ကြက်ဥ၀က်သားလိပ်ကြော်

war-tharnar_02

war-tharnar_01အမည်   –   မနေခြည်လှိုင်ဝင်း

နေရပ်   –   အင်းစိန်

အသက်   –   ၂၇

အလုပ်အကိုင်   –   Thanlyin Star City, Finance Department

            အချက်အပြုတ်ကိုတော့ အိမ်မှာ အမေချက်တာကို ဝိုင်းကူညီရင်း ၁၃ နှစ်၊ ၁၄ နှစ်သမီးထဲက ဝါသနာပါခဲ့တာပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ နောင်မှာ ကိုယ့် အိုးကိုယ့်အိမ်ထူထောင်ရင် ချက်ပြုတ်ရမှာလည်း ဖြစ်တာရယ်။ အိမ်ကအမေရဲ့ သင်ကြားမှုတွေကြောင့်ရယ်ကြောင့် ပိုဝါသနာပါဖြစ်သွားတယ် ထင်ပါတယ်။ ဒီတော့ လက်ဦးဆရာအနေနဲ့ သင်ယူခဲ့တာကတော့ အရင်ဆုံး အမေ့ဆီကပါပဲ။ ဒီဟင်းပွဲမှာ ထူးခြားတာဘာလဲဆိုရင် ဆီကို မပါသလောက် အိုးမကပ်ဖို့ ဆီဆွတ်ရုံလောက်သာ အသုံးပြုထားတာပဲဖြစ်ပါတယ်။ အသားနယ်ရာမှာ လည်း အချိုမှုန့်လုံးဝမသုံးဘဲနဲ့ သကြားနဲ့ ကြက်သားမှုန့်သာ အသုံးပြုထားတာပဲဖြစ်ပါတယ်။ ဒီဟင်းပွဲရဲ့ ထူးခြား ချက်ကတော့ ကြက်ဥအရသာရယ်၊ ဝက်သား (သို့) ကြက်သားအရသာရယ်ကို အဆာအပြေဖြစ်ဖြစ်၊ ထမင်း နဲ့ဖြစ်ဖြစ် တွဲဖက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ မိသားစုနဲ့အတူတူ အိမ်မှာ အလွယ်တကူ ပြုလုပ်စားသောက်နိုင်မှာဖြစ်သလို သူငယ်ချင်းမိတ်ဆွေအပေါင်းသင်းတွေနဲ့ ပျော်ပျော်ပါးပါး လုပ်စားနိုင်မှာဖြစ်ပါတယ်။ အခြားနေရာကနေ အချက်အပြုတ်ကို သင်ယူမိတာကတော့ တီဗွီအစီစဉ်တွေ၊ အချက်အပြုတ်စာအုပ်၊ မဂ္ဂဇင်းတွေကနေတစ်ဆင့် လေ့လာသင်ယူခဲ့ပါတယ်။ ကျွန်မတို့မိသားစု မျိုးရိုးအစဉ်ဆက် လက်ဆင့်ကမ်းချက်ဖြစ်တဲ့ ထူးခြားမယ်ထင်တဲ့ ဟင်းပွဲလေးတွေကတော့ အများကြီးပါပဲ။ ဥပမာ ပုစွန်သုပ်၊ ငါးရံ့ဆန်လှော်ဟင်း၊ ငါးရံ့အူချက်၊ ငှက်ပျောဖူးကြော်၊ သခွားသီးအကြီးကိုခြစ်ပြီး ငါးနိုင်နိုင် နဲ့သုပ်ထားတဲ့ သခွားသီးသုပ် စသဖြင့်ဟင်းပွဲတွေပါ။ အခုလုပ်ပြတဲ့ ကြက်ဥဝက်သားလိပ်ကြော်လေး လုပ်စား ကြည့်ပါလို့။ ဒီဟင်းက အရသာရှိတဲ့ ဟင်းကောင်းတစ် ခွက်ကို ကိုယ်ပိုင်မီးဖိုချောင်လေးကနေ ဈေးနှုန်းသက်သက်သာသာ တန်ဖိုးရှိစွာသုံးဆောင်နိုင်မှာဖြစ်ပါတယ်။မိသားစု အပန်းဖြေတဲ့နေရက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စုံတွေတဲ့အခါမျိုးမှာ ပေါ့ပေါ့ပါးပါး အရသာရှိရှိ လုပ်စားနိုင်မှာလည်းဖြစ်ပါတယ်။ အခုလို Food Magazine ရဲ့ ဝါသနာရှင်ကဏ္ဍလေးမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ကိုယ်ချက်တတ်တဲ့ ဟင်းလျာ များကို တခြားသောဝါသနာရှင်များသိအောင် ဒီကဏ္ဏလေးကနေ ပြောပြခွင့်ရတဲ့အတွက် Food Magazine ကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ်။

ဒီကဏ္ဍမှာလက်စွမ်းပြချင်တယ်ဆိုရင်တော့ Ph : 09 254006049, [email protected]

ကြက်ဥ၀က်သားလိပ်ကြော်

►   ပါဝင်ပစ္စည်း

♦   ဝက်သား   –   ၂ဝ ကျပ်သား

♦   ကြက်သားမှုန့်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

♦   သကြား   –   အချိုကြိုက်ရင် ထမင်းစားဇွန်း ၁ ဇွန်း၊ အချိုလျော့ချင်ရင် ဇွန်းဝက်ခန့်

♦   ပဲငံပြာရည်အနောက်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ကြက်သွန်ဖြူ   –   အသေးဆိုရင် ၆ တက်၊ အကြီးဆိုရင် ၄ တက်

♦   ကြက်သွန်နီ   –   အကြီးဆိုရင် ၁ လုံး၊ အသေးဆို ၂ လုံး

♦   ဆား   –   အနည်းငယ်

♦   ဆီ   –   ၅ ကျပ်သား

♦   ကြက်ဥ   –   ၅ လုံး

♦   အကြော်မှုန့် (ယိုးဒယားမယ်)   –   ထမင်းစားဇွန်း ၁ ဇွန်း

►   ချက်ပြုတ်နည်း

၁။        အရင်ဆုံး ဝက်သားကို နုပ်နုပ်စဉ်းပြီး ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်အနောက်နဲ့ ကြက်သွန်အဖြူအနီ ရောထောင်းထားတာနဲ့ နယ်ပါ။ နည်းနည်းအလေးကြိုက်သူများ ဆားထည့်နိုင်တယ်။

၂။        ပြီးရင် ကြက်ဥကို ကြက်သားမှုန့် အနည်းငယ်ထည့်ပြီး ခလောက်ထားပါ။

၃။        ကြက်ဥကြော်တဲ့နေရာမှာ ဒယ်အိုးအပြားကို အသုံးပြုရမည်။ လက်ကိုင်ဒယ်အိုးအပြားကို အသုံးပြုလို့ရသည်။ ဒယ်အိုးကိုအပူပေးပြီး မီးပူလာပါက ဆီကိုဆွတ်ရုံလောက်သာထည့်ပါ။

၎။        ပြီးရင် ကြက်ဥကို ခေါက်မုန့်ကြော်သလို ပါးပါးလေးကြော်ပေးပါ။ ကြက်ဥအရည်ကို ဇွန်းနဲ့လိုအပ်သလိုခပ်ပြီး ကြော်ပေးပါ။

၅။        ကြော်ထားတဲ့ ကြက်ဥအပြား ပါးပါးလေးတွေရရင် စောစောက နယ်ထားတဲ့ဝက်သားကို ကြက်ဥထဲထည့်ပြီး ဆူရှီလိပ်သလိုလိပ်ပေးပါ။

၆။        လိပ်ပြီးသွားပြီဆိုရင် ပေါင်းအိုးထဲကို စောစောလိပ်ထားတဲ့ ကြက်ဥလိပ်တွေ ထည့်ပေါင်းပေးရမယ်။ ၂ဝ မိနစ် လောက်ပေါင်းပြီး ဝက်သားနူးပြီဆိုရင် စားလို့ရပြီ။

Facebook Comments