“မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ” အစာနဲ့ အာဟာရ “ဂွေးသီး”

“မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ”

အစာနဲ့ အာဟာရ “ဂွေးသီး”

ချစ်စွာသော စာရှုသူများရှင်-

          သရက်သီး၊ မာလကာသီး၊ ဂွေးသီး၊ သစ်တော်သီးစတဲ့ သစ်သီးများထဲက ဒီလအတွက် အစာနဲ့အာဟာရအခန်းမှာတော့ “ဂွေးသီး” ကို စီမံဖန်တီးစားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

          ဂွေးသီးကိုတော့ စာရှုသူများ မြင်ဖူး၊ ကြားဖူး၊ စားဖူးကြမယ်လို့ ထင်ပါတယ်။ ဂွေးသီး ကိုများသောအားဖြင့် ကလေးငယ်များ၊ လူငယ် လူလတ်ပိုင်းများက ပိုပြီးကြိုက်နှစ်သက် ကြပါတယ်။ အသက်အရွယ်ငယ်သူများမို့ အချဉ်ဓာတ်ပါတဲ့ ဂွေးသီးကို ပိုပြီးနှစ်သက် ခုံမင်စွာစားသုံးလေ့ရှိကြပါတယ်။

          ဂွေးပင်က အချိုမျိုးနဲ့ အချဉ်မျိုးဆိုပြီး(၂)မျိုးရှိပါတယ်။ ပုံမှန်မျိုးအားဖြင့် ဂွေးပင်ရဲ့ အမြင့်ပေဟာ ပေ(၆၀)ကနေ ပေ(၈၀)အထိ မြင့်တာကို တွေ့ရပါတယ်။ အခုအခါ စိုက်ပျိုးရေးနည်းစနစ်များ အဆင့်မြင့်မား လာပြီမို့ (၆)လနဲ့ အသီးသီးတဲ့ ဂွေးပင်မျိုးများ စိုက်ပျိုး အောင်မြင်နေပြီဖြစ်ပါတယ်။ (၆)လ ဂွေးပင်မျိုးများဟာ အမြင့်ပေ(၃)ပေလောက်နဲ့ ပင်လုံးညွှတ်မျှ အသီးတွေဝေဆာနေအောင် သီးလေ့ရှိတာမို့ စိုက်ပျိုးရတာ အဆင်ပြေစေ ပါတယ်။ တချို့အပင်များဟာ (၃)ပေကနေ (၇)ပေလောက်အထိအမြင့်ရှိတတ်ပြီး အကိုင်းအခက်အလက် ဝေဝေဆာဆာနဲ့ အကိုင်းအခက်တိုင်းမှာလည်း အသီးများ ပြွတ်ခဲနေအောင် သီးလေ့ရှိပါတယ်။ အပင်ကပုပေမယ့် ပင်စည်နဲ့အခတ်အရွက်များ၊ အသီးများကတော့ ကြီးထွားဖွံ့ ဖြိုးနေတာ တွေ့ရပါတယ်။

          ဂွေးပင်က အရွက်နုလေးတွေကို ငါးပိရည်ဖျော်ကောင်းကောင်းနဲ့ တို့စရာအဖြစ် စားသုံးနိုင်သလို မန်ကျည်းရွက်နုလေးတွေ သုပ်စားသလို သုပ်စားလို့လည်း ရပါတယ်။ ခံတွင်းရှင်းပြီး နှုတ်ကိုမြိန်စေလှပါတယ်။

          ဂွေးသီးမှာအသီးနုကလေးကစလို့ အသီးရင့်မှည့်လာတဲ့အထိ အားလုံးကို စားသုံးနိုင်ပါတယ်။ ဂွေးသီးအနုကလေးတွေကို ရေစင်အောင်ဆေးပြီး ငါးပိရည်၊ ငါးပိချက်တို့နဲ့ တို့မြှုပ်စားသုံးလေ့ရှိကြပါတယ်။

          ဂွေးသီးနုကလေးတွေကို “ဂွေးသီးငါးပိချက်” ချက်စားလို့လည်းရပါတယ်။ ဂွေးသီးငါးပိချက် ချက်မယ်ဆိုရင်တော့ ဂွေးသီးအလုံး (၂၀)၊ ဆီနှစ်ကျပ်ခွဲသား၊ ပုစွန်ဆိတ် တစ်ဆယ်သား၊ စိမ်းစားငါးပိ အနည်းငယ်၊ ကြက်သွန်နီ(၂)ဥ၊ ကြက်သွန်ဖြူ (၁)ဥ၊ ငရုတ်သီးစိမ်း (၁၅)တောင့်၊ ငရုတ်သီးအပွတောင့် (၅)တောင့်နဲ့ ဆား၊ နနွင်းအနည်းငယ် လိုအပ်ပါတယ်။

          လိုအပ်တဲ့အဆာတွေစုံပြီဆိုရင်တော့ ပထမဆုံးဂွေးသီးနုလေးတွေကို အလုံးလိုက် ရေစင်အောင် ဆေးရပါမယ်။ အဲ့ဒီနောက်အခွံခွာပြီး ညက်နေအောင်ထောင်းရပါမယ်။ ငရုတ်သီးအပွတောင့်(၅)တောင့် ကိုလည်း ရေစိမ်ပြီး နူးပွလာတဲ့အခါ ညက်နေအောင် ထောင်းရပါမယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းတို့ကိုလည်း ထောင်းထားပြီး ပုစွန်ဆိတ်လေးတွေကိုတော့ ရေစင်အောင်ဆေးကာ အမြီး၊ ခေါင်းဖြတ်ထားရပါမယ်။ တစ်ဆက်တည်း ဆား၊ နနွင်းနယ်ထားရပါမယ်။

          အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးထဲမှာဆီထည့်ကာ အိုးကိုမီးဖိုပေါ် တင်ရပါမယ်။ ဆီကျက်တဲ့အခါ အသင့်ထောင်းထားတဲ့ငရုတ်သီး၊ ကြက်သွန်၊ အမွှေး အကြိုင်များကိုထည့်ကာ ဆီသတ်ရပါမယ်။ ဆီသေပြီး မွှေးနံ့ထွက်လာတဲ့အခါ ထောင်းထားတဲ့ ဂွေးသီးနုလေးများကို ထည့်ရပါမယ်။ တစ်ဆက်တည်းမှာ စိမ်းစားငါးပိနဲ့ ပုစွန်တွေကိုပါထည့်ပြီး အပေါ်အောက်သမအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ အိုးအဖုံးကို ခဏလောက်အုပ်ထားရပါမယ်။ (၅)မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးကို ဖွင့်လိုက်ရပါမယ်။ ဒီအခါမှာတော့ ဆီပြန်ပြီး အနံ့အရသာ ပြည့်စုံကောင်းမွန်လှတဲ့ ဂွေးသီးငါးပိချက်ဟင်း တစ်မည်ကို ရရှိပြီမို့ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။ ဂွေးသီးငါးပိချက် ချက်တဲ့အခါ ပုစွန်ဆိတ်မရှိရင် ငါးကင်လေးကို အသားထွင်ပြီးတော့လည်း ချက်နိုင်ပါတယ်။ ဂွေးသီး ငါးပိချက်ဟာ ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်လေးနဲ့ အရသာစုံ လှတာမို့ စားဖူးသူတိုင်း နှစ်သက်မြတ်နိုးကြပါတယ်။

          ဂွေးသီးနုဘဝကနေ ရင့်လာတဲ့အခါမှာတော့ ဂွေးသီးတွေကို ရေစင်အောင်ဆေး၊ အခွံခွာကာ အစိတ်လေးတွေစိတ်ပြီး ငရုတ်သီးမှုန့်၊ ဆား၊ မဆလာတို့နဲ့တို့ကာ သရေစာအနေနဲ့ စားသုံးလေ့ရှိကြပါတယ်။ နေ့လယ်နေ့ခင်း သူငယ်ချင်းများနဲ့ ဝိုင်းဖွဲ့ပြီး အဆာပြေ၊ အမူးအမောပြေပျော်ပျော်ပါးပါးစားသုံးနိုင်ကြပါတယ်။

          အခုလိုရာသီမှာ လမ်းကြိုလမ်းကြားမကျန် မောင်းကလေးထုပြီး တွန်းလှည်းလေးတွေနဲ့ လိုက်လံရောင်းချလေ့ရှိတာမို့ အလွယ်တကူဝယ်ယူစားသုံးနိုင်ကြပါတယ်။

          ဂွေးသီးကို အချဉ်ပေါင်းလုပ်စားလို့လည်း ရပါတယ်။ အချဉ်ပေါင်းလုပ်မယ်ဆိုရင်တော့ ဂွေးသီးကိုအခွံခွာပြီး အစိတ်လေးတွေစိတ်ရပါမယ်။ အဲ့ဒီထဲကိုမှ ဆား၊ ဆေးသကြား အနည်းငယ်၊ ငရုတ်သီးအစိမ်းမှုန့်နဲ့ မဆလာတို့ကိုထည့်ကာ သမအောင် ရောနယ်ရပါမယ်။ ဒီအခါမှာတော့ စားသုံးဖို့အသင့်ဖြစ်နေတဲ့ ဂွေးသီးအချဉ်ပေါင်းကို ရရှိပြီမို့ စိတ်တိုင်းကျသုံးဆောင် နိုင်ကြပြီဖြစ်ပါတယ်။

          ဂွေးသီးကိုယိုထိုးပြီးတော့လည်း စားသုံးနိုင်ပါတယ်။ ဂွေးသီးယိုထိုးမယ်ဆိုရင်တော့ ကွေးသီးအလုံး (၁၀ဝ)၊ သကြား(၈၀)သားနဲ့ ထုံး(၁)ထုပ်တို့လိုအပ်ပါတယ်။ ပထမဆုံး ဂွေးသီးများကိုအခွံနွှာပြီး ဆူးချွန်လေးနဲ့ အပေါက်များဖြစ်အောင်ဖောက်ရပါမယ်။ ထုံးကိုရေဖျော်ပြီး အဲဒီထုံးရေထဲမှာ ဂွေးသီးတွေကိုတစ်နာရီခန့် စိမ်ထားရပါမယ်။ တစ်နာရီ ကြာတဲ့အခါ ထုံးရေထဲက ဂွေးသီးများကို ဆယ်ယူပြီး ရေနွေးနဲ့ ဆေးကြောပေးရပါမယ်။ အဲ့ဒီနောက် ဂွေးသီးများကို ဇလုံထဲထည့်ပြီး အပေါ်က သကြားများဖြူးကာ တစ်ညသိပ် ထားရပါမယ်။

          နောက်တစ်နေ့ရောက်တဲ့အခါ သကြားများအရည်ပျော်နေပြီမို့ အဲ့ဒီသကြားရည်များကို ကျိုပြီးအအေးခံထားရပါမယ်။ သကြားရည်အေးသွားတဲ့အခါ ဆယ်ယူထားတဲ့ ဂွေးသီးများကို ထည့်စိမ်ရပါမယ်။ အဲဒီလိုနှစ်ခါစိမ်ပြီးတဲ့အခါ သကြားရည်နဲ့ ဂွေးသီးများကို မီးဖိုပေါ်တင်ပြီး ညောင်စေးကျတဲ့အထိကျိုရပါမယ်။ အဲဒီနောက် အအေးခံကာ အေးသွား ပြီဆိုရင်တော့ အရသာရှိလှတဲ့ ဂွေးသီးယိုကိုရရှိပြီမို့ စိတ်တိုင်းကျ စားသုံးနိုင်ကြပြီ ဖြစ်ပါတယ်။

          ဂွေးသီးကို ဟင်းလျာအဖြစ်တစ်မျိုး၊ သရေစာအနေနဲ့တစ်ဖုံ အသုံးပြုနိုင်သလို ဆေးဖက်ဝင်သစ်သီးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

          အစာအိမ်အချဉ်ပေါက်တဲ့အခါ ဂွေးသီးအနုသတ္တုရည်(၁၂)ပဲသားနဲ့ သကြား ၃ ကျပ် (၈)ပဲသားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်(၇)ရက်ကြာသောက်သုံးပေးရင် အစာအိမ်အချဉ်ပေါက်တဲ့ ဝေဒနာသက်သာပျောက်ကင်းစေပါတယ်။

          နားနာ၊ နားကိုက်တဲ့ဝေဒနာဖြစ်ခဲ့ရင်တော့ ဂွေးသီးပင်က အရွက်ရဲ့ သတ္တုရည်ကို နားအတွင်းသို့ အနည်းငယ်ခတ်ပေးခြင်း၊ အပြင်ကလိမ်းပေးခြင်းတို့လုပ်ပေးရင် နားနာ၊ နားကိုက်ပျောက်ကင်းစေးပါတယ်။

          အစာမကြေ ဝမ်းပျက်ရောဂါဖြစ်နေရင်တော့ ဂွေးသီးပင်က အရွက်ကို အမှုန့်ကြိတ်ပြီး အဲဒီအမှုန့်ကိုသောက်ရင် ဒါမှမဟုတ် ဂွေးသီးပင်ရဲ့ အခေါက်ကိုပြုတ်ပြီး အဲဒီပြုတ်ရည်ကိုသောက်ရင် အစာမကြေ၊ ဝမ်းပျက်ဝမ်းရောဂါပျောက်ကင်းစေနိုင်ပါတယ်။

          ဂွေးသီးနဲ့ပတ်သက်လို့ ဒဗ္ဗဂုဏပကာသနီကျမ်းမှာ “ဂွေးသီးမှည့်သည် နှုတ်ကို မြိန်စေတတ်၏၊ အားခွန်ပွားများ၏၊ နှလုံးနှင့်သင့်ခြင်း၊ သလိပ်ပွားခြင်း၊ ဝမ်းကိုခိုင်စေခြင်း သတ္တိရှိ၏၊ ဂွေးသီးစိမ်းသည်  အရသာအားဖြင့်ချဉ်၏၊ လေကိုနိုင်၏၊ နှုတ်ကိုမြိန်စေတတ်၏” လို့ ဖော်ပြထားပါတယ်။

          ဆေးအဘိဓာန်ကျမ်းမှာတော့ “ဂွေးသီးစိမ်းသည် ချဉ်၏၊ လေနာကိုနိုင်၏၊ နှုတ်ကို မြိန်စေ၏၊ အသီးမှည့်သည်ချို၏၊ အေး၏၊ သလိပ်ကိုပွားစေတတ်၏၊ ဝဖြိုးစေ၏၊ အားကိုဖြစ်စေ၏၊ အားအင်ကုန်ခမ်းသောဝေဒနာ၊ ပူလောင်သောဝေဒနာ၊ သွေးဖောက်ပြန်ခြင်း တို့ကိုကင်းဝေးစေ၏၊ ၄င်းအခေါက်သည် မြွေဆိပ်ကိုထုတ်ပယ်သည့် ဆေးမျိုးတွင် တစ်ပါးအပါအဝင်ဖြစ်၏၊ ဖျားနာ၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့တွင် အသုံးပြု၏” လို့ ရေးသားထားပါတယ်။

          ဂွေးသီးထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “မြန်မာ့အစားအစာ၏ အာဟာရ” စာအုပ်အလိုအရ ဂွေးသီးစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၄၆ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၁၂. ၄ ဂရမ်အပြင် ထုံးဓာတ်၊ ဗီတာမင်စီဓာတ်နဲ့ ဗီတာမင်အေ ဓာတ်များပါဝင်တာတွေ့ရပါတယ်။

          ချစ်စွာသောစာရှုသူများရှင်-

          ဒီလအတွက်မှာတော့ ဂွေးသီးကို စီမံဖန်တီးစားသုံးပုံများနဲ့ အာဟာရတန်ဖိုးများ အကြောင်းတင်ပြ အစီရင်ခံရင်း အစာနဲ့အာဟာရအခန်းကို ဒီမှာပဲရပ်နားခွင့်ပြုပါရှင်။

♦   ဆန်းဆန်းဦး (မြန်မာ့အသံ)   ♦

Facebook Comments