပုံစံမျိုးကို ဖန်တီးပေးနိုင်ပါတယ်။ စားပွဲခုံရဲ့ အလယ်မှာထားပြီး လက်သုတ်ပဝါ၊ ပန်းအိုး၊ ဖယောင်းတိုင်တင်ပြီး အလှဆင်တာမျိုးတွေမှာလည်း အသုံးပြုပါတယ်။ Charger Plate အပေါ်မှာ အစားအစားများကို တင်ပြီးတော့ မစားသုံးသင့်သလို အစားအစာတင်ပြီး မကျွေးသင့်ပါ။

          မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင်တွေမှာ တွေ့မြင်နေကျ ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမဲ့ အသုံးတည့်ပုံလေးကိုတော့ သတိမပြုဖြစ်သော Charger Plate အကြောင်းကို သိထားတာလေး ပြန်လည်မျှဝေထားပါတယ်။ နောက်လမှာ ဘယ်လို မီးဖိုချောင်သုံး ပစ္စည်းများ (သို့) မီးဖိုချောင်အတွင်း အသုံးတည့်စေမယ့် အကြောင်းအရာလေးတွေကို ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦး…

          စည် ကျောင်းတက်တုန်းက သင်ခဲ့ရသော Dinner Etiquette ဘာသာရပ်မှ စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့အတူ https://www.webstaurantstore.com မှရရှိသော အကြောင်းအရာလေးများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy day to you all …

မှတ်ချက်-      ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိတတ်ပါသည်။

Syi Lwin Foods Garden

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments