‘မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ’ ဆူးပန်းရွက်

ချစ်စွာသော  စာရှုသူများရှင်-

          ဒီလအတွက်တော့ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာ မုန်လာ၊ မုန်ညင်း၊ ဆပ်၊ ဆူးပန်း၊ ခရမ်း၊ စမြိတ်၊ နံနံ အစရှိတဲ့ ဆောင်းရာသီစာ ဟင်းသီးဟင်းရွက်များထဲက ‘ဆူးပန်းရွက်’ အကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

          အခုပထမဆုံး ဆူးပန်းရွက်ရဲ့ အာဟာရတန်ဖိုးများနဲ့ အသုံးပြုပုံများအကြာင်းကို ရေးသားတင်ပြလိုပါတယ်။

          ဆူးပန်းရွက်ရဲ့ အရွက်နဲ့ဆူးတို့ဟာ မြေပုတ်ခရမ်းရဲ့အရွက်၊ ဆူးတို့နဲ့ ပုံသဏ္ဌာန်အားဖြင့် တူညီနေပါတယ်။ ဆူးပန်းပွင့်ကတော့ နီရောင်လေးသန်းပြီး လိမ္မော်ရောင် ရှိပါတယ်။ ဆူးပန်းမှာ အရိုင်းနဲ့ အယဉ် (၂)မျိုးရှိရာမှာ အရိုင်းမျိုးက ဆူးရှိပြီး အယဉ်မျိုးကတော့ ဆူးမရှိပါဘူးရှင်။ အဲဒီနှစ်မျိုးထဲမှာ ဆူးပန်းအယဉ်မျိုးရဲ့အပွင့်က ပိုပြီးအရောင် တောက်ပြောင်လှပပါတယ်။

          အခုလိုဆောင်းရာသီမှာ လှိုင်လှိုင်ပေါပေါရရှိနိုင်တဲ့ ဆူးပန်းရွက်ကိုတော့ အများ အားဖြင့် ချဉ်ရည်ချက်စားလေ့ရှိပါတယ်။ ချဉ်ရည်ချက်စားရာမှာ ဆူးပန်းနဲ့ ငါးချဉ်ရည်၊ ဆူးပန်းနဲ့ ဘူးသီးချဉ်ရည်၊ ဆူးပန်း၊ ချဉ်ပေါင်၊ ခရမ်းသီးနဲ့ ပဲပုစွန်သီးတို့ကို ရောချက်ထားတဲ့ ဆူးပန်းချဉ်ရည် စသဖြင့် ကာလဒေသကို လိုက်ပြီး ချက်ပြုတ်ပုံ၊ နည်းမျိုးစုံလှပါတယ်။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ  တစ်ပုဒ်ဆန်း ဆိုသလို ပေါ့ရှင်။

          ဆူးပန်းရွက်နဲ့ ငါးချဉ်ရည်ချက်မယ်ဆိုရင်တော့ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခူ၊ ငါးရံ့၊ ငါးကျည်း စတဲ့ငါးများထဲက မိမိနှစ်သက်ရာ ငါးတစ်မျိုးမျိုးနဲ့တွဲပြီး ချက်ပြုတ်သုံးဆောင် နိုင်ပါတယ်။ ပထမဆုံး ကြိုက်ရာငါးတစ်မျိုးမျိုးကို အနေတော်တုံးတစ်ပြီး နနွင်း၊ ဆားတို့နဲ့ ဆုပ်နယ်ထားရပါမယ်။ ဆူးပန်းရွက်တွေ ကိုလည်း အမြစ်တွေ ဖြတ်ပစ်ပြီး ရေစင်အောင် ဆေးလို့ ရေစစ်ထားရပါမယ်။ ပြီးရင်တော့ ဒန်အိုးတစ်အိုး ထဲမှာ ငါးနဲ့ဆူးပန်းရွက်များကို ထည့်၊ ကြက်သွန်အဖြူ/အနီ၊ ငရုတ်သီးထောင်းပြီးသား အနှစ်များကိုပါ တစ်ခါတည်း ထည့်ပြီး ဆီသင့်ရုံထည့်ကာ လုံးချက်ချက်နိုင်ပါတယ်။ တချို့ကတော့ အရသာလေးပင်အောင် စိမ်းစားငါးပိလေး အနည်းငယ်ထည့်ချက်လေ့ရှိပါတယ်။ ဆီပြန်လာတဲ့အခါ အသင့်ဖျော်ထားတဲ့ မန်ကျည်းရည်လောင်းထည့်ပြီး အိုးချခါနီးမှာ နံနံပင်လေးအုပ်လို့ အနံ့အရသာ ပြည့်စုံကောင်းမွန်လှတဲ့ ငါးနဲ့ ဆူးပန်းချဉ်ရည်တစ်ခွက်ကို ချက်ပြုတ် သုံးဆောင်နိုင်ကြပါတယ်ရှင်။

          တချို့ဒေသများမှာတော့ ဆူးပန်းရွက်ကို ဘူးသီးနဲ့အတူရောပြီး ချဉ်ရည်ဟင်း ချက်စားကြပါတယ်။ ဘူးသီးနဲ့ ဆူးပန်းချဉ်ရည်ချက်မယ်ဆိုရင်တော့ ‘ဖရုံတုတ်တုတ် ဘူးနုတ်နုတ်’ ဆိုတဲ့စကားအတိုင်း ဘူးသီးကို အခွံသင်ပြီး ခပ်ပါးပါးလှီးရပါမယ်။ ဆူးပန်းရွက်က အမြစ်တွေကို  ဖြတ်ပစ်ပြီး ဆူးပန်းကိုလည်း ရေစင်အောင် ဆေးထားရပါမယ်။ ပြီးရင်တော့ ဟင်းခတ်အဖြစ်အသုံးပြုမယ့် ငါး(သို့)ပုစွန်ခြောက်တို့နဲ့အတူ အိုးတစ်အိုး ထဲမှာ ထည့်ပြီး ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့နဲ့ လုံးချက် ချက်နိုင်ပါတယ်။ ဆီပြန်လာရင် ဆီးသီး ဆယ့်လေးငါးလုံးလောက်ထောက်ထည့်ပြီး ရေသင့်ရုံထည့်ကာ ဘူးသီးနဲ့ ဆူးပန်းချဉ်ရည် ချက်စားနိုင် ပါတယ်။ ငါးနဲ့ဆူးပန်းချဉ်ရည်က အရသာရှိသလို ဘူးသီးနဲ့ ဆူးပန်းကို ဆီးသီးနဲ့ အချဉ်ချက်ထားတဲ့  ချဉ်ရည်ဟင်းကလည်း ပျစ်ပျစ်နှစ်နှစ်လေးနဲ့ အရသာရှိလှပါတယ်။ အဲဒီ ဆူးပန်းချဉ်ရည်ဟင်းနဲ့ အလိုက်ဖက်ဆုံးဟင်းအတွဲကတော့ ကြက်သွန်ဖြူများများနဲ့ ထောင်းထားတဲ့ ငရုတ်သီး အညာထောင်းပါပဲရှင်။

          အဲဒီ ဆူးပန်းရွက်ကိုပဲ ဆောင်းချဉ်ပေါင်ရွက်၊ ခရမ်းသီး၊ ပဲပုစွန်သီးတို့နဲ့အတူ ချဉ်ရည်ချက်စားနိုင်ပါသေးတယ်။ ဒီချဉ်ရည်ဟင်းမျိုးကိုတော့ မြေလတ်ပိုင်းလို့ တင်စားကြတဲ့ တောင်ငူ၊ ပျဉ်းမနားနယ်တကြောမှာ ချက်စားလေ့ရှိကြပါတယ်။ ဆောင်းနဲ့အတူ ပေါ်လာတဲ့ ဒေသထွက်သီးနှံများကို ရောနှောပြီး ချက်ထားတဲ့ ဆူးပန်းချဉ်ရည်ဟင်း ကိုတော့ ကာလီသီးလို့ခေါ်တဲ့ ပီနံသီးအသေးလေးကို ကြက်သွန်ဖြူ၊ ဆားတို့နဲ့ ရော ထောင်းထားတဲ့ ငရုတ်သီးထောင်းစပ်စပ်လေးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ချဉ်ငန်စပ် အရသာစုံစုံနဲ့ စားရတာ တကယ့်ကို ခံတွင်းတွေ့စေလှပါတယ်။ တချို့ကတော့ ငရုတ်သီး ထောင်းအစား ပဲပုပ်လေးကို မီးကင်ပြီး ပဲပုပ်ထောင်းနဲ့ တွဲဖက်သုံးဆောင်ကြပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုသလိုပေါ့ရှင်။

          ဆူးပန်းကို အများက ချဉ်ရည်ချက်စားကြပေမယ့် တချို့ကတော့ ပြုတ်ပြီး တို့စရာအနေနဲ့ စားသုံး ကြပါတယ်။ တချို့ဒေသများမှာတော့ ဆူးပန်းရွက်ကို ပဲမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ကြော်၊ ဆီချက်တို့နဲ့ သုပ်စားကြပါတယ်ရှင်။

          ချဉ်ရည်ချက်စား၊ တို့စား၊ သုပ်စားကြတဲ့ ဆူးပန်းရွက်ကို တချို့ကတော့ အာလူး၊ ပုစွန်ခြောက်တို့နဲ့ ကြော်ချက် ချက်စားကြပါတယ်။ ကန်စွန်းရွက်ကြော်သလိုလည်း ကြော်စားနိုင်ပါတယ်။

          ဆူးပန်းကို ဟင်းလျာအဖြစ် ဖန်တီးစားသုံးနိုင်ရုံသာမက သူ့ရဲ့  ပဉ္စငါးပါးစလုံးကို ဆေးဘက်မှာလည်း အသုံးပြုနိုင်ပါတယ်။ ဆူးပန်းအပွင့်ကို ကြိတ်ပြီး သောက်ရင် မြွေဆိပ်၊ ကင်းဆိပ်များ ပြေပျောက်နိုင်ပါ တယ်။

          ဆူးပန်းပွင့်ကို ဒန်းကျည်းရွက်နဲ့ ရောကြိတ်ပြီး ခြေဖဝါးနဲ့ လက်ဖဝါးတွေကို လိမ်းကျံပေးရင် ကျောက်ရောဂါ ပျောက်ကင်းစေပါတယ်။

          ဆံပင်ပါးကျဲပြီး ဆံပင်နည်းနေသူများအတွက်တော့ ဆူးပန်းစေ့နဲ့ ဆူးဖြူခေါက်တို့ကို ဆတူယူပြီး မီးရှို့ ပြာချကာ အဲဒီပြာကို စံပယ်ဆီနဲ့ရောပြီး ဆံပင်မှာလိမ်းပေးသင့်ပါတယ်။ ဆံပင်များနူးညံ့ပျော့ပျောင်းပြီး အလွန်ဆံပင်ကောင်းလာပါလိမ့်မယ်ရှင်။

          ဆူးပန်းအပွင့် သုံးမတ်သားကို ရေနဲ့ကြိတ်၊ သကြားနဲ့ရောပြီး ၇ ရက်လောက် သောက်ရင် လိပ်ခေါင်းရောဂါနဲ့ ကျောက်တည်ရောဂါ ပျောက်ကင်းစေနိုင်ပါတယ်။ ဆူးပန်းပွင့်ကိုကြိတ်ပြီး ခေါင်းမှာ လူးပေးရင်တော့ လျှာပူ၊ လျှာရောင်နာ သက်သာ ပျောက်ကင်းစေပါတယ်။

          ဆူးပန်းစေ့ ၂ ကျပ် ၄ ပဲသားကို ထောင်းပြီး အဲဒီအမှုန့်ကို အဝတ်သန့်သန့်နဲ့ ထုပ်ရပါမယ်။ ပြီးရင် အဲဒီအထုပ်ကို နွားနို့ ၂ဝ သားထဲမှာ ဆေးမှုန့်ကုန်တဲ့အထိ နယ်ရပါမယ်။ ပြီးရင်တော့ ဆူးပန်းစေ့ အမှုန့်နဲ့ နယ်ထားတဲ့နို့ကို ရှာလပတ်ရည်နဲ့ ရောသောက်ရပါမယ်။ အဲဒီလိုသောက်ခြင်းအားဖြင့် အရူးရောဂါ၊ ကြောက်တတ်တဲ့ရောဂါ၊ လျှာနာ၊ အာနာ၊ ယားနာ၊ လေဖောက်ပြန်တဲ့ရောဂါများ ပျောက်ကင်းစေနိုင် ပါတယ်။

စာရှုသူများရှင်-

          ကျွန်မ အခု ရေးသားဖော်ပြထားတဲ့ ဆူးပန်းရွက်နဲ့ပတ်သက်လို့ ဆေးအဘိဓာန် ကျမ်းမှာ ”ဆူးပန်းရွက်သည် ချို၏၊ ခါး၏၊ ပူ၏၊ ဝမ်းသက်စေ၏၊ ဝမ်းမီးကိုတောက်စေ၏၊ နှုတ်ကို မြိန်စေ၏၊ ဆာလောင်မွတ်သိပ်စေ၏၊ မျက်စိကို အကျိုးပြု၏၊ သလိပ်ကို ပယ်တတ်၏၊ အစေ့သည် ချို၏၊ အေး၏၊ ပြေပြစ်၏၊ သလိပ်၊ လေနှင့် ဖောရောင်နာတို့ကို ကင်းဝေးစေတတ်၏၊ အစေ့ဆီသည် ချဉ်၏၊ ပူ၏၊ ကြေကျက်ခဲ၏၊ ဒေါသ သုံးပါးကို ပြုတတ်၏၊ ခွန်အားကို ဖြစ်စေ၏၊ ချုပ်၏၊ သွေးအန်သွေးကျရောဂါကို ဖြစ်စေ၏၊ ပိုးနှင့်လေကို ပယ်တတ်၏” လို့ အကျယ်တဝင့် ရေးသားဖော်ပြထားပါတယ်။

          ”ဥတုဘောဇနသင်္ဂဟကျမ်း” မှာတော့ ”ဆူးပန်းရွက်သည် ချို၏၊ ပူ၏၊ အဆီမရှိ၊ ကြေလွယ်၏၊ သလိပ်ကို နိုင်၏” လို့ ဖွင့်ဆိုထားပါတယ်။

          ”ရှုတော်မူဆေးအဘိဓာန်ကျမ်း” မှာတော့ ”ဆူးပန်းရွက်သည် ချို၍ ပူသောအရသာ ရှိ၏၊ သလိပ်ကို နိုင်၏၊ ကိုယ်ပူနာနှင့်သင့်၏” လို့ ဖော်ပြထားပါတယ်။

          ဓာတ်သဘောအနေနဲ့ကတော့ ”ဆူးပန်းပွင့်၊ အအေး၊ အာပေါအသက်” လို့ ”ဓာတုသြသဓ  ရာသီကျမ်း” က ဖွင့်ဆိုထားပါတယ်။

          ဆူးပန်းရွက်ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ဆူးပန်းရွက်စားသုံးမှု ၁ဝဝ ဂရမ်မှာ ဗီတာမင်အေဓာတ်က အင်တာနေရှင်နယ် ယူနစ် ၅၅ဝဝ အထိ ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်ဓာတ်နဲ့ ပရိုတင်းဓာတ်များပါဝင်ပါတယ်။

ချစ်စွာသော  စာရှုသူများရှင်-

          တို့စား၊ သုပ်စား၊ ကြော်စား၊ ချဉ်ရည်ချက်စားနိုင်တဲ့အပြင် ဆေးဘက်မှာလည်း အသုံးဝင်တဲ့ ”ဆူးပန်းရွက်”  ရဲ့  အာဟာရတန်ဖိုးများအကြောင်းကို ရေးသားတင်ပြရင်း ယခုတစ်ပတ် မြန်မာ့အစားအစာနဲ့ အာဟာရအခန်းကို ဒီတင်ပဲ ရပ်နားခွင့်ပြုပါရှင်။

ဆန်းဆန်းဦး

(မြန်မာ့အသံ)

Facebook Comments