“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ပင်စိမ်းရွက်

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          ယခုလ “မြန်မာ့အစားအစာနဲ့ အာဟာရ” အခန်းမှာတော့  ရာသီစာဟင်းရွက်တစ်မျိုးဖြစ်တဲ့ “ပင်စိမ်းရွက်”ရဲ့  အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

          ပင်စိမ်းရွက်ကိုတော့ အိမ်ရှင်မအတော်များများ ရင်းနှီးကျွမ်းဝင်ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး အပင်ဖြစ်ထွန်းမှု မခက်ခဲလှတာကြောင့် အိမ်ခြံဝင်းအတွင်း မြေလွတ် မြေပိုများမှာ စိုက်ပျိုးထားသင့်ပါတယ်။

          ပင်စိမ်းရွက်ကိုတော့ ပင်စိမ်းငါးပိချက်၊ ပင်စိမ်းရွက်ဟင်းချိုတို့ ချက်စားနိုင်တဲ့အပြင် ငါးလေးအိုးကပ် ဆီပြန်ဟင်းများနဲ့ ချဉ်ရည်ဟင်းများမှာ အနံ့အရသာပြည့်စုံစေဖို့အတွက် ထည့်ချက်လေ့ရှိပါတယ်။ သခွားသီးသုပ်ထဲမှာလည်း ပင်စိမ်းရွက်လေးထည့်သုပ်ပါမှ အနံ့အရသာနဲ့ ပြည့်စုံတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ချဉ်ပေါင်ရွက်ဟင်းချို၊ ရွှေဖရုံသီးချက်တို့မှာ ပင်စိမ်းရွက်ကိုထည့်ပြီး ချက်လေ့ရှိပါတယ်။

          ပင်စိမ်းငါးပိချက် ချက်မယ်ဆိုရင်တော့ စိမ်းစားငါးပိ (သို့) ရေချိုငါးပိ၊ ပုစွန်စို (သို့) ပုစွန်ခြောက်၊ ငရုတ်သီးစိမ်းနဲ့ အမွှေးအကြိုင်ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ လိုအပ်ပါတယ်။

          ပထမဆုံး ကြက်သွန်အဖြူ/အနီနဲ့ ငရုတ်သီးစိမ်းတို့ကိုထောင်းပြီး ဆီမွှေးသတ်ရပါမယ်။ ရေချိုငါးပိကိုတော့ ရေနည်းနည်းထည့်ပြီး ကျိုရပါမယ်။ အဲဒီနောက် ကျိုထားတဲ့ ငါးပိရည်ကို စစ်ထားရပါမယ်။ ပင်စိမ်းရွက် ခပ်များများကိုတော့ အဆင်သင့်သင်ထားရပါမယ်။ ဆီသတ်ထားတဲ့ အမွှေးအကြိုင်တွေထဲ ကျိုပြီးစစ်ထားတဲ့ ငါးပိရည်ကို ထည့်ရပါမယ်။ ပွက်ပွက်ဆူပြီး ရေသင့်လောက်တဲ့အနေအထားမှာ ပင်စိမ်းရွက်တွေကို အုပ်လိုက်ရပါမယ်။ ဒီအခါမှာတော့ ပင်စိမ်းရွက်နံ့သင်းနေတဲ့ ပင်စိမ်းငါးပိချက်ကို ရရှိပြီ ဖြစ်ပါတယ်။

          ပင်စိမ်းငါးပိချက်ကိုတော့ ချဉ်ပတ်စုံ၊ မျှစ်ပြုတ်၊ ရုံးပတီသီးရေနွေးဖျော၊ ပေါက်ပန်းဖြူ ရွက်ပြုတ်၊ ငှက်ပျောဖူးပြုတ် စတဲ့ တို့စရာအစုံစုံနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ အဓိက သားငါးဟင်းလျာတွေကို မထိမကိုင်မိလောက်အောင် ပင်စိမ်းငါးပိချက်နဲ့ တို့စရာ ဟင်းအတွဲက ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အကုန်အကျသက်သာပြီး ထမင်းမြိန်စေတဲ့ ဟင်းတစ်မည်ဖြစ်ပါတယ်။ ပင်စိမ်းငါးပိချက်ကိုတော့ စားဖူးသူတိုင်း နှစ်သက်ကြပါတယ်။

          ပင်စိမ်းရွက်ကို ငါးပိချက်အပြင် ဟင်းချိုလည်း ချက်သောက်နိုင်ပါတယ်။ ပင်စိမ်းရွက် ဟင်းချိုချက်မယ်ဆိုရင်တော့ ငါးနဲ့ချက်တာထက် ကြက်ရိုးနဲ့ချက်တာက ပိုပြီး အရသာ လေးပင်စေပါတယ်။          ပထမဆုံးကြက်ရိုးတွေကို နူးနေအောင် ပြုတ်ထားရပါမယ်။ ကြက်ရိုးတွေ နူးမြည့်လာတဲ့အခါ ကြက်သွန်နီကို ၄ စိတ်စိတ်ပြီး ထည့်ရပါမယ်။ ကြက်သွန်နီတွေ နူးလာပြီး ဟင်းရည်ကျလောက်တဲ့အခါ ငံပြာရည်လေးထည့်ကာ အလေးအပေါ့ညှိပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ ထည့်ရပါမယ်။ ဟင်းချိုအိုးချခါနီးမှာ ပင်စိမ်းတွေကို အခက်လိုက် ရေစင်အောင်ဆေးပြီး အရွက်တွေသင်ကာ ထည့်ရပါမယ်။ ပင်စိမ်းရွက်များများ ခတ်ပြီး ချက်ထားတဲ့ ပင်စိမ်းရွက်ဟင်းချိုကိုတော့ စားဖူးသူတိုင်း စွဲမက်ကြပါတယ်။ ပင်စိမ်းနံ့ လေးသင်းနေတဲ့  ပင်စိမ်းဟင်းချိုကိုတော့ ပူပူနွေးနွေးအရသာရှိရှိ သုံးဆောင်နိုင်ကြပါတယ်။ ပင်စိမ်းဟင်းချိုပူပူလေးနဲ့ ခရမ်းချဉ်သီးထောင်း ဟင်းအတွဲကိုတော့ စားဖူးသူတိုင်း နှစ်ခြိုက်ကြပါတယ်ရှင်။

          ငါးလေးအိုးကပ်ချက်ရာမှာလည်း ပင်စိမ်းရွက်လေး အုပ်လိုက်ပါမှ အနံ့အရသာ ပြည့်စုံတယ်လို့ ဆိုရလောက်အောင် ပင်စိမ်းရွက်ရဲ့အနံ့ဟာ ထူးခြားလှပါတယ်။ ငါးသလဲထိုး၊ ငါးဘဲဖြူ စတဲ့ ငါးလေးတွေကို အညစ်အကြေးထုတ်ကာ ရေစင်အောင်ဆေးပြီး ဆား၊ နနွင်းနယ်ထားရပါမယ်။ ကြက်သွန်အဖြူ/အနီ၊ ချင်းနဲ့ ငရုတ်သီးအရောင်တင်တို့ကို ညက်နေအောင်ထောင်းပြီး ဆီမွှေးသတ်ရပါမယ်။ ခရမ်းချဉ်သီးလေး တစ်လုံးလောက် ဖောက်ထည့်ပြီး ခရမ်းချဉ်သီးလိပ်သွားတော့မှ ဆား၊ နနွင်းနယ်ထားတဲ့ ငါးလေးတွေကို ထည့်ရပါမယ်။ အပေါ်အောက် သမအောင် ခပ်ဖွဖွလေးမွှေပေးပြီး အိုးအဖုံးကို အုပ်ထား ရပါမယ်။ ခဏကြာလာလို့ ဆီပြန်လာတဲ့အခါ မီးအေးအေးလေးထားကာ ငါးလေးတွေ တင်းလာအောင် ဆက်တည်ထားရပါမယ်။ တစ်ဆက်တည်းမှာ ပင်စိမ်းရွက်တွေကိုလည်း ရေစင်အောင်ဆေးပြီး အုပ်ထည့်ထားရပါမယ်။ ဒီအခါမှာတော့ အနံ့အရသာရှိလှတဲ့ ငါးလေးအိုးကပ်ဟင်းကို ရရှိပြီဖြစ်ပါတယ်။ ပင်စိမ်းနံ့သင်းနေတဲ့ ငါးလေးဟင်းကို ချဉ်ရည်ဟင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်လေ့ရှိကြပါတယ်။

          ပင်စိမ်းရွက်ကို  သခွားသီးသုပ်ရာမှာလည်း ထည့်သုပ်လေ့ရှိပါတယ်။ သခွားသီးအလုံး ခပ်ကြီးကြီးကိုဝယ်ကာ အလယ်တည့်တည့်က ထက်ခြမ်းခွဲပြီး သခွားစေ့တွေကို ထုတ်ပစ် ရပါမယ်။ အဲဒီနောက် သခွားခြစ်နဲ့ အသားတွေကို အရှည်လိုက်အမျှင်လေးတွေရအောင် ခြစ်ယူရပါမယ်။ ကြက်သွန်နီဥကြီးကြီး ၂ လုံးလောက်ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါး လှီးထားရပါမယ်။ ငရုတ်သီးစိမ်းလေးတွေကိုလည်း ရေဆေးပြီး ပါးပါးလှီးထားရပါမယ်။ ခြစ်ထားတဲ့ သခွားသီးတွေထဲကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်နဲ့ ပင်စိမ်းရွက်လေးတွေကို ပါးပါးလှီးထည့်ပြီး သံပရာရည်လေးညှစ်ကာ သုပ်စားနိုင်ကြ ပါတယ်ရှင်။ သခွားသီးသုပ်ရဲ့အရသာဟာ ပင်စိမ်းရွက်လေးရဲ့ အနံ့ကြောင့် ပိုပြီး ပြည့်စုံ တယ်လို့ ဆိုလို့ရလောက်အောင် ပင်စိမ်းရွက်က စွမ်းဆောင်မှုရှိပါတယ်။

          ပင်စိမ်းရွက်ဟာ သားငါးဟင်းလျာနဲ့ အသုပ်များမှာသာမက ဆေးဘက်မှာလည်း အသုံးဝင်တာ တွေ့ရပါတယ်။ ပင်စိမ်းရွက်အခြောက်ကို အမှုန့်ကြိတ်ပြီး ပိုးကျနေတဲ့ အနာတွေကို ဖြူးပေးရင် အနာမှာ ကျရောက်နေတဲ့ပိုးများ ပျောက်ကင်းစေပါတယ်။ ပင်စိမ်းရွက်ရဲ့အရည်ကို ညှစ်ပြီး နားထင်၊ နဖူး စတဲ့ မျက်နှာအထက်ပိုင်းကို လူးပေးရင်

ခေါင်းကိုက်ရောဂါပျောက်ကင်းစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်၊ ချောင်းဆိုးရောဂါဖြစ်ရင်တော့ ပင်စိမ်းရွက်ရဲ့အရည်ကို ညှစ်ပြီး ဆားမီးဖုတ်နဲ့သောက်ရင် ချောင်းဆိုးရောဂါ သက်သာပျောက်ကင်းစေပါတယ်။

          ပင်စိမ်းရွက်နဲ့ပတ်သက်လို့ ဆေးကျမ်းအစောင်စောင်မှာ ရေးသားထားချက်တွေကို လေ့လာတဲ့အခါ “ပုံပြဆေးအဘိဓာန်ကျမ်း”မှာ “ပင်စိမ်းရွက်သည် ဝမ်းမီးတောက်၏။ နှလုံးကို အကျိုးပြု၏။ သည်းခြေကို ဖြစ်စေ၏။ လေသလိပ်ကို နိုင်၏။ နူနာ၊ ဆီးအောင့်၊ သွေးဖောက်ပြန်ခြင်း၊ ခြေသလုံးနာကျင်ကိုက်ခဲခြင်း၊ ပန်းနာရင်ကျပ်ချောင်းဆိုးရောဂါ၊ ပိုးရောဂါ၊ အော့အန်ခြင်း၊ အနံ့မကောင်းခြင်း၊ နံဘေးအောင့်ခြင်းရောဂါတို့ကို နိုင်နင်း၏။” လို့ ရေးသားထားပါတယ်။

          “ဥတုဘောဇနသင်္ဂဟကျမ်း”မှာတော့ “ပင်စိမ်းရွက်သည် ပိုးနာ၊ လေနာကိုနိုင်၏။ ကိုယ်၏အနံ့မကောင်းခြင်းကို ပျက်စေတတ်၏။ သည်းခြေကို ပျက်စေတတ်၏။” လို့ ဖော်ပြထားပါတယ်။

          “ရှုတော်မူ ဆေးအဘိဓာန်ကျမ်း” မှာတော့ “ပင်စိမ်းရွက်သည် ပူ၊ စပ်၊ ခါး အရသာရှိ၏၊ မညီညွတ်သော ဝမ်းမီးကို ညီညွတ်စေတတ်၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကိုလည်း ကြေစေတတ်၏။ အသံကို သာစေနိုင်၏။ ထိုးကျင်ကိုက်ခဲသောအနာ၊ မစားချင်၊ မသောက်ချင် ခံတွင်းပျက်သောအနာ၊ ချောင်းဆိုးနာ၊ ချွဲကျပ်သောအနာတို့ကို ချမ်းသာစေတတ်၏။”လို့ ရေးသားဖွင့်ဆိုထားပါတယ်။

          “ဆေးအဘိဓာန်ကျမ်း”မှာတော့ “ပင်စိမ်းရွက်သည် အစာကို ကြေစေတတ်၏။ ခံတွင်းအနံ့ကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ပြုတတ်၏။ အပူနာ၊ ချောင်းဆိုးနာ၊ ထိုးကျင်သော အနာ၊ သလိပ်ထသောအနာ၊ ရင်ဆို့မြို့သောအနာများကို နိုင်၏။ ပိုးကို သေစေတတ်၏။” လို့ ရေးသားထားပါတယ်။

          “ဓာတုဩသဓရာသီကျမ်း”မှာတော့ “ဓာတ်သဘောအရ အအေး၊ ပထဝီ၊ အတက်”လို့ ရေးသားဖွင့်ဆိုထားပါတယ်။

          ပင်စိမ်းရွက်ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနက ရေးသားတဲ့ “မြန်မာ့အစားအစာများတွင် ပါဝင်သော အာဟာရဓာတ်များ”စာအုပ်မှာတော့ “ပင်စိမ်းရွက်စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၄၀ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၇ ဂရမ်၊ ပရိုတင်း ၃.၄ ဂရမ်နဲ့ ဗီတာမင်အေက (၄၃၇၂) အင်တာနေရှင်နယ် ယူနစ်” ပါဝင်တာတွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ဒီလမှာတော့ သားငါးဟင်းလျာတွေမှာသာမက ဆေးဘက်မှာလည်း အသုံးဝင်တဲ့ “ပင်စိမ်းရွက်” ရဲ့  အာဟာရဓာတ်များအကြောင်း ရေးသားတင်ပြရင်း ယခုတစ်ပတ် မြန်မာ့အစားအစာနဲ့ အာဟာရအခန်းကို ဒီတင်ပဲ ရပ်နားခွင့်ပြုပါရှင်။

Facebook Comments