“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” မန်ကျည်းရွက်သုပ်

by ဆန်းဆန်းဦး ( မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          မြန်မာ့ရိုးရာအစားအစာနဲ့ အာဟာရအခန်းကနေ အာဟာရဗဟုသုတ ကုံလုံ ကြွယ်ဝရလေအောင် ရာသီစာဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ မြန်မာ့ရိုးရာ သရေစာမုန့်များ အကြောင်းကို  စီစဉ်ရေးသားတင်ပြပေးနေတာ  စာရှုသူများ အသိပင် ဖြစ်ပါတယ်။

          ရော်ရွက်ကြင်တွေ ကြွေကာကျတဲ့ နွေသမယမှာ ကိုင်းခက်ရိုးတံတွေကြားထဲက စိမ်းစိုနုမျစ်တဲ့ ရွက်ဖူး၊ ရွက်သစ်ကလေးတွေ ဝေဆာစပြုလာတာကို စာရှုသူများ တွေ့မြင်မိကြပါလိမ့်မယ်။ ရွက်နု၊ ရွက်ညွန့်၊ ရွက်ဖူးလေးတွေမှာ သူတို့ရဲ့ ပျိုမျစ်တဲ့ ဩဇာဓာတ်တွေ ပြည့်ဝနေတာမို့ အခုလိုကာလမှာ မန်ကျည်းရွက်နု၊ သနပ်ရွက်နု၊ ဥသျှစ်၊ ကုက္ကို၊ ခံတက်၊ တမာရွက် စသဖြင့် ရွက်နုလေးများကို သဘာဝအရသာမပျက် စားသုံးနိုင်ကြပါတယ်။

          နွေရင့်လို့ အပူမြင့်လာတာနဲ့ နွေရဲ့ပူပြင်းလှတဲ့ အပူရှိန်ကြောင့် ရာသီအပြောင်းအလဲမှာ စားသောက်မကောင်း ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ မန်ကျည်းရွက်သုပ်၊ ခံတက်ချဉ်သုပ်လိုမျိုး အချဉ်သုပ်လေးများဟာ ထမင်းမြိန်စရာ ဟင်းလျာများ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အခုတစ်ပတ် မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာတော့ “မန်ကျည်းရွက်သုပ်”  ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

          မန်ကျည်းရွက်ကို များသောအားဖြင့် ချဉ်ရည်ဟင်း ချက်စားကြသလို မန်ကျည်းရွက် အချဉ်ကြော်အနေနဲ့လည်း ကြော်စားလေ့ရှိကြပါတယ်။ မန်ကျည်းရွက်ချဉ်ရည်ဟင်းနဲ့ မန်ကျည်းရွက်ကြော်ဟင်းတွေစားရတာ ရိုးအီနေသူများအတွက် မန်ကျည်းရွက်သုပ် ဟင်းတစ်မည်ကို စီမံပေးမှာဖြစ်ပါတယ်။

          မန်ကျည်းရွက်သုပ်မယ်ဆိုရင်တော့ မန်ကျည်းရွက်  ၁၅ ကျပ်သား၊ ပုစွန်ခြောက်မှုန့် ကြေးဇွန်းကြီး ၃ ဇွန်း၊ မြေပဲဆံလှော်ထောင်း လက်ဖက်ရည်ပန်းကန်တစ်ဝက်၊ နှမ်း လက်ဖက်ရည်ပန်းကန်တစ်ဝက်၊ ကြက်သွန်နီဥကြီး ၃ လုံး၊ ဆီ ၂ ကျပ်ခွဲသားနဲ့ ဆား အနည်းငယ် လိုအပ်ပါတယ်ရှင်။

          လိုအပ်တဲ့ အဆာတွေအားလုံး စုံပြီဆိုရင်တော့ ပထမဆုံး မန်ကျည်းရွက်တွေကို အမှိုက်သရိုက်ကင်းစင်အောင် သင်ပြီး ရေဆေးကာ ဆန်ခါနဲ့ ရေစစ်ထားရပါမယ်။ ကြက်သွန်နီဥကြီး ၃ လုံးကိုလည်း အခွံနွှာ၊ ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားရပါမယ်။ ရေစစ်ထားတဲ့ မန်ကျည်းရွက်တွေကို ပန်းကန်လုံးတစ်လုံးထဲ ဒါမှမဟုတ် ဇလုံထဲကိုထည့်ကာ ကြက်သွန်နီလှီးပြီးသားများ၊ နှမ်းလှော်၊ မြေပဲဆန်လှော်ထောင်း၊ ပုစွန်ခြောက်မှုန့်နဲ့ ဆားသင့်ရုံထည့်ကာ ဆီစိမ်းဆမ်းလို့ သုပ်စားနိုင်ကြပါတယ်။

          အခုလိုပူပြင်းလှတဲ့ နွေကာလမှာ အဆီအဆိမ့်ဟင်းများနဲ့ အီလည်လည် ဖြစ်နေသူများအတွက် မန်ကျည်းရွက်သုပ်ကို ပဲဟင်းချိုချို ပူပူလေးနဲ့ တွဲဖက်သုံးဆောင်ကြပါလို့ အကြံပြုပါရစေရှင်။

          မန်ကျည်းရွက်နဲ့ပတ်သက်လို့ ဇီဝိတဆေးကျမ်းမှာ “မန်ကျည်းရွက်သည်  ရောင်ရမ်းခြင်း၊ သွေးဖောက်ပြန်ခြင်း၊ မြွေဆိပ်သင့်ခြင်းနှင့် နားရောဂါ၊ မျက်စိရောဂါတို့၌ အသုံးပြုရ၏” လို့ ဖော်ပြထားပါတယ်။ မန်ကျည်းရွက်သုပ်ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာန၊ အာဟာရဌာနခွဲက ရေးသားပြုစုတဲ့ “မြန်မာ့ အစားအစာ၏အာဟာရ” စာအုပ်အလိုအရ “မန်ကျည်းရွက်စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၁၀၁ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၁၉.၉ ဂရမ်၊ အဆီဓာတ် ၅.၄ ဂရမ်နဲ့ ဗီတာမင်အေဓာတ်က အင်တာနေရှင်နယ် ယူနစ် ၆၁၄၅ အထိ ပါဝင်တာတွေ့ရပါတယ်။

          ဒါကြောင့် စားရတာ ခံတွင်းတွေ့ ထမင်းမြိန်စေရုံသာမက  အာဟာရဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်နေတဲ့ မန်ကျည်းရွက်သုပ်လို ဟင်းလျာမျိုးကို အိမ်ရှင်မများ စီမံဖန်တီးသင့်ကြပါတယ်ရှင်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုလ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာတော့ “မန်ကျည်းရွက်သုပ်” ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြလိုက်ရပါတယ်။

Facebook Comments