“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” မုန့်ကြိုးလိမ်နှင့် မန်းမရွေး

by ဆန်းဆန်းဦး for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရအခန်းကနေ ဘူးသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ပဲသီး စတဲ့ ရာသီအလိုက် ပေါ်ထွက်လာတဲ့ ဟင်းသီးဟင်းရွက်များ၊ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ လိမ္မော်၊ ရှောက်ချို၊ မာလကာ၊ ဩဇာ စတဲ့ သစ်သီးဝလံများ၊ မုန့်လင်မယား၊ မုန့်လက်ကောက်၊ မုန့်ပျားသလက်၊ မုန့်စိမ်းပေါင်း၊ မုန့်ဆီကြော် စတဲ့ မြန်မာမုန့်ပဲသရေစာများ အကြောင်းကို တစ်လနှင့်တစ်လ မရိုးမထပ်ရလေအောင် ရေးသားတင်ပြပေးနေတာ ဖြစ်ပါတယ်။

          ယခုလမှာတော့ သရေစာမုန့်များစွာရှိတဲ့အထဲက “မုန့်ကြိုးလိမ်” နှင့် “မန်းမရွေး” ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြပေးဖို့ စီစဉ်ထားပါတယ်။

          ဦးစွာ “မုန့်ကြိုးလိမ်” ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းတင်ပြမှာ ဖြစ်ပါတယ်။ မုန့်ကြိုးလိမ်လုပ်မယ်ဆိုရင်တော့-

၁။  ကောက်ညှင်းဆန်  –  ၄ လုံး

၂။  ငစိန်ဆန်  –  ၁ လုံး

၃။  ဆီ  –  ၂၅ ကျပ်သား

၎။  သကြား  –  ၆၀ ကျပ်သား

၅။  ဆား  –  အနည်းငယ်တို့ လိုအပ်ပါတယ်။

          လိုအပ်တဲ့ အဆာတွေစုံပြီဆိုရင် ကောက်ညှင်းဆန်နဲ့ ငစိန်ဆန်ကို ရောပြီး ရေမှာ တစ်ည စိမ်ထားရပါမယ်။ မနက်စောစောမှာတော့ ညက စိမ်ထားတဲ့ ကောက်ညှင်းနဲ့ ဆန်ကြမ်းတို့ကို ရောကြိတ်ထားရပါမယ်။ ကြိတ်လို့ရတဲ့ မုန့်ရည်တွေကို မုန့်အိတ်ထဲ ထည့်ပြီး ရေစစ်ထားရပါမယ်။ ရေစစ်တဲ့အခါလည်း မုန့်အိတ်အပေါ်ကနေ အလေးအပင် တစ်ခုခုနဲ့ ဖိထားရမှာ ဖြစ်ပါတယ်။ ရေစစ်သွားတဲ့အခါ မုန့်နှစ်တွေကို ဆား သင့်ရုံဖြူးပြီး ပျော့နေအောင် နယ်ရပါမယ်။

          နယ်ထားတဲ့မုန့်နှစ်တွေကို မုန့်ရှည်ရှည်လေးရအောင် လှိမ့်ပြီး မုန့်ကြိုးလိမ်လေးလို လိမ်ထားရပါမယ်။ ဆီတွေကို မုန့်ကြော်မယ့်အိုးထဲ ထည့်ပြီး ဆီကျက်တဲ့အခါ မုန့်အလိမ်လေးတွေကို ထည့်ကြော်ရမှာဖြစ်ပါတယ်။ မုန့်ကြိုးလိမ်လေးတွေ နီရောင်သန်းလာတဲ့အခါ ဒယ်အိုးထဲက ဆယ်ယူပြီး ဆီစစ်ထားရပါမယ်။ သကြားတွေကိုတော့ ပေါက်စေးကျအောင် ကျိုထားရပါမယ်။ မုန့်ကြိုးလိမ်လေးတွေ ဆီစစ်ပြီး အေးသွားပြီဆိုရင်တော့ ပေါက်စေးကျအောင် ကျိုထားတဲ့ သကြားရည်လူးပြီး ဆယ်ယူကာ အခြောက်ခံထားရပါမယ်။ သကြားတွေ ခြောက်သွေ့သွားပြီဆိုရင်တော့ စားသုံးဖို့ အသင့်ဖြစ်နေတဲ့ မုန့်ကြိုးလိမ်ကို ရရှိပြီမို့ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

          မုန့်ကြိုးလိမ်ကိုတော့ ကလေးငယ်များ သရေစာအနေနဲ့ စားသုံးလေ့ရှိကြပါတယ်။ ကြွပ်ကြွပ်မွမွချိုချိုလေးနဲ့ အရသာရှိလှတဲ့ မုန့်ကြိုးလိမ်ကို ကလေးငယ်များ သွားကောင်းကောင်းနဲ့ ဂျိုးဂျိုးကြွပ်ကြွပ် စားကြရတာ အားရစရာ ကောင်းလှပါတယ်။  မုန့်ကြိုးလိမ်ကို ကလေးငယ်များသာမက လူငယ်လူရွယ်များလည်း နေ့လယ်နေ့ခင်း အဆာပြေ ရေနွေးကြမ်းနဲ့ မြည်းလေ့ရှိကြပါတယ်။

          မုန့်ကြိုးလိမ်ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ မြန်မာ့အစားအစာများမှာ ပါဝင်တဲ့ အာဟာရဓာတ်တန်ဖိုးများ စာအုပ်အလိုအရ မုန့်ကြိုးလိမ် စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၃၃၂ ကီလိုကယ်လိုရီ၊ ကာဗိုဟိုက်ဒြိတ် ၆၉.၉၀ ဂရမ်၊ ပရိုတင်းဓာတ် ၉.၄၇ ဂရမ်အပြင် အဆီဓာတ် ၁.၆၇ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          မုန့်ကြိုးလိမ် ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသား တင်ပြလို့အပြီးမှာ ယခု ဆက်လက်ပြီး “မန်းမရွေး” ပြုလုပ်စားသုံးပုံများနဲ့ အာဟာရ တန်ဖိုးများအကြောင်း ရေးသားတင်ပြမှာ ဖြစ်ပါတယ်။

          မန်းမရွေးကိုတော့ စာရှုသူများ စားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ မန်းမရွေးပွပွမွမွ ကြီးများမှာ ထန်းလျက်ရည်နဲ့ သမအောင် နယ်ထားတာမို့ စားရတာ ချိုမြမြနဲ့ အရသာ ရှိလှပါတယ်။ မန်းမရွေးလုပ်မယ်ဆိုရင်တော့-

၁။  ဆန်  –  နို့ဆီဘူး ၃ ဘူး

၂။  ဆီ  –  ၅ ကျပ်သား

၃။  ထန်းလျက်  –  ၁၀ ကျပ်သား

၎။  ဆား  –  အနည်းငယ်တို့ လိုအပ်ပါတယ်။

          လိုအပ်တဲ့ အဆာတွေစုံပြီဆိုရင် ပထမဆုံး ကောက်ညှင်းဆန်ကို ရေစင်အောင် ဆေးပြီး ပေါင်းချောင်နဲ့ ပေါင်းရပါမယ်။ ကောက်ညှင်းဆန်ကို ပေါင်းပြီးတဲ့အခါ ညက်နေအောင် ထောင်းရပါမယ်။

          မုန့်တွေ ညက်သွားတဲ့အခါ အသင့်ကျိုပြီး စစ်ထားတဲ့ ထန်းလျက်ရည်ပျစ်ပျစ်နဲ့အတူ ခပ်နာနာ နယ်ပေးရပါမယ်။ မုန့်တွေနယ်သားရတဲ့အခါ ဆီအနည်းငယ်သုတ်လိမ်းပြီး ပုလင်းနဲ့ဖြစ်ဖြစ်၊ သစ်သားတလိမ့်တုံးနဲ့ဖြစ်ဖြစ် ပါးပါးလေးရအောင် လှိမ့်ပေးရပါမယ်။ တလိမ့်တုံးနဲ့ လှိမ့်လို့ မုန့်ချပ်ပါးပါးလေးတွေ ရတဲ့အခါ နေပူပူမှာ ဖြန့်ပြီး လှန်းထားရပါမယ်။ နေလှန်းလိုက်လို့ မုန့်တွေ ခပ်ထပ်ထပ်ရှိလာတဲ့အခါ  ကတ်ကြေးကို ဆီသုတ်ပြီး ကြိုက်တဲ့အရွယ် ညှပ်ထားရပါမယ်။ ညှပ်ထားတဲ့ မုန့်တွေကို ခြောက်နေအောင် ထပ်လှန်းရပါမယ်။

          အဲဒီလို ခြောက်နေအောင် လှန်းထားတဲ့ မုန့်ချပ်တွေကို သံပူပူမှာ လှော်ရပါမယ်။ ဒီအခါ မုန့်တွေပွလာပြီး အချောင်းလုံးကလေးတွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီမုန့်ချောင်း မွမွလေးများကို ပေါက်စေးကျအောင် ကျိုထားတဲ့ ထန်းလျက်ရည်နဲ့ သမအောင် ဆမ်းပေးရပါမယ်။ အဲဒီအခါမှာ ကြွပ်မွချိုမြနေတဲ့ “မန်းမရွေး” ကို ရရှိပြီမို့ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

          မန်းမရွေးကြွပ်ကြွပ်မွမွကြီးများကို ခြင်းတောင်းကြဲကြီးတွေထဲမှာ ဖက်ခြောက်များခင်းပြီး ထည့်လို့ စီးပွားဖြစ်ရောင်းချကာ မြင်ရုံနဲ့တင် စားချင်စဖွယ် ကောင်းလှပါတယ်။ မန်းမရွေြးွကပ်ြွကပ်မွမွကြီးများကိုတော့ ကလေးရော လူကြီးပါမကျန် စားဖူးသူတိုင်း စွဲမက်နှစ်သက်ကြပါတယ်။ မန်းမရွေးထဲမှာပါဝင်တဲ့ အာဟာရတန်ဖိုးများကို လေ့လာတဲ့အခါ မန်းမရွေးစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၃၈၁ ကီလိုကယ်လိုရီ၊ ကာဗို ဟိုက်ဒြိတ် ၉၀.၁၀ ဂရမ်၊ ပရိုတင်းဓာတ် ၂.၈၀ ဂရမ်နှင့် အဆီဓာတ်များ ပါဝင်တာကို တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုတစ်ပတ်မှာတော့ မြန်မာ့ရိုးရာ မုန့်များစွာရှိတဲ့အထဲက သရေစာ “မုန့်ကြိုးလိမ်နှင့် မန်းမရွေး” ရဲ့  အာဟာရတန်ဖိုးများနဲ့ ပြုလုပ်စားသုံးပုံများအကြောင်း ရေးသားတင်ပြရင်း “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းကို ဒီမှာတင်ပဲ ရပ်နားခွင့်ပြုပါရှင်။

လေးစားစွာဖြင့်

(ဆန်းဆန်းဦး)

Facebook Comments