“မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ” ဆီးသီး

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          ယခုလ မြန်မာ့အစားအစာနှင့် အာဟာရအခန်းမှာ “ဆီးသီး” ရဲ့  အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

          အခုလို ဆောင်းနှောင်း  နွေအကူးကာလနဲ့ နွေရာသီအခါသမယများ ရောက်ပြီဆိုရင် ရပ်တကာ၊ ရွာတကာမှာ ဆီးယို၊ ဆီးပေါင်းဆိုတဲ့ အသံတွေကို ကြားကြရပါလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့တကွ ကလေးတွေကြိုက်နှစ်သက်ကြတဲ့ ဆီးယို၊ ဆီးပေါင်းများဟာ “ဆီးသီး” ကို ပြုပြင်ဖန်တီးထားတာ ဖြစ်ပါတယ်။

          ဆီးသီးမှာ ဆီးသီးချို၊ ဆီးသီးချဉ်၊ အစေ့မပါဘူးဆိုတဲ့ စလေဆီးသီးအပြင် တရုတ်ပြည်က မျိုးပွားပြီး စိုက်ပျိုးတဲ့ တရုတ်ဆီးသီးချိုနှင့် ထိုင်းနိုင်ငံက မျိုးယူစိုက်ပျိုးတဲ့ ယိုးဒယားဆီးသီးချို အလုံးကြီးတွေဆိုပြီး အမျိုးမျိုးရှိပါတယ်။ တန်ဆောင်မုန်း၊ နတ်တော်လတို့မှာ ဆီးသီးများမှည့်စပြုပြီး ပြာသို၊ တပို့တွဲလတို့မှာတော့ ဆီးသီးကို လှိုင်လှိုင် စားသုံးရပါပြီ။ သီးကင်းစအရွယ်မှာ အစိမ်းရောင်ရှိပြီး တဖြည်းဖြည်း ရင့်လာတာနဲ့အမျှ  အဝါရောင်၊  နောက် အနီရောင်ပြောင်းလဲလာပါတော့တယ်။ ဆီးသီးမှည့်များကို အလုံးလိုက် လတ်လတ် ဆတ်ဆတ် စားသုံးနိုင်ရုံသာမက အခြောက်ခံပြီး ဆီးယို၊ ဆီးပေါင်း၊ ဆီးတော်ဖီ၊ ချင်းဆီးပြား၊ ဆီးမှုန့်၊ ဆီး(ဇီး)ဖျော်ရည် စသဖြင့် နည်းမျိုးစုံပြုလုပ်ပြီး စားသုံးနိုင်ပါတယ်။ ဆီးသီးချို၊ စလေဆီးသီး၊ ယိုးဒယားဆီးသီး၊ တရုတ်ဆီးသီးစတဲ့  ဆီးချိုသီးများကိုတော့ ဒီအတိုင်း ရေစင်အောင်ဆေးပြီး အရည်တရွှမ်းရွှမ်းနဲ့ ကိုက်စားလေ့ရှိကြပါတယ်။ မန္တလေးမှာတော့ ဆီးပဲလှော်လို့ခေါ်တဲ့ အလုံးသေးသေး၊ အရသာချိုချဉ်မြနဲ့ ဆီးသီးမျိုးလေးများဟာလည်း လူကြိုက်များလှပါတယ်။ ကျေးလက်ဒေသများမှာတော့ အပင်က ဆီးသီးများကို လှုပ်ခါ ချပြီး ကြွေကျလာတဲ့အခါ  အလွယ်တကူကောက်ယူကာ  ရေဖောဖောဆေးပြီး ငါးပိစိမ်းစား၊ ငရုတ်သီးမှုန့်၊ ပဲမှုန့်၊ ပဲငံပြာရည်တို့နှင့် ဖျော်ထားတဲ့ အဖျော်ကောင်းကောင်းနဲ့တို့ကာ ဝိုင်း ဖွဲ့စားသောက်လေ့ရှိကြပါတယ်။ နေ့လယ်နေ့ခင်း အိပ်ချင်ပြေ၊ အမောပြေ၊ အဆာပြေ စားကြတာ မြင်ရုံနဲ့တင် သွားရည်ကျစရာ ကောင်းလှပါတယ်။

          ဆီးသီးအချဉ်သီးမျိုးကို အဲဒီလိုဖျော်ရည်နဲ့ တို့စားကြသလို ဟင်းခတ်အနေနဲ့လည်း ချက်ပြုတ်စားသုံးကြပါတယ်။ ဘူးသီးနဲ့ ပဲပုစွန်သီးတို့ကို ချဉ်ရည်ချက်တဲ့အခါ မန်ကျည်းရည် အစား ဆီးသီးအစို ဆယ့်လေး၊ ငါးလုံးလောက် ဖောက်ထည့်ပြီး အချဉ်ချက်လေ့ရှိပါတယ်။ ငါးတန်၊ ငါးထွေစတဲ့  အဆီများတဲ့ ငါးများ ချက်တဲ့အခါမှာလည်း ဆီးသီးကို သင့်ရုံ ဖောက်ထည့်ပြီး အအီပြေချက်ပြုတ် သုံးဆောင်နိုင်ပါတယ်။ ဆီးသီးရဲ့ အချဉ်ဟာ အနံ့လေးပါ သင်းတဲ့အတွက် ဟင်းခတ်သုံးဖူးသူအများစု နှစ်ခြိုက်ကြပါတယ်။ ဒါ့အပြင် ဆီးသီးကို မဆလာ၊ ငရုတ်သီးမှုန့်၊ နွယ်ချိုမှုန့်နဲ့ ထန်းလျက်ရည်လေး လောင်းပြီး ဆီးမဆလာ လည်း ပြုလုပ်စားသုံးနိုင်ပါတယ်။

          ဆီးပြားလုပ်မယ်ဆိုရင်တော့ ပထမဆုံး ဆီးသီးအခြောက်ကို ကြေညက်အောင် ထောင်းပေးရပါမယ်။  ထောင်းလို့ရတဲ့ ဆီးမှုန့်ကို သကာရည်နဲ့ ရောကျိုပြီး အမွှေးနံ့ သင်းသင်းလေးထည့်ကာ အချပ်ပြားလေးများလုပ်ပြီး စားသုံးနိုင်ကြပါတယ်။

          ဆီးယိုထိုးမယ်ဆိုရင်တော့ ဆီးသီးအခြောက်ကို ရေစိမ်၊ အသားနွှာပြီး ဆန်ခါနဲ့ အနှစ်တိုက်ယူရ ပါမယ်။ ရလာတဲ့အနှစ်တွေကို ကျိုပြီးစစ်ထားတဲ့ သကြားရည်၊ ဒါမှမဟုတ် ထန်းလျက်ရည်နဲ့အတူ ဆားသင့်ရုံထည့်ပြီး ထိုးရပါမယ်။ ညောင်စေးကျရင် အအေးခံပြီး သိုမှီး စားသုံးနိုင်ကြပါတယ်။  ဒီနည်းကတော့  အိမ်သုံးအနည်းအကျဉ်း ထိုးနည်းဖြစ်ပါတယ်။ ရောင်းတမ်းပြုလုပ်မယ်ဆိုရင်တော့ ဆီးပြားလုပ်သလို ဆီးမှုန့်ကို ထန်းလျက်၊ ဒါမှမဟုတ် သကာရည်အိုးထဲမှာထည့်ပြီး ပေါင်းစပ်ကာ ကျိုရပါမယ်။ ဒါပေမဲ့ ဆီးပြားလုပ်သလို ခြောက်တောက်တောက်မနေစေဘဲ  အစိုငွေ့မှီနေစေရမှာဖြစ်လို့ ထန်းလျက်၊ သကာရည် တို့ကို ပိုပြီး ထည့်ပေးသင့်ပါတယ်။ ဆီးမှုန့်မရှိလို့ ဆီးသီးအလုံးအခြောက်ပဲ ရှိတယ်ဆိုရင်လည်း ဒီနည်းအတိုင်းပဲ ယိုထိုးနိုင်ပါတယ်။

          နောက်တစ်နည်းကတော့ ဆီးသီးလေးစိတ်ကွဲများကို အိုးတစ်အိုးထဲ ထည့်ရပါမယ်။ အမှိုက်များ၊ ခဲများရှိရင် ရွေးချယ် ပြာတီးထားရပါမယ်။ တစ်ခုသတိပြုဖို့ကတော့ ဆီးသီး တွေကို ရေမဆေးမိဖို့ဘဲ ဖြစ်ပါတယ်။ ဆီးသီးတစ်ပြည်ကို ကြံသကာ ၂၀ ကျပ်သားလိုလို့ အိုးတစ်အိုးထဲ ကြံသကာ ၂၀ ကျပ်သားနှင့်အတူ ရေကို မတ်ခွက်တစ်ဝက်လောက်ထည့် ကျိုရပါမယ်။ ကြံသကာရည် ပျော်သွားရင် ဆန်ခါနှင့် အမှိုက်များစစ်ပြီး မပြစ်မကျဲ ပြန်ကျို ရပါမယ်။ အချိုရည်ထဲကို ဆီးသီးဖတ်များထည့်ပြီး သမအောင်မွှေကာ လေး၊ ငါးရက် လောက် သိပ်ထားပေးရင် ဆီးယိုချိုချိုကို ရရှိနိုင်ပါပြီ။ အနံ့ကြိုက်ရင်တော့ လိမ္မော်ခွံ အခြောက်လေးများကို ပါးပါးလှီးထည့်ရင် ချိုချိုမွှေးမွှေး ဆီးယိုလေးကို ရရှိနိုင်ပါတယ်။  အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီးမှုန့် တစ်ကျပ်ခွဲသားလောက်ထည့်ပြီး မွှေပေးရင် ချိုချိုစပ်စပ် ဆီးယိုတစ်မျိုးကို ရရှိနိုင်ပါတယ်။  ဆီးသီးအလုံးလိုက်ကို ယိုထိုးမယ်ဆိုရင်တော့ ဆီးသီးခြောက်တစ်ပြည်ကို ထန်းလျက် ၅၀ ကျပ်သားနှင့် ဆားတစ်ဇွန်းထည့်ဖို့ လိုပါတယ်။ ဆီးသီးကို ရေစင်အောင် ဆေးပြီး ဆန်ခါနှင့် ရေစစ်ထားရပါမယ်။ ထန်းလျက်ကို ရေမတ်ခွက် ၂ ခွက်နှင့်ကျိုပြီး ဆားထည့်ကာ ဆီးသီးတွေကို ထန်းလျက်အိုးထဲထည့်ပြီး တစ်ချက်တစ် ချက်မွှေပေးရပါမယ်။ ညောင်စေးကျလာရင် မီးဖိုပေါ်ကချပြီး  အအေးခံကာ မဆလာနှင့် ငရုတ်သီးမှုန့်ရောပြီး သုံးဆောင်နိုင်ကြပါပြီရှင်။

          ဆီးသီးကို သုပ်စားရင်လည်း အရသာရှိပါတယ်။ ဆီးသီးသုပ်မယ်ဆိုရင်တော့ ဆီးသီး ခြောက်က  နို့ဆီဘူးတစ်လုံး၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ကြက်သွန်နီဥကြီး သုံးဥ၊ ကြက်သွန်ဖြူ တစ်ဥ၊ ငံပြာရည်နှင့်ဆီတို့ လိုအပ်ပါတယ်။ အမည်စုံပြီဆိုရင် ပထမဆုံး ဆီးသီးတွေကို ရေစင်စင်ဆေး၊ အစေ့ကွဲအောင်ထုပြီး ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားပါရှင်။ ပြီးလျှင် ကြက်သွန်နီဥကြီး တစ်လုံးနဲ့ ကြက်သွန်ဖြူတစ်ဥကို ပါးပါးလှီးပြီး ဆီချက်ချက်ရပါမယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ထုထားတဲ့ ဆီးသီးတွေထဲ ငံပြာရည်၊ ပုစွန်ခြောက် မှုန့်နှင့် ပဲမှုန့်တို့ကိုထည့်၊ ဆီချက်လောင်းပြီး ကြက်သွန်နီကိုလည်း လှီးထည့်ကာ ငရုတ်သီးမှုန့် လိုသလောက်ဖြည့်စွက်ပြီး သုတ်ရင်တော့ နေ့လယ်နေ့ခင်းအပျင်းပြေ ရေနွေးကြမ်းနဲ့ မြည်းနိုင်တဲ့ ဆီးသီးသုပ်တစ်ပွဲကို ရရှိနိုင်ပါတယ်။

          ဆီးသီးကို ဖျော်ရည်လုပ်ပြီးတော့လည်း အမူးအမောပြေသောက်သုံးနိုင်ပါတယ်။ ဆီးဖျော်ရည် လုပ် မယ်ဆိုရင်တော့ ဆီးသီးတစ်ပြည်၊ သကြား ၄၀ ကျပ်သား၊ ဆားတစ်ဇွန်း နှင့် အရောင်တင်မှုန့် အနည်းငယ်လိုအပ်ပါတယ်။ ဆီးသီးတွေကို ရေစင်စင်ဆေး၊ အိုးတစ်အိုးထဲ ရေမြုပ်အောင်ထည့်ပြီး  ပြုတ်ရပါမယ်။ ရေအနည်းငယ်လောက်သာ ကျန်သည်အထိ ပြုတ်ရပါမယ်။ ပြီးလျှင် ပြုတ်ထားတဲ့ ဆီးသီးကို ရေစစ်ပြီး အဲဒီဆီးသီးရည် ထဲကို သကြား၊ ဆားနှင့် အရောင်တင်မှုန့်တို့ထည့်ကာ ပုလင်းတစ်လုံးစာလောက် ကျန်အောင် ကျိုရပါမယ်။ ဒီအခါမှာတော့ ရေခဲလေးနဲ့ အဆာပြေ၊ အမူးအမောပြေဖျော် သောက်ဖို့ အသင့်ဖြစ်နေတဲ့ ဆီး (ဇီး) ဖျော်ရည်ကို ရရှိပါပြီရှင်။

          ဆီးသီးကို သရေစာ အမျိုးမျိုးပြုလုပ်စားသုံးနိုင်တဲ့အပြင် ဆေးဘက်မှာလည်း အသုံးဝင်တာ တွေ့ရပါတယ်။ ဆီးသီးအစေ့အတွင်းက အဆံကိုအမှုန့်လုပ်ပြီး စားရင် “သည်းခြေ” ဖောက်ပြန်တဲ့ ဝေဒနာ ပျောက်ကင်းစေပါတယ်။ အလွန်အဖျားပြင်းထန်ပြီး ရေငတ်ခြင်း၊ ကလေးများ ရေငတ်ဝမ်းကျဖြစ်ခြင်း စတဲ့ ဝေဒနာများ ဖြစ်ခဲ့ရင် ဆီးသီးအစေ့ အတွင်းက အဆံကို အမှုန့်လုပ်၊ နွယ်ချိုနဲ့ရောပြီး ပါးစပ်ထဲမှာ ထည့်ပေးရင် ရေငတ်တဲ့ဝေဒနာ သက်သာစေနိုင်ပါတယ်။ ဆီးသီးအခြောက်နဲ့ ဆီးမြစ်ကိုရောကျိုပြီး သောက်ရင်တော့ သည်းခြည်ဖျားရောဂါ ပျောက်ကင်းစေပါတယ်။ သဖန်းရွက်နှင့် ဆီးရွက်နုကို ကြိတ်ပြီး လိမ်းပေးရင် ကင်းဆိပ်များ ပြေပျောက်နိုင်ပါတယ်။ အလွန်ကျက်ခဲတဲ့ အနာ့ပဆုပ်စတဲ့ အနာပျက်၊ အနာဟောင်းများ ပေါက်ခဲ့ရင် ဆီးရွက်နုကို ရေနဲ့ကြိတ်၊ မီးနွေးနွေးမှာကင်ပြီး လိမ်းပေးရင် အသားနုတက်ပြီး အနာပျောက်ကင်းသွားပါလိမ့်မယ်။

          ဆီးသီးနဲ့ပတ်သက်လို့ ရှုတော်မူ ဆေးကျမ်းမှာ “အလုံးကြီးသော ဆီးချို၊ ဆီးသီးသည် ချို၍ ပူ၏။ လေသလိပ်သည်းခြေတို့ကို ပျက်စေတတ်၏။ အသီးငယ်သော ဆီးချဉ်သီး အစိမ်းသည်  ဖန်ချဉ်ရသာရှိ၏။ ချုပ်၏။ ရင်ကို ကျပ်စေတတ်၏။ ၄င်းအမှည့်သည် ချဉ်ချို ရသာရှိ၏။ လေသည်းခြေကိုနိုင်၏၊ နှလုံးသွေးကို ငြိမ်းစေတတ်၏။ ၄င်းအမှည့်ခြောက်သည် ဝမ်းမီးကို တောက်စေတတ်၏။ ဝမ်းကိုလည်း ပျော့စေတတ်၏။ ရေငတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးတုန်ခြင်းတို့ကို ငြိမ်းစေတတ်၏။ သည်းခြေကို ဖြောင့်စေတတ်၏၊ သလိပ်နှင့် အပူကို ငြိမ်းစေတတ်၏” လို့ ရေးသားထားပါတယ်။

          ဓာတုရသလေးစောင်တွဲကျမ်းမှာတော့ “ဆီး၏ တေဇာ၊ အရသာကို၊ သေချာကုန်စင်၊ မော်ကွန်းတင်ပိမ့်၊ ကိုယ်တွင်းအပူ၊ သည်းခြေဆူက၊ ရူးသူတခန်း၊ သလိပ်ဝမ်းနှင့်၊ ပိတ်ဝမ်းတထွေ၊ သလိပ်ကြေအောင်ပေး  လေဆီးပင်၊ ရောဂါစင်၏” လို့  ဖွဲ့ဆိုထားပါတယ်။

          ဂမ္ဘီဘီသာရဆေးကျမ်းမှာလည်း “ဆီးသီးမူကား၊ ခိုးလူတေဇော၊ ချဉ်မောရသ၊ ချွဲချွဲမျှ၍၊ ပိတ္တသည်းခြေ၊ ပူတေဇော်ခိုက်၊ ဝေမိုက်စိတ်ပျံ့၊ ထိတ်လန့်ရူးနှမ်း၊ ပြယ်ပျောက် ချမ်း၍၊ ဖြောင့်တန်းသည်းခြေ၊ ကျပေသလိပ် နိပ်စေတတ်စွ၊ ပိတ်ဝမ်းကျနှင့်၊ အပူငြိမ်သက်၊ ထန်းလျက်ဖက်ဘိ၊ စားသုံးမိသော်၊ ပုတိ ဟာရေ၊ အပုပ်ကြေလိမ့်” လို့ ဖွင့်ဆိုထားပါတယ်။

          ဆီးသီးမှာပါဝင်တဲ့  အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနခွဲက ထုတ်ဝေတဲ့ မြန်မာ့အစားအစာများမှာ ပါဝင်သော အာဟာရဓာတ်များစာအုပ်အလိုအရ ဗီတာမင်စီ ၁၆၂  မီလီဂရမ်၊ ကယ်လစီယမ် ၁၀၂ မီလီဂရမ်နှင့် ဖော့စဖရပ်စ် ၆၇.၁၃ မီလီဂရမ် ပါဝင်ပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ဒီလအတွက်တော့ သရေစာအနေနဲ့သာမက ဆေးဘက်မှာလည်း အသုံးဝင်တဲ့ “ဆီးသီး” ရဲ့  အာဟာရတန်ဖိုးများအကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

Facebook Comments