“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ခေါက်မုန့်

ချစ်စွာသော စာရှုသူများရှင်-

          မြန်မာ့ရိုးရာမုန့်များစွာရှိတဲ့အထဲက မုန့်စိမ်းပေါင်း၊ မုန့်လက်ကောက်၊ မုန့်ပျားသလက်၊ မုန့်ဆီကြော် စတဲ့ မြန်မာ့မုန့်များအကြောင်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခုလမှာတော့ မြန်မာ့ရိုးရာသရေစာတစ်မျိုးဖြစ်တဲ့ “ခေါက်မုန့်” ပြုလုပ်နည်းနဲ့ သူ့ရဲ့ အာဟာရတန်ဖိုးများအကြောင်းကို ရေးသားတင်ပြထားပါတယ်။

          ခေါက်မုန့်ကိုတော့ စာရှုသူအတော်များများ မြင်ဖူး၊ ကြားဖူး၊ စားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။

          ခေါက်မုန့်မှာ ပဲလွမ်းစေ့၊ ထန်းလျက်၊ အုန်းသီးတို့နဲ့လုပ်တဲ့ အုန်းသီး၊ ထန်းလျက် အရသာချိုတဲ့ ခေါက်မုန့်ရယ်၊ ကြက်ဥ၊ ဘဲဥအလုံးလိုက်ဖောက်ထည့်ပြီး အရသာဆိမ့်ဆိမ့်လေးခံ နံနံပင်၊ ငရုတ်သီးစိမ်း၊ မဆလာတို့နဲ့ အမည်စုံ၊ အရသာစုံပါဝင်တဲ့ ခေါက်မုန့်သုံးမျိုး ရှိပါတယ်။

          ဦးစွာ ထန်းလျက်၊ အုန်းသီးတို့နဲ့လုပ်တဲ့ ခေါက်မုန့်ပြုလုပ်နည်းကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။ ခေါက်မုန့်လုပ်မယ်ဆိုရင်တော့ ဆန်ကြမ်း ၁ ပြည်၊ ထန်းလျက် ၅၀ ကျပ်သား၊ အုန်းသီး ၁ လုံး၊ ပဲလွမ်းစေ့ နို့ဆီဘူး ၂  ဘူး၊ ဆားအနည်းငယ်နဲ့ စားဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါတယ်။

          လိုအပ်တဲ့ အဆာတွေ အားလုံးစုံပြီဆိုရင် ဦးစွာ ဆန်ကို ရေဆေးပြီး ကြိတ်ဆုံနဲ့ ကြိတ်ရပါမယ်။ အဲဒီနောက် မုန့်ရည်ကို အဝတ်အိတ်တစ်လုံးနဲ့ထည့်ပြီး ရေစစ်ထားရပါမယ်။ ရေစစ်သွားတဲ့အခါ မုန့်နှစ်ရည်ကို ဆားနဲ့စားဆိုဒါ သင့်ရုံထည့်ပြီး မပျစ်မကျဲ မုန့်ရည်စပ်ရပါမယ်။ ထန်းလျက်  ၅၀ ကျပ်သားကို ညောင်စေးကျအောင် ကျိုပြီး အမှိုက်သရိုက်မပါအောင် ပိတ်ပါးလေးနဲ့ စစ်ထားရပါမယ်။ အုန်းသီး ၁ လုံးကိုတော့ အုန်းသီးဆံ ဖတ်လေးတွေရအောင် ခြစ်ထားရပါမယ်။ ပဲလွမ်းစေ့တွေကိုတော့ ပြုတ်ထားရပါမယ်။

          ခေါက်မုန့်လုပ်တဲ့အိုးကတော့ သံဒယ်ပိုင်းပြန့်ပြန့်လေး လိုအပ်ပါမယ်။ မီးဖိုပေါ်မှာ သံဒယ်ပိုင်းလေးကိုတင်ပြီး အသင့်ဖျော်ထားတဲ့ မုန့်နှစ်ရည်ကို ဇွန်းကြီး ၁ ဇွန်း ခပ်ယူကာ ဖြန့်ပေးရပါမယ်။ အဲဒီမုန့်ရည်ပေါ်ကို ညောင်စေးကျအောင် ကျိုထားတဲ့ ထန်းလျက်ရည် အနည်းငယ် ဖြန့်ခင်းပြီး ပဲလွမ်းစေ့ပြုတ် ၁၅ စေ့လောက်ဖြူးကာ စလောင်းဖုံးနဲ့ အုပ်ထားရပါမယ်။ ခဏအကြာ မုန့်ကျက်လာတဲ့အခါ ခြစ်ထားတဲ့ အုန်းသီးဆံတွေဖြူးကာ ပြန်ခေါက်ပြီး စားသုံးနိုင်ကြပြီ ဖြစ်ပါတယ်။

          ခေါက်မုန့်ကတော့ ချိုချိုဆိမ့်ဆိမ့်လေးဖြစ်လို့ ပူပူနွေးနွေး မွမွလေး စားသုံးလေ့ရှိကြပါတယ်။ နေ့လယ်ခင်း အဆာပြေ ရေနွေးကြမ်းနဲ့ မြည်းနိုင်သလို လက်ဖက်ရည်၊ ကော်ဖီတို့နဲ့တွဲပြီး အချိုပွဲအနေနဲ့ အချိုတည်းလို့လည်း ရပါတယ်။

          ချိုဆိမ့်မွှေးခေါက်မုန့်လေးကိုတော့ ကလေးသူငယ်က စလို့ လူရွယ်၊ လူကြီးအဆုံး အရွယ်သုံးပါးမရွေး အားလုံးကြိုက်နှစ်သက်ကြပါတယ်။ လုပ်စားရင်လည်း စရိတ်စက သက်သာပြီး လုပ်ရတာလည်း လွယ်ကူလို့ မိသားစုပျော်ပျော်ပါးပါး လုပ်စားသင့်တဲ့ သရေစာ မြန်မာ့မုန့်တစ်မျိုး ဖြစ်ပါတယ်။

          ဘဲဥ၊ ကြက်ဥနဲ့ခေါက်မုန့်အဆိမ့် လုပ်စားမယ်ဆိုရင်တော့ ထန်းလျက်နဲ့လုပ်စားတဲ့ ခေါက်မုန့်လုပ်သလို မုန့်နှစ်ရည်ကို ဖျော်စပ်ရမှာ ဖြစ်ပါတယ်။ အဲဒီမုန့်နှစ်ရည်ရပြီဆိုရင် ခေါက်မုန့်လုပ်တဲ့ သံဒယ်ပိုင်းပြန့်ပြန့်ထဲမှာ မုန့်နှစ်ရည်ကို ဖြန့်ခင်းပြီး ကြက်ဥ (သို့) ဘဲဥကို မုန့်နှစ်ပေါ်က ဖောက်ထည့်ကာ ဖြန့်ပြီး စလောင်းဖုံးနဲ့ အုပ်ထားရပါမယ်။ ခဏအကြာ မှာတော့ စလောင်းဖုံးကိုဖယ်ပြီး ခေါက်မုန့်ချပ်ကို ကော်ယူကာ အလယ်က ခေါက်ပြီး အရသာဆိမ့်ဆိမ့်လေးနဲ့ ကြက်ဥခေါက်မုန့်မွမွလေးကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

          ထန်းလျက်၊ အုန်းသီးနဲ့ပြုလုပ်တဲ့ ခေါက်မုန့်က အရသာချိုချိုဆိမ့်ဆိမ့်လေးနဲ့ စားရတာ အရသာရှိလှသလို ကြက်ဥခေါက်မုန့်မွမွလေးကလည်း အဆိမ့်အရသာအပြင် ကြက်ဥနံ့သင်းပျံ့ပျံ့နဲ့မို့ စားဖူးသူတိုင်းကို စွဲမက်စေပါတယ်။

          အခုတစ်ခါ တင်ပြလိုတဲ့ခေါက်မုန့်ကတော့ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ မဆလာစတဲ့ အဆာများများနဲ့ပြုလုပ်တဲ့ ခေါက်မုန့်ဖြစ်ပါတယ်။ အဲဒီခေါက်မုန့် လုပ်မယ်ဆိုရင်တော့ ဆန်ကြမ်း၊ ဆား၊ စားဆော်ဒါ၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ မဆလာတို့ လိုအပ်ပါတယ်။

          ဦးစွာ ဆန်ကြမ်းကို ရေဆေးပြီး ကြိတ်ဆုံမှာ ကြိတ်ရပါမယ်။ အဲဒီနောက် မုန့်ရည်ကို အဝတ်အိတ်တစ်လုံးမှာ ထည့်ပြီး ရေစစ်ထားရပါမယ်။ ရေစစ်သွားတဲ့အခါ မုန့်နှစ်ရည်ကို ဆားနဲ့ စားဆော်ဒါ သင့်ရုံထည့်ပြီး မပျစ်မကျဲ မုန့်ရည်ရအောင် စပ်ရပါမယ်။

          ဂေါ်ဖီထုပ်ကို ပါးပါးလှီးထားရမှာဖြစ်ပါတယ်။ ခရမ်းချဉ်သီးကိုလည်း ပါးပါးလှီးပြီး နံနံပင်နဲ့ ငရုတ်သီးစိမ်းတွေကိုလည်း ရေဆေးကာ ပါးပါးလှီးထားရပါမယ်။

          ခေါက်မုန့်ထဲထည့်မယ့် အဆာတွေအားလုံးစုံပြီဆိုရင်တော့ ပထမဆုံး ခေါက်မုန့်လုပ်မယ့် သံဒယ်အိုးပြန့်ပြန့်ကို မီးဖိုပေါ်တင်ရပါမယ်။ အိုးခင်းပူလာတော့မှ အိုးခင်းကို အဝတ်နဲ့သုတ်ပြီး မုန့်ရည်ကို အိုးခင်းပေါ်မှာ ခင်းရပါမယ်။ မုန့်ရည်ပေါ်က ဂေါ်ဖီ၊ ခရမ်းချဉ် သီးနှင့် ငရုတ်သီးစိမ်းတို့ကိုထည့်ပြီး အပေါ်က စလောင်းဖုံးနဲ့ အုပ်ထားရပါမယ်။ ခဏအကြာမှာ စလောင်းဖုံးကိုဖွင့်ပြီး နံနံပင်နဲ့ မဆလာဖြူးကာ မုန့်ကို သံကော်ပြားနဲ့ ကော်ယူပြီး အလယ်က ခေါက်ကာ အသီးအရွက်စုံစုံနဲ့ အရသာရှိလှတဲ့ ခေါက်မုန့်မွှေးမွှေးလေးကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

          အဲဒီလို အသီးအရွက်စုံနဲ့လုပ်ထားတဲ့ ခေါက်မုန့်ထဲမှာ တချို့ကတော့ ဆီသုတ်အဝတ်လေးမှာ ဆီရွှဲရွှဲသုတ်ပြီး လုပ်စားလေ့ရှိပါတယ်။ အသီးအရွက်အပြင် ဆီလေးပါ ပိုလာတော့ အရသာစုံပြီး ပိုလို့စားကောင်းစေတာ အမှန်ပါပဲ။ ငရုတ်သီးစပ်ရှိမ်းရှိမ်း၊ မဆလာနံ့သင်းသင်းလေးနဲ့မို့ အသီးအရွက်စုံခေါက်မုန့်ကိုလည်း စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြပါတယ်ရှင်။

          အသီးအရွက်စုံစုံနဲ့ စပ်ရှိမ်းရှိမ်းမွှေးတေးတေး ခေါက်မုန့်လေးကိုတော့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက ပိုပြီးအမြတ်တနိုး စားသုံးကြပါတယ်။ နေ့လယ်နေ့ခင်း အဆာပြေ ရေနွေးကြမ်းနဲ့ မြည်းနိုင်တဲ့ ထိပ်တန်းသရေစာတစ်မျိုး ဖြစ်ပါတယ်။

          မြန်မာ့ရိုးရာသရေစာမုန့်တစ်မျိုးဖြစ်တဲ့ “ခေါက်မုန့်” ဟာ လုပ်ရတာ လွယ်ကူတဲ့အပြင်  အဆာပလာပါဝင်တာကလည်း အမည်မများလို့ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ပါးပါး မကြာခဏလုပ်စားသင့်တဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။

          စားရတာအရသာရှိရုံသာမက အကုန်အကျလည်း သက်သာလှတဲ့ “ခေါက်မုန့်” ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာန၊ အာဟာရဌာနခွဲက ထုတ်ဝေတဲ့ “မိသားစုအာဟာရနှင့် မြန်မာ့အစားအစာ” စာအုပ်အလိုအရ ခေါက်မုန့်စားသုံးမှု ၁၀ဝ ဂရမ်မှာ  အင်အားဓာတ်အနေနဲ့ ၃၈၇ ကီလိုကယ်လိုရီ ပါဝင်ပြီး ပရိုတင်းဓာတ် ၇.၁ ဂရမ်ပါဝင်တာ တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          အခုလမှာတော့ မြန်မာ့ရိုးရာ မုန့်များစွာရှိတဲ့အထဲက သရေစာ “ခေါက်မုန့်” ရဲ့ အာဟာရတန်ဖိုးများနဲ့ ခေါက်မုန့်ပြုလုပ်စားသုံးပုံများအကြောင်းကို ဖော်ပြရင်း “မြန်မာ့ အစားအစာနှင့် အာဟာရ” ကဏ္ဍကို ရေးသားတင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်

ဆန်းဆန်းဦး

Facebook Comments