“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ငါးမြွေထိုး

by ဆန်းဆန်းဦး for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          မြန်မာနိုင်ငံဟာ မြေသယံဇာတများဖြစ်တဲ့ ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား၊ ရေနံ စတဲ့ တွင်းထွက်ပစ္စည်းများ ပြေွါကယ်ဝသလို ငါးရွှေ၊ ငါးပါးနီ၊ ငါးကွမ်းရှပ်၊ ငါးမုတ် စတဲ့ ပင်လယ်ပြင်က ရရှိတဲ့ ရေငန်ငါးများအပြင် ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခူ၊ ငါးရံ့၊ ငါးဖယ်၊ ငါးပတ်၊ ငါးမြွေထိုး၊ ငါးပြေမ စတဲ့ ရေချိုငါးများဟာ မြန်မာ့ရေပြင်ပိုင်နက်မှာ ရေသယံဇာတအနေနဲ့ ပေါများ ကြွယ်ဝလျက်ရှိနေပါတယ်။

          ယခုလ “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ ရေချိုငါးမျိုးပေါင်း များစွာရှိတဲ့အထဲက “ငါးမြွေထိုး” ကို စီမံချက်ပြုတ်စားသုံးပုံများနှင့် အာဟာရတန်ဖိုးများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။

          ငါးမြွေထိုးကို စာရှုသူများ မြင်ဖူး၊ ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အရွယ်က ၅ လက်မခန့်ကနေ ၆ လက်မ၊ ၇ လက်မအထိ ရှည်ပြီး နှုတ်သီးက ချွန်ကာ အရောင်ကတော့ ရွှေအိုရောင်နဲ့ အနက်ရောင်ဆိုပြီး (၂) မျိုးရှိပါတယ်။ အရွယ်သေးတဲ့ ငါးမြွေထိုးတွေကတော့ ၃ လက်မ၊ ၄ လက်မခန့်အထိပဲ ရှည်ပါတယ်။

          ငါြးွေမထိုးကို အချဉ်ဆီပြန်ချက်စားနိုင်သလို အခြောက်လှန်းထားတဲ့ ငါးမြွေထိုးခြောက်တွေကိုတော့ ကြော်စားလေ့ရှိကြပါတယ်။ တချို့ကျတော့လည်း ငါးမြွေထိုးအစိုကို ခပ်ထန့်ထန့်လေးဖြစ်သွားအောင် ကျပ်တင်ပြီး ငါြးွေမထိုးကျပ်တင်ကို ငါးရှဥ့်ခြောက်စပ်ချက်သလို ချက်စားကြပါတယ်။ ငါးမြွေထိုးအစိမ်းကို ဟင်းချက်မယ်ဆိုရင်တော့-

(၁)  ငါးမြွေထိုး  –  ၃၀ ကျပ်သား

(၂)  ကြက်သွန်နီဥကြီး  –  ၃ ဥ

(၃)  ကြက်သွန်ဖြူဥကြီး  –  ၂ ဥ

(၄)  ငရုတ်အပွ  –  ၃ တောင့်

(၅)  ဆီ  –  ၃ ကျပ်သား

(၆)  မန်ကျည်းမှည့်၊ မဆလာ၊ ချင်းအနည်းငယ်နှင့် ဆားသင့်ရုံ လိုအပ်ပါတယ်။

          လိုအပ်တဲ့အဆာတွေ စုံပြီဆိုရင် ပထမဆုံး ငါြးွေမထိုးတွေကို အပေါ်ယံ အကြေး ပါးပါးလေးတွေစင်အောင် ဓားနဲ့ခြစ်ပစ်ရပါမယ်။ ပြီးလျှင် နှုတ်သီးဖြတ်၊ ဗိုက်ဖောက်ပြီး အကောင်ကြီးရင် ၃ ပိုင်း၊ အကောင်ငယ်ရင် ၂ ပိုင်းစီပိုင်းကာ ရေစင်အောင်ဆေးပြီး နနွင်း၊ ဆားနယ်ထားရပါမယ်။ ငရုတ်သီးအပွတောင့်တွေကို အစေ့ထုတ်၊ ရေစိမ်ပြီး နူးလာတဲ့အခါ ညက်နေအောင် ထောင်းရပါမယ်။ ငရုတ်သီးညက်သွားရင် ချင်းကို ထည့်ထောင်းပြီး ချင်း ညက်သွားရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ အဆင့်ဆင့်ထည့်ထောင်းရမှာ ဖြစ်ပါတယ်။ မန်ကျည်းမှည့်တွေကို ရေဆေးပြီး စိမ်ထားရပါမယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဒယ်အိုးထဲ ဆီထည့်ပြီး မီးဖိုပေါ်တင်ရပါမယ်။ ဆီကျက်တဲ့အခါ အသင့်ထောင်းထားတဲ့ ငရုတ်သီးနဲ့ အမွှေးအကြိုင်တို့ကို ဆီသတ်ရပါမယ်။ ဆီသတ်တာကြာလို့ ကြက်သွန်တွေ နွမ်းပြီး အနီရောင်သန်းလာတဲ့အခါ အသင့်ပြင်ဆင်ထားတဲ့ ငါြးွေမထိုးတွေကို ထည့်ပြီး အပေါ်၊ အောက် သမအောင် မွှေပေးရပါမယ်။ ငါးမြွေထိုးတွေ ထည့်ပြီးလို့ ဆီပြန်လာတဲ့အခါ မန်ကျည်းရည်ဖျော်ထားတာကို လိုသလောက်ထည့်ပြီး ရေနွေးသင့်ရုံ ထပ်ထည့်ကာ အိုးအဖုံးကို ပိတ်ထားရပါမယ်။ ခဏကြာလို့ ဟင်းအိုးပွက်ပွက်ဆူလာတဲ့အခါ  ငါးမဆလာ မွှေးမွှေးလေးကို အုပ်လိုက်ရပါမယ်။ ဒီအခါမှာတော့ သင်းပျံ့မွှေးကြိုင်ပြီး အရသာရှိတဲ့ ငါးမြွေထိုး အချဉ်မဆလာဟင်း တစ်မည်ကို  စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။ ငါြးွေမထိုးအချဉ်မဆလာဟင်းကို ငါးပိရည်ကျိုကောင်းကောင်းတစ်ခွက်နဲ့ တွဲဖက်စားသုံးနိုင်သလို ငရုတ်သီး အညာထောင်းမွှေးမွှေးလေးနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ကြပါတယ်။

          ငါးမြွေထိုးကို ဟင်းချက်တဲ့အခါ အချဉ်၊ မဆလာနဲ့ ချက်စားနိုင်သလို အချဉ်နဲ့ မဆလာ မထည့်ဘဲ ရိုးရိုးဆီပြန်ဟင်း၊ ဆီလည်ရေလည်ဟင်းများလည်း ချက်စားနိုင်ကြပါတယ်။ ငါြးွေမထိုးကို အစိမ်းအတိုင်း အချဉ်မဆလာဟင်း၊ ဆီပြန်ဟင်းများ ချက်စားနိုင်သလို ငါြးွေမထိုးကို မီးခဲကောင်းကောင်းနဲ့ ကင်ပြီး ငါြးွေမထိုးကြော်နှပ်လုပ်စားလို့လည်း ရပါတယ်။ ငါးမြွေထိုးကင်၊ ငါးမြွေထိုးကျပ်တင်ကို ငါးရှဥ့်ခြောက်စပ်ချက်သလို အစပ်ချက်စားမယ်ဆိုရင်တော့-

(၁)  ငါးမြွေထိုးကျပ်တင်  –  ၃၀ ကျပ်သား

(၂)  ကြက်သွန်ဖြူဥကြီး  –  ၂ ဥ

(၃)  ကြက်သွန်နီဥကြီး  –  ၃ ဥ

(၄)  ငရုတ်သီးခွဲကြမ်း  –  ၅ ကျပ်သား

(၅)  ဆီ  –  ၅ ကျပ်သား

(၆)  ငံပြာရည်  –  ၂ ကျပ်သား လိုအပ်ပါတယ်။

          လိုအပ်တဲ့အဆာတွေ စုံပြီဆိုရင် ပထမဆုံး ကျပ်တင်ထားတဲ့ ငါြးွေမထိုးတွေကို အလယ်ရိုးနဲ့ ဘေးက အရိုးတွေဖယ်ပြီး အသားတွေကို ထွင်ထားရပါမယ်။ ကြက်သွန်ဖြူတွေကို အခွံနွှာ၊ ဓားပြားရိုက်ပြီး ကြက်သွန်နီတွေကိုတော့ အခွံနွှာကာ ပါးပါးလှီးထားရပါမယ်။ အဲဒီနောက် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကျက်တဲ့အခါ ကြက်သွန်အဖြူနဲ့ အနီတွေ နီရဲလာတဲ့အထိ ကြော်ရပါမယ်။ ကြက်သွန်တွေ နီရဲလာတဲ့အခါ ငရုတ်သီးခွဲကြမ်းမှုန့်များ ထည့်ရပါမယ်။ ခဏကြာတဲ့အခါ အရိုးထွင်ထားတဲ့ ငါးမြွေထိုးကျပ်တင်များကို ထည့်ပြီး ငရုတ်သီးမှုန့်၊ ကြက်သွန်တို့နဲ့ သမအောင် မွှေပေးရပါမယ်။ ငါးမြွေထိုးကျပ်တင်များ ထည့်မွှေပြီး ငရုတ်သီးတွေနဲ့ သမသွားတဲ့အခါ ငံပြာရည်ကို လောင်းထည့်ရမှာ ဖြစ်ပါတယ်။ ငံပြာရည်ထည့်ပြီးတဲ့အခါ ငါးမြွေထိုးကျပ်တင်များ ခပ်ခြောက်ခြောက်လေးဖြစ်သွားတဲ့အထိ ဟင်းအိုးကို ဆက်တည်ပြီး အိုးမကပ်အောင် အဆက်မပြတ် မွှေပေးနေရပါမယ်။ ငါးမြွေထိုးကျပ်တင်များ ခပ်ခြောက်ခြောက်လေး ဖြစ်သွားပြီဆိုရင် အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန်တဲ့ ငါးမြွေထိုးခြောက်စပ်ဟင်းတစ်မည်ကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

          ငါြးွေမထိုးခြောက်စပ်ဟင်းကိုတော့ ပဲနီလေးနဲ့ ကြာဆံဟင်းချိုပူပူလေးနဲ့ တွဲဖက် သုံးဆောင်လေ့ရှိကြပါတယ်။ ငါးမြွေထိုးကို ကြာရှည်ထားပြီး စားသုံးနိုင်အောင် အခြောက်လှန်းကာ ငါးမြွေထိုးငါးခြောက် ပြုလုပ်ပြီးတော့လည်း စားသုံးလေ့ရှိကြပါတယ်။ ငါးမြွေထိုးခြောက် ပြုလုပ်မယ်ဆိုရင် ငါးမြွေထိုးတွေကို ဆားရည်စိမ်ပြီး နေပြင်းပြင်းမှာ ၂ နေ၊ ၃ နေလောက် လှန်းလိုက်တဲ့အခါ ငါြးွေမထိုးခြောက်များကို ရရှိနိုင်ပါတယ်။

          ငါးမြွေထိုးခြောက်ကို ရေစင်အောင်ဆေးပြီး အလယ်က ပိုင်းကာ ကြွပ်နေအောင် ကြော်ပြီး မနက်စောစော ထမင်းကြမ်းနဲ့ အဆာပြေစားသုံးနိုင်သလို ကောက်ညှင်းပေါင်းပူပူလေးနဲ့ တွဲဖက်ပြီးတော့လည်း စားသုံးနိုင်ပါတယ်။ ငါးမြွေထိုးခြောက်ကို အဖြူထည် အစပ်မပါဘဲ သူ့ချည်းသက်သက် ကြော်စားနိုင်သလို ငရုတ်သီးခွဲကြမ်း၊ ကြက်သွန်နီတို့နဲ့ အစပ်ကြော် ကြော်စားလို့လည်း ရပါတယ်။ ငါးမြွေထိုးခြောက် အစပ်ကြော်မယ်ဆိုရင်တော့ ငါးမြွေထိုးခြောက် ၁၀ ကျပ်သား၊ ငရုတ်သီးခွဲကြမ်း ၂ ကျပ်ခွဲသား၊ ကြက်သွန်နီဥကြီး ၃ ဥနှင့် ဆီ ၃ ကျပ်သားတို့ လိုအပ်ပါတယ်။

          လိုအပ်တဲ့အဆာတွေ ပြည့်စုံပြီဆိုရင် ပထမဆုံး ငါးမြွေထိုးခြောက်တွေကို ရေစင်အောင် ဆေးပြီး အနေတော်လှီးဖြတ်ကာ ရေစစ်ထားရပါမယ်။ ကြက်သွန်နီတွေကို အခွံနွှာပြီး ပါးပါးလှီးထားရပါမယ်။ ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ကာ ကြက်သွန်နီတွေကို ကြွပ်နေအောင် ကြော်ပြီး ပန်ကန်ပြားတစ်ချပ်ထဲမှာ ဆယ်ယူထားရပါမယ်။ အဲဒီနောက် ငါးမြွေထိုးခြောက်များကို ကြွပ်ရွလာတဲ့အထိ ကြော်ရပါမယ်။ ငါြးွေမထိုးခြောက်တွေ ကြွပ်ရွလာပြီဆိုရင် ငရုတ်သီးခွဲကြမ်းများကို ထည့်ပြီး သမအောင်မွှေကာ မီးကို လျှော့လိုက်ရပါမယ်။ ငါးမြွေထိုးခြောက်နဲ့ ငရုတ်သီးတွေ သမသွားပြီဆိုရင် စောစောက ကြော်ထားတဲ့ ကြက်သွန်နီကြော်တွေကို ရောမွှေသမလိုက်ရပါမယ်။ ဒီအခါမှာတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ ငါးမြွေထိုးခြောက် အစပ်ကြော်တစ်ပွဲကို ရရှိပြီ ဖြစ်ပါတယ်။ ငါးမြွေထိုးခြောက်အစပ်ကြော်ကို ပုလင်းများထဲမှာ ထည့်ပြီး လေလုံအောင်ပိတ်ကာ တာရှည်ထားပြီး စားသုံးလို့လည်း ရပါတယ်။

          ငါးမြွေထိုးခြောက် အစပ်ကြော်ကိုတော့ ပဲကုလားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ချဉ်ပေါင်းဟင်း စတဲ့ ကြိုက်ရာဟင်းရည်များနှင့် တွဲဖက်သုံးဆောင်နိုင်ကြပါတယ်။ အစပ်ကြိုက်သူများက အစပ်ကြော်စားကြသလို အစပ်ကြောက်သူများကတော့ အဖြူထည် အစပ်မပါဘဲ ကြော်စားလေ့ရှိပါတယ်။ ငါးမြွေထိုးခြောက်ကြော်ဟာ ကြော်ရတာ လွယ်သလောက် စားရတာလည်း အရသာရှိတာမို့ အိမ်ရှင်မတော်တော်များများ နှစ်သက်ကြတဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။

          တချို့ကတော့ ငါြးွေမထိုးခြောက် အကောင်သေးလေးများကို အကောင်လိုက် ဆီပူထိုးပြီး နေ့လယ်နေ့ခင်းမှာ ရေနွေးကြမ်းနဲ့လည်း မြည်းလေ့ရှိပါတယ်။ အခုလို အချဉ်မဆလာဟင်းချက်စား၊ ကျပ်တင်ပြီးကြော်စား၊ အခြောက်လှန်းပြီး ကြော်စားနိုင်တဲ့ ငါးမြွေထိုးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ငါြးွေမထိုးစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၈၉ ကီလိုကယ်လိုရီ၊ ပရိုတင်းဓာတ် ၁၄.၃၀ ဂရမ်နဲ့ ထုံးဓာတ် ၂၉၄ မီလီဂရမ် ပါဝင်တာတွေ့ရပါတယ်။ ငါြးွေမထိုးခြောက် စားသုံးမှု ၁၀ဝ ဂရမ်မှာတော့ အင်အားဓာတ် ၂၉၈  ကီလိုကယ်လိုရီ၊ ပရိုတင်းဓာတ် ၅၂.၅၀ ဂရမ်၊ အဆီဓာတ် ၉.၇၀ ဂရမ်၊ မီးစုန်းဓာတ် ၆၂၅.ဝ၀  မီလီဂရမ်အပြင် သံဓာတ်နဲ့ ထုံးဓာတ်များလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုလမှာတော့ ဟင်းပွဲအမည်မျိုးစုံကို ဖန်တီးနိုင်တဲ့အပြင် အာဟာရဓာတ်များလည်း စုံလင်စွာ ပါဝင်နေတဲ့ “ငါးမြွေထိုး” ကို စီမံချက်ပြုတ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြရင်း “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းကို ရပ်နားခွင့်ပြုပါရှင်-

ဆန်းဆန်းဦး

“မြန်မာ့ရိုးရာအစားအစာနှင့်   အာဟာရ”

ငါးမြွေထိုး

Facebook Comments