“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ဖရဲသီး

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          အခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ရောက်လာပြီဆိုရင်ဖြင့် လွန်ကဲတဲ့ အပူရှိန်ကြောင့် လူတိုင်းလိုလို ပူအိုက်နွမ်းလျနေတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ရေငတ်ပြေ၊ ရင်ပူသက်သာစေမယ့် ဖရဲသီး၊ သခွားသီးလို့ခေါ်တဲ့ သခမသီးလို  ရာသီစာ အသီးအနှံတွေကို တောင့်တကြတာ သဘာဝပါပဲ။ ပူပြင်းလှတဲ့ အခုလိုရာသီမှာ အအေးဓာတ်ကို ဖန်တီးပေး နိုင်တဲ့ ဖရဲသီး၊ သခမသီးစတဲ့ ရာသီစာအသီးအနှံတွေဟာလည်း လှိုင်လှိုင်ပေါပေါ ပေါ်ထွက်လာတတ်ပါတယ်။ ဒါကြောင့်မို့  အခုတစ်ပတ်  မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာ “ဖရဲသီး” ရဲ့  အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

          ဖရဲသီးမှာ ရိုးရိုးဖရဲချိုနဲ့ ဖရဲခါးဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။ ဖရဲချိုမှာလည်း ဖရဲအဝါမျိုးနဲ့ ဖရဲအနီမျိုးဆိုပြီး နှစ်မျိုးခွဲခြားထားပြန်ပါတယ်။ ယခင်အခါက သမားရိုးကျ မြန်မာဖရဲမျိုးများကိုသာ စိုက်ပျိုးခဲ့ကြပေမယ့် အခုအခါမှာတော့ ထိုင်ဝမ်ဖရဲ၊ ဂျပန်ဖရဲ စတဲ့ နိုင်ငံခြားစပ်မျိုးများနဲ့ စီးပွားဖြစ် အကြီးအကျယ်  စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ ဖရဲပင်တွေကို ပုံမှန်အားဖြင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့မှာ စတင်စိုက်ပျိုးပြီး  တပို့တွဲ၊ တပေါင်းလတို့မှာ ဆွတ်ခူးစားသုံးနိုင်ကြပါတယ်။

          ဒီကနေ့ကာလမှာတော့ စိုက်ပျိုးရေးနည်းပညာများ ထွန်းကားလာတာမို့ ဖရဲကို တစ်နှစ်ပတ်လုံး စားသုံးလို့ရအောင် စိုက်ပျိုးနေကြတာ တွေ့ရပါတယ်။

          ဖရဲဟာ အသီးသာမက အရွက်၊ အညွန့်များကိုလည်း ဟင်းလျာအဖြစ်တစ်မျိုး၊ ဆေးအဖြစ်တစ်ဖုံ အသုံးပြုနိုင်ပါတယ်။ ဖရဲညွန့်ကို ပုစွန်စို၊ ပုစွန်ခြောက် တစ်မျိုးမျိုးနဲ့ ကြော်ချက်လေး ချက်စားနိုင်သလို ဟင်းချို၊ ဟင်းခါးလည်း ချက်သောက်နိုင်ပါတယ်။ ဖရဲညွန့်ကို အလွယ်ဆုံးစားသုံးနည်းကတော့ ပြုတ်ပြီး ငါးပိရည်နဲ့ တို့စရာအဖြစ် စားသုံးတဲ့ နည်းဖြစ်ပါတယ်။

          ဖရဲညွန့်၊ ဖရဲရွက်တွေကို သာမန်အားဖြင့် အသုံးမဝင်လှဘူးလို့ ထင်ရပေမယ့် မြန်မာ့ဆေးကျမ်းတွေရဲ့  အဆိုမှာတော့ “ဖရဲရွက်သည် လည်ချောင်း၊ နား၊ ခံတွင်းနာတို့ကို နိုင်သည့်အပြင် ဆီးမှန်ဖြောင့်စေသည်” လို့ ဖော်ပြထားပါတယ်။

          ဖရဲရွက်သာမက ဖရဲစေ့ဟာလည်း အသုံးဝင်တာတွေ့ရပါတယ်။  ရာသီချိန်မှာသာမက တစ်နှစ်ပတ်လုံး သရေစာအဖြစ် စားသုံးနေကြတဲ့  “ကွာစေ့လှော်” ဟာ ဖရဲစေ့ကို ပြုပြင် ဖန်တီးထားတာဖြစ်ပါတယ်။

          ဖရဲသီးလို့ ဆိုလိုက်ရင် ရန်ကုန်-မန္တလေးကားလမ်းနဲ့ ရထားလမ်းဘေးမှာ တည်ရှိတဲ့ ဘုရားကြီး၊ ဖောင်တော်သီ၊ ဒိုက်ဦး၊ြွပန်တန်ဆာနယ်တစ်ဝိုက်က ဖရဲခင်းများနဲ့ ဖရဲသီး ပွဲရုံများက ဖရဲသီး အလုံးကြီးတွေ အစုလိုက်၊ အပုံလိုက်ကို  မြင်ယောင်လာမိကြမှာပါ။ ပြည်လမ်းတစ်လျှောက်မှာတော့ မှော်ဘီ၊ တိုက်ကြီး နယ်တစ်ကြောမှာ ဖရဲသီးကို စီးပွားဖြစ် စိုက်ပျိုးနေကြပြီမို့ အခုလိုရာသီမှာ ဖရဲခင်းများ ရှေ့ဆိုင်ခန်းများထိုးပြီး ဖရဲသီးတွေကို စုပုံရောင်းချနေကြတာ အားရစရာကောင်းလှပါတယ်။ ဝါဝါဝင်းပြီး ရဲရဲနီနေတဲ့ ဖရဲသီး    စိတ်များဟာလည်း မြင်ရုံနဲ့တင် သွားရည်ကျစရာကောင်းလှပါတယ်။

          ဒိုက်ဦးမြို့ကတော့ ဖရဲသီးအပေါဆုံးနဲ့ ဖရဲသီးကို စီးပွားဖြစ် အကြီးအကျယ် စိုက်တဲ့မြို့ ဖြစ်ပါတယ်။ ဖရဲသီးထဲက ဖရဲစေ့ကို ကွာစေ့လှော် ပြုလုပ်မယ်ဆိုရင်တော့ ဖရဲစေ့တွေကို အခြောက်လှမ်း၊ ပြုတ်ပြီး ဆားနဲ့လှော်ရတာပဲဖြစ်ပါတယ်။ ဒီအခါမှာတော့ ကြွပ်ကြွပ်ရွရွ ကွာစေ့လှော်ဟာ ဆိမ့်ပြီး အရသာရှိလှတာမို့ နာမည်ကြီးလှပါတယ်ရှင်။

          ဖရဲသီးမှာ အစိမ်းစားနိုင်တဲ့ အူနီမျိုးနဲ့ အစိမ်းရော၊ ဟင်းချက်လို့ပါ စားနိုင်တဲ့ အူဖြူ မျိုးရယ်လို့ ရှိပါတယ်။ အူဖြူမျိုးကိုတော့ သကြားဖရဲလို့ လူသိများကြပါတယ်။ အူနီရော၊ အူဖြူပါ ချို၊ အေးမွှေးပြီး အရသာရှိလှပါတယ်။

          ဖရဲသီးဟာ အအေးစာဖြစ်တဲ့အတွက် ပူလောင်အိုက်စပ်လှတဲ့ နွေကာလမှာ ပေါပေါများများ ပေါ်လာတာဟာ ရာသီသဘာဝနဲ့ အင်မတန် လိုက်လျောညီထွေရှိလှပါတယ်။ အရည်ရွှမ်းပြီး ချိုအေးတဲ့အရသာရှိတာမို့ ဖရဲသီးကို ဒီအတိုင်း အလုံးလိုက် ရေစင်အောင် ဆေးပြီး ခွဲစိတ်ကာ စားသုံးကြသလို သကြားနဲ့ခေါက်ပြီး ရေခဲနဲ့ ဖရဲသီးဖျော်ရည်လည်း လုပ်သောက်ကြပါတယ်။

          ပူပြင်းလှတဲ့ အခုလိုရာသီမှာ ချိုချိုအေးအေး ဖရဲသီးစိတ်များဟာ ရေငတ်ပြေ၊ အမောအပန်းပြေစေပြီး ရင်ကိုအေးမြစေပါတယ်။ ဝါဝင်းပြီး သကြားပွင့်နေတဲ့ ဖရဲသီး စိတ်တွေနဲ့ နီရဲပြီး အသားမွမွ၊ အရည်ရွှမ်းရွှမ်း ဖရဲသီးစိတ်တွေမြင်ရတာ မြင်ရုံနဲ့တင် စားချင်စဖွယ် ကောင်းလှပါတယ်။

          ဖရဲအူဖြူမျိုးကတော့ ကျောက်ဖရုံသီးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဖရဲအူဖြူမျိုးကိုတော့ ဟင်းချိုပဲချက်သောက်သောက်၊ တခြားအသီးအရွက်များနဲ့ ရောနှောပြီး ကြော်ချက်လေးပဲ ချက်ချက်၊ ပြုတ်ပြီး ငါးပိရည်နဲ့၊ တို့စရာပမာထားပြီးတော့ပဲစားစား အရသာရှိလှပါတယ်။ ဖရဲအူဖြူမျိုးကလည်း မျက်စိရောဂါသမား၊ ဆီးရောဂါသမားများအတွက် အကျိုး ရှိလှပါတယ်။

          နောက်တစ်မျိုးကတော့ ဖရဲခါးမျိုးဖြစ်ပါတယ်။ ဖရဲခါးကိုတော့ အစာသဘောထက် ဆေးဘက်မှာ ပိုပြီးအသုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ဖရဲခါးရဲ့အသီးဟာ ဖရဲသီးလိုပဲ ဝိုင်းပါတယ်။ အသီးနုတဲ့ ကာလမှာ အစိမ်းရောင်ရှိပြီး အသီးရင့်လာတဲ့အခါမှာ အသီးပေါ်မှာဖြူတဲ့ အရေးအကြောင်းလေးတွေ  ပေါ်လာတာတွေ့ရပါတယ်။ ဖရဲခါးဆိုတဲ့အတိုင်း ဖရဲခါးရဲ့ ပဉ္စငါးပါးစလုံး ခါးတဲ့အရသာရှိပါတယ်။

          ဖရဲခါးပင်ရဲ့အမြစ်ကို သွေးပြီးလိမ်းပေးရင်  ဒါမှမဟုတ် အမြစ်ကို ကြိတ်ပြီး အုံပေးရင် မိန်းမသားတို့ရဲ့ သားမြတ်ရောင်ခြင်းကို ပျောက်ကင်းစေပါတယ်။

          ဖရဲခါးအမြစ်ကို သွေးပြီး နွားနို့၊ ထောပတ်တို့နဲ့ ရောလိမ်းပေးရင်တော့ မီးဖွားရာမှာ အလွန်ခက်ခဲနေတဲ့ အမျိုးသမီးများ မီးဖွားရ လွယ်ကူစေပါတယ်။

          ဖရဲခါးသီးကို သနတ္တော်စေးနဲ့ သင့်ရုံဖက်စပ်ပြီး စားရင်တော့ ဆီးချုပ်၊ ဆီးအောင့်တဲ့ ဝေဒနာသက်သာပျောက်ကင်းစေပါတယ်။

          ဖရဲခါးသီးကို အခြောက်လှန်း၊ မီးရှို့ ပြီး ပါးစပ်ဟကာ မှိုင်းငွေ့ခံပေးရင် သွားကိုက်၊ သွားနာ ပျောက်ကင်းစေပါတယ်။

          ဖရဲခါးနဲ့ပတ်သက်လို့ ပုံပြဆေးအဘိဓာန်ကျမ်းမှာ “ဖရဲခါးသည် အများအားဖြင့် အသီး၊ အမြစ်ကို အသုံးပြု၏၊ ခါး၏၊ ပူ၏၊ ဝိပါက၌ စပ်၏၊ မှိုင်းငွေ့ခံပေးလျှင် သွားကိုက်၊ သွားနာ ပျောက်ကင်းစေ၏”လို့ ဖော်ပြထားပါတယ်။

          ဖရဲခါးနဲ့ပတ်သက်လို့ ပုံပြဆေးအဘိဓာန်ကျမ်းမှာ “ဖရဲခါးသည် အများအားဖြင့် အသီး၊ အမြစ်ကို အသုံးပြု၏၊ ခါး၏၊ ပူ၏၊ ဝိပါက၌ စပ်၏၊ ဆီးဝမ်း ရွှင်၏။  ကြေကျက်လွယ်၏၊ သည်းခြေ၊ သလိပ်ကိုနိုင်၏၊ အဖျဉ်း၊ ပန်းနာ၊ ချောင်းဆိုး၊ နူနာ၊ အနာပေါက်၊ အစာမကြေ ရောဂါတို့ကို ပျောက်ကင်းစေ၏” လို့ ရေးသားထားပါတယ်။

          ဖရဲသီးနဲ့ပတ်သက်လို့ မြန်မာ့ဆေးကျမ်းတစ်စောင်ဖြစ်တဲ့ ဇီဝိတဆေးကျမ်းမှာ

“ဖရဲသီးသည် အေး၏၊ ချို၏၊ သီတအာပေါကို ဖြစ်စေတတ်၏၊ ဆီးကို များစေ၏၊ ဥဏှတေဇောကို ငြိမ်းစေတတ်၏”လို့ ဖော်ပြထားပါတယ်။

          ဆေးအဘိဓာန်ကျမ်းမှာတော့ “ဖရဲသီးသည် အများအားဖြင့် အသီးကို အသုံးပြုရ၏၊ ချို၏၊ အေး၏၊ အစိမ်းသည် အားကို ဖြစ်စေ၏၊ ကြေကျက်ခဲ၏၊ ဝဖြိုးစေ၏၊ မျက်စိကို ကြည်လင်စေ၏၊ အမှည့်သည် သလိပ်၊ သည်းခြေ၊ ဒေါသကို ငြိမ်းစေ၏၊ မျက်စိနှင့် စပ်သောရောဂါ၊ ယားယံသောရောဂါ၊ ရေငတ်ခြင်းတို့ကို ပျောက်ကင်းစေ၏၊ အဆန်အစေ့သည် ခွန်အားကို ဖြစ်စေ၏၊ နှုတ်ကို မြိန်စေ၏။ အရွက်သည် သွေးတို့ကိုပွားစေ၏” လို့ အကျယ်တဝင့် ရေးသားဖွင့်ဆိုထားပါတယ်။

          ဓာတ်သဘောအရ “အအေး၊ အာပေါ၊ အသက်” လို့ ဓာတုဩသဓရာသီကျမ်းက ဖော်ပြထားပြီး “အကြောင်း ဥဏှငြိမ်းရန်၊ သီတတေဇောဓာတ်စာ၊ အရသာချို၊ အကျိုးသွား၊ ဆီးများ၊ ဓာတ်သက်၊ လေသက်” လို့ ရေးသားထားပါတယ်။

          ဖရဲသီးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ အရည်ရွှမ်းတဲ့ အသီးဖြစ်တဲ့အတွက် အများဆုံးပါဝင်တဲ့ အာဟာရဓာတ်ကတော့ ရေငွေ့ဓာတ်ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ရေးသားတဲ့ “မြန်မာ့အစားအစာ၏  အာဟာရ”  စာအုပ် အလိုအရ ဖရဲသီးစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၂၁ ကီလို ကယ်လိုရီအပြင် ကစီဓာတ် ၄.၉ ဂရမ်နဲ့ ထုံးဓာတ် ၈ မီလီဂရမ် ပါဝင်တာ တွေ့ရပါတယ်။

          ဖရဲသီးနဲ့ပတ်သက်ပြီး ရှေးလူကြီးသူမများရဲ့ အမှာစကားတစ်ခုကို မှတ်သားခဲ့ ဖူးပါတယ်။ အဲဒါကတော့ ကွမ်းစားတဲ့သူများဟာ ထုံးကြောင့် ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါဖြစ်တတ်တာမို့ အဲဒီကျောက်တည်ရောဂါ၊ ဆီးရောဂါသမား များဟာ ဖရဲသီးများများ စားသုံးပေးခြင်းအားဖြင့် ဆီးကောင်းလာပြီး ရောဂါများ သက်သာစေနိုင်တယ်လို့ သိရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          အခုတစ်လမှာတော့ နွေရာသီရဲ့ အပူငွေ့တွေကို သက်သာစေတဲ့ အအေးဓာတ်ဟာ “ဖရဲသီး” ရဲ့  အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြရင်း မြန်မာ့အစားအစာနဲ့ အာဟာရအခန်းကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။

Facebook Comments