မြစ်သား၊ ကျောက်ဆည် နှင့် မန္တလေး

F&T-19 မြစ်သား၊ ကျောက်ဆည် နှင့် မန္တလေး

            ကျွန်တော့်ရဲ့ သီတင်းကျွတ်မှာ ရွာပြန်လည်တဲ့ခရီးစဉ်လေးကို ပြောပြမှာပါ။ ကျွန်တော့်မွေးရပ်မြေ ရွာလေး က ကျောက်ဆည်မြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ မြစ်သားမြို့နယ် အတွင်းက ရေဝန်းဆိုတဲ့ ရွာလေးပါ။ ရန်ကုန်က လာမယ်ဆိုရင် လမ်းဟောင်းကသွားတဲ့ ကားကို စီးရမှာပါ။ ရွာရောက်တဲ့နေ့မှာပဲ ရာသီစာဖြစ်တဲ့ ကြက်သွန်ဖူးသုပ်၊ ပဲနဲ့ ကြာဆံဟင်းချို၊ ငါးခြောက်ဆီပြန်ဟင်း၊ ဆီးဖြုသီးထောင်းနဲ့ ညစာကို တဝကြီးစားလိုက်ပါတယ်။ ဒီရာသီမှာ မြစ်သား နဲ့ ကျောက်ဆည် နယ်ဖက်မှာ ကြက်သွန်ဖူးထွက်တဲ့ အချိန်ဖြစ်လို့ ကြက်သွန်ဖူးကို သုပ်စားကြပါတယ်။

            ကြက်သွန်ဖူးအကြောင်းကို ပြောပြချင်ပါသေးတယ်။ ဒီရာသီမှာပေါတဲ့ ကြက်သွန်ဖူးက မြိတ်စားလို့ခေါ်တဲ့ ကြက်သွန်မှထွက်တဲ့ အဖူးပါ။ ဘာလို့ မြိတ်စားလို့ခေါ်ရသလဲဆိုရင် ကြက်သွန်ဥ အသေးလေးတွေကို ပြန်ပြီးစိုက်တဲ့ ကြက်သွန်ကို မြိတ်စား လို့ခေါ်ပြီး ကြက်သွန်မျိုးစေ့ကို ပျိုးထောင်းပြီး ပြန်စိုက်တဲ့ကြက်သွန်ကို ပင်လေးကြက်သွန်လို့ ခေါ်ပါ တယ်။ မြိတ်စားပဲဖြစ်ဖြစ်၊ ပင်လေးပဲဖြစ်ဖြစ် အဖူးထွက်လာတဲ့အချိန်မှာ ကြက်သွန်ဥဖြစ်အားကောင်းဖို့အတွက် အဖူးကို ချိုးပစ်ရပါတယ်။ ချိုးလိုက်တဲ့ အဖူးတွေကို စီးပြီး ဈေးတွေ မှာ ရောင်းပါတယ်။ ကြက်သွန်ဖူးသုပ်မှာ အချိုသုပ်နဲ့ အချဉ်သုပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

            ကျောက်ဆည်မြို့ဆိုတာနဲ့ ကျောက်ဆည်က ဆင်လှူပွဲကို လူတိုင်းသိကြပါတယ်။ သီတင်းကျွတ်မှာ ကျင်းပပြီး နေ့ရောညပါ စည်ကားတဲ့ ကျောက်ဆည်မြို့ရဲ့ ထင်ရှားတဲ့ပွဲပါ။ ကျောက်ဆည်မြို့ရဲ့ ဆင်အလှကတော့ နိုင်ငံကျော်ရုံတင်မကဘဲ နိုင်ငံပေါင်းစုံကို လှည့်လည်ပြီး ကပြတင်ဆက်နေရပါပြီ။

            ကျွန်တော့်ရဲ့ဒီခရီးစဉ်လေးက ကုသိုလ်လည်းရ ဝမ်းလည်းဝလို့ ပြောရမလိုပါပဲ။ ကျွန်တော်တို့ နယ်တစ်လျှောက်မှာ ထင်ရှားတဲ့ဘုရားစေတီများကိုဖူးမြှော်ပြီး ဒေသထွက် အစားအစာအကြောင်းတွေကိုပါ ပြောပြမှာပါ။ မဟာရွှေသိမ်တော်မြတ်စွာဘုရားကတော့ ကျောက်ဆည်ကနေ မန္တလေးကို သွားမယ်ဆိုရင် ကျောက်ဆည်မြို့အထွက် မြို့နဲ့သိပ်ပြီးမဝေးဘဲ ညာဘက်အခြမ်းမှာ ရှိပါတယ်။ မဟာရွှေသိမ်တော်မြတ်စွာဘုရား ဆိုတဲ့ အင်မတန်မှခန့်ညားတဲ့ မုဒ်ဦးကြီးကို တွေ့မှာဖြစ်ပါတယ်။ မဟာရွှေသိမ်တော် မြတ်စွာဘုရားရောက်တာနဲ့ တွေ့မြင်ရမှာကတော့ ဘုရားမှာပွဲကပ်ဖို့အတွက် ရောင်းချတဲ့ ငှက်ပျောပွဲ၊ အုန်းပွဲရောင်းချတဲ့ ဈေးတန်းကြီးပါပဲ။ ဒီဈေးတန်းမှာ ငှက်ပျောပွဲ၊ အုန်းပွဲမှာယူပြီး ဘုရားမှာ ကပ်ယူနိုင်ပါတယ်။ ဆုတောင်းပြည့်တဲ့ဘုရားကြီးမို့ အနယ်နယ်အရပ်မှ ဘုရားလာဖူးသူများနဲ့ အမြဲစည်ကားနေပါတယ်။

            ကျောက်ဆည်ဆိုတာနဲ့ ကျွန်တော့်ခေါင်းထဲမှာ ပထမဦးဆုံးပေါ်လာတဲ့ အစားအစာကတော့ မတူးရဲ့ မလိုင်လုံးနဲ့ ဘန်းမုန့်ပါပဲ။ ကျွန်တော် ကလေးဘဝကတည်းက အရမ်းကြိုက်ခဲ့တာပါ။ ဘန်းမုန့်ကို ပြောင်းပြန်လှန်ပြီး ဘန်းမုန့်ရဲ့အလည်ကို ဇွန်းအသေးလေးနဲ့ ဖိချပြီး ချိုင့်ဝင်သွားအောင် အရင်လုပ်ပြီးမှ မလိုင်လုံးအစိုကို ဇွန်းနဲ့ခတ်ပြီး ထည့်ပါတယ်။ ပြီးတာနဲ့ မလိုင်လုံးအစို ထည့်ထားတဲ့ ဒန်ပုံးထဲက သကြာရည်ခတ်ယူပြီး ရွှဲစိုအောင် ဆမ်းပေးပါတယ်။ မတူးရဲ့ မလိုင်လုံးနဲ့ ဘန်းမုန့်က Homemade စစ်စစ်ဖြစ်ပြီး ကျောက်ဆည်အနီးမှာရှိတဲ့ ရေဝန်းဈေး၊ ဟန်မြင့်မိုနဲ့ သံရွာဈေးတွေမှာ လှည့်လည်ရောင်းချပါတယ်။ ကျေုာက်ဆည်မှာဆိုရင် အိမ်မှာပဲ သွားရောက်ဝယ်ယူနိုင်ပါတယ်။

F&T-11 F&T-13 F&T-14 F&T-15

F&T-12 F&T-6 F&T-17 F&T-18

            ကျောက်ဆည်မြို့ရဲ့ အနောက်ဖက်မှာရှိတဲ့ သမိုင်းဝင် ရှင်ပင်ရွှေဆပ်သွားစေတီကြီးကိုလည်း ကျွန်တော် သွားရောက်ဖူးမြော်ခဲ့ပါသေးတယ်။ ရှင်ပင်ရွှေဆပ်သွားစေတီကြီးကို အာသောကမင်းတရား၏ ကုသိုလ်မူလမုဠောစေတီငယ်ကို အုတ်စေတီနှစ်ထပ်၊ ကျောက်စေတီနှစ်ထပ်ငုံကာ တည်ထားပူဇော်ကြောင်း သိရပါတယ်။ ကျောက်ဆည် အနီးဝန်းကျင်မှာတော့ ဆပ်သွားပွဲလို့ နာမည်ကြီးပြီး တပိုတွဲလပြည့်ကျော်မှာ နှစ်စဉ်ကျင်းပပါတယ်။ ဒီဘုရားပွဲမှာ နာမည်ကြီးတဲ့မုန့်ကတော့ ‘မုန့်ခေါင်းအုန်း’ပဲဖြစ်ပါတယ်။ လပြည့်၊ လကွယ်နဲ့ ဥပုပ်နေ့တွေမှာ ဘုရားဖူးမယ်ဆိုရင်တော့ ရွာမှ ကုသိုလ်လုပ်တဲ့ ‘ဘေစကိုင်းလဖက်’ သုပ်ကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။

            ကျွန်တော်ဆက်ပြီးဖူးမြော်မဲ့ သမိုင်းဝင်ဘုရားကတော့ ခုခေတ်မှ ပြန်လည်တူးဖော်ထားတဲ့ ‘တမုတ်ရှင်ပင်ရွှေဂူကြီးမြတ်စွာဘုရား’ပဲ ဖြစ်ပါတယ်။ အနော်ရထာမင်းကြီး တည်ထားပူဇော်ခဲ့တဲ့ သမိုင်းစေတီကြီး ဖြစ်ပါတယ်။ ကျွန်တော်ရောက်သွားတဲ့အခါ ပုဂံမြို့ဟောင်းကို ရောက်သွားသလို ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ စေတီတော်ကြီးရဲ့ ဗိသုကာလက်ရာတွေက အံ့မခန်းဖြစ်ပြီး အင်မတန်မှ ကြည်ညိုဖို့ကောင်းပါတယ်။

F&T-20            ဘုရားဖူးပြီးတာနဲ့ ဘုရားဈေးတန်းဘက်ထွက်ခဲ့တဲ့အခါ ပထမဦးဆုံးဆိုင်မှာ ဆိုင်ရှင်အဒေါ်ကြီးနဲ့ ဘုရားဖူး ဧည့်သည်တွေရဲ့ စကားကို နားထောင်မိတယ်။ ဧည့်သည် အဒေါ်ကြီးက ဗန်းထဲမှာ ထည့်ထားတဲ့ ပန်းတွေအကြောင်း ကို မေးနေပါတယ်။ ဘာပန်းလဲပေါ့။ ကျွန်တော်က ဒီနယ်သားဆိုတော့ မြင်တာနဲ့ နနွင်းဖူးဆိုတာကို သိပါတယ်။ ဆိုင်ရှင်အဒေါ်ကြီးကလည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြနေပါတယ်။ တို့စရာအနေနဲ့ အစိမ်းတို့ စားနိုင်သလို အစိမ်းကို ပါးပါးလှီး ဒါမှမဟုတ် ပြုတ်ပြီးသုပ်စားနိုင်ကြောင်းကို ရှင်းပြနေပါတယ်။ နောက်ဆုံး အဒေါ်ကြီးက ဘာပြောသလဲဆိုတော့ ထမင်းချိုင့် ထည့်ပြီး ဘုရားလာဖူးတဲ့သူတွေဆို ဝယ်ပြီး လတ်လတ်ဆတ်ဆတ် တို့စားကြကြောင်း ပြောပါတယ်။ သူတို့စကားပြောတာ နားထောင်းရင်း အမေအမြဲသုပ်ကျွေးတဲ့ မြေပဲထောင်းနိုင်နိုင် ကြက်သွန်ဆီချက်နိုင်နိုင်နဲ့ နနွင်းဖူး (ဆနွင်းဖူး)သုပ်ကို သတိရမိပြီး အိမ်ပြန်ရာက်ရင် အမေ့မီးဖိုချောင်ကို အပိုင်စားရထားတဲ့ ကျွန်တော့်ညီမကို သုပ်ပြီးကျွေးဖို့ စဉ်းစားထား လိုက်တယ်။ အဲဒီအဒေါ်ကြီးဆိုင်မှာ ပန်းခြောက်လိုလို၊ အရွက်ခြောက်လိုလို ဗန်းကို တွေ့တာနဲ့ သခွတ်ပွင့်ခြောက် လားလို့ မေးကြည့်တဲ့အခါ အဒေါ်ကြီးက ကြောင်လျာ ပွင့်ခြောက်လို့ပြောပါတယ်။ ကျွန်တော် အကြိုက်တွေ့ပြီး သုပ်စားဖို့ ဝယ်ခဲ့လိုက်ပါတယ်။

            တမုတ်ရွှေပင် ရွှေဂူကြီးဘုရားမုဒ်ဦးက ထွက်ပြီး ဘယ်ချိုးပြီး အနောက်ဘက် တည့်တည့်သွားရင် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ကိုတက်ပြီး ဒီနှစ်ပိုင်း နာမည်ကြီးနေတဲ့ ကျောက်စိမ်းစေတီဘက်ကို ထွက်ခဲ့ပါတယ်။ ကျောက်စိမ်းစေတီတော်ကြီးက အံ့မခန်းကြည်ညိုဖို့ကောင်းပြီး ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံခြားဧည့်သည်တွေနဲ့ စည်းကားလို့နေပါတယ်။ သေချာကြည့်တော့မှ ထိုင်းဘုရားဖူးဧည့်သည် တော်တော်များ ကြောင်း သိလိုက်ရတယ်။ ကျောက်စိမ်းစေတီတော်ကြီးကို အနီးကပ် ဖူးမြော်ပြီး ကျောက် စိမ်းများကို အနီးကပ် သေသေချာချာ ကြည့်နိုင်ခဲ့ပါတယ်။ ကြာပန်းရောင်းစုံ ကပ်လှူပြီး ဘုရားရင်ပြင်တော်ပေါ် မှ ဆင်းခဲ့ပါတယ်။ ဘုရားဈေးတန်း ဘက်မှာတော့ နိုင်ငံခြားသားများအကြိုက် ကျောက်စိမ်းနဲ့လုပ်ထားတဲ့ လက်ဆောင်တွေရောင်းတဲ့ ဆိုင်တွေကို တွေ့ရပါတယ်။ Food Court နဲ့ ကျောက်စိမ်းဈေးကြီး ဆောက်လုပ်နေတာကိုလည်း တွေ့ ခဲ့ရပါတယ်။

            ကျောက်စိမ်းဘုရားကအပြန် မြစ်လောင်းကနေတစ်ဆင့် မန္တလေးဘက်ကို ထွက်ခဲ့ပါတယ်။ မန္တလေးမြို့ ဝင်တာနဲ့ ဘုရားကြီးကို ဦးတိုက် ဖူးမြော်လိုက်ပါတယ်။ မန္တလေးဘက်နယ်သားတွေက မဟာမြတ်မုနိဘုရားကို ဘုရားကြီးလို့ ခေါ်ကြပါတယ်။ ဘယ်အချိန်ပဲသွားသွား ဘုရားကြီးမှာတော့ ပြည်တွင်းပြည်ပ ဘုရားဖူးတွေနဲ့ ကြိတ်ကြိတ် တိုး စည်းကားနေပါတယ်။ ဘုရားကြီးရောက်ရင် အမြဲ ကိုယ်တိုင်ရွှေသင်္ကန်း ကပ်လှူဖြစ်ပါတယ်။ ဘုရားကြီးစောင်းတန်းဈေးကို အရမ်းစိတ်ဝင်စားလို့ အမြဲလျောက်ကြည့်ဖြစ် ပါတယ်။ ပြည်တွင်းဖြစ် မြန်မာမှုလက်ရာတွေကို စိတ်ဝင်စားသလို စောင်းတန်းဈေးအဆုံးမှာရောင်းတဲ့ အချဉ်ပေါင်းသည်၊ လေပုတ်ထုတ်ဆေးသည်၊ ရောင်စုံဝေဖာခွက် ကလေးတွေနဲ့ ထည့်ပြီးရောင်းတဲ့ ရေခဲမုန့်သည်တွေကို အရမ်းသဘောကျတယ်။

            မန္တလေးရောက်ရင် ကြိုက်တဲ့အစားအစာတွေက များလွန်းတော့ ဘယ်ကစပြီး စားရမှန်းမသိပါဘူး။ ဒါပေမဲ့ အချိန်ကိုကြည့်လိုက်တော့ သွားလို့မှီနိုင်တဲ့နေရာ ကို ရွေးလိုက်တော့ နာမည်ကြီး ဗထူးကွင်းနားက မြီးရှေဆိုင်ကို အပြေးအလွားသွားပြီး ပွဲကြီးတစ်ပွဲမှာပြီး စားပြစ်လိုက်တယ်။ ဝက်သားများများနဲ့မို့ တော်တော်လေး စားကောင်းတယ်။ ဒီဆိုင်မှာက အသား၊ အဆီအခေါက်တွေရောပေးတာမို့ ဝက်သားမြီးရှေ ကြိုက်တဲ့သူတွေအတွက် အကောင်းဆုံးနေရာလေးပါ။ ဗိုက်လဲတင်းပြီ ဆိုတော့ နောက်တစ်ဆိုင် ပြောင်းပြီးစားလည်း စားမဝင်တော့တဲ့အတွက် မန္တလေးဘူတာကြီးဘက်ထွက်ပြီး Shopping ထွက်လိုက်တယ်။ ကျောင်းသားဘဝက ဒီလမ်းမကြီးပေါ် မှာ စက်ဘီးစီးပြီး ကျူရှင်သွား၊ မုန့်စားခဲ့တဲ့အချိန်တွေကို သတိရလိုက်တာ။ ဒီလမ်းမကြီးပေါ်မှာ ထိုးမုန့်ဆိုင်၊ လက်ဖက်ဆိုင်တွေ အများကြီးဆိုတော့ စိတ်ကြိုက်လက်ဆောင် ဝယ်လို့ရတယ်လေ။ ကျွန်တော့်အတွက်ကတော့ ဆင်ခြောက်ကောင်နဲ့ ဆင်ကိုးကောင် ဖိနပ်တွေ ဝယ်ဖြစ်လိုက်တယ်။ ကျောင်းသားဘဝက Fashion ကျချင်လို့ ဖိနပ်ကို အနီကြိုးတစ်ချောင်း အနက်ကြိုးတစ်ချောင်း တပ်ခိုင်းပြီး အော်ဒါမှာစီးခဲ့ကြတာကို သတိရနေပြန်ရော။ ကျွန်တော်တို့သူငယ်ချင်းတစ်စု စထွင်ပြီးစီးခဲ့ကြတာ နောက်ပိုင်း ဆိုင်တွေပေါ်မှာတောင် တင်ပြီးရောင်းလာကြတယ်။

F&T-2 F&T-3 F&T-4 F&T-5

F&T-8 F&T-9 F&T-10 F&T-16

            နေ့လယ်စာကိုတော့ ကျွန်တော့်အကြိုက် ရှမ်းစာကို ရွေးလိုက်တယ်။ ကျောင်းတက်တဲ့အချိန်က သွားစားနေကျ ဒါးတန်းရေခဲစက်နား၊ မူဆယ်၊ နန့်ခမ်း ကားဂိတ်တွေ ဘက်သွားကြည့်လိုက်တယ်။ အရင်တုန်းကတော့ လမ်းဘေးမှာ ရှမ်းအဝစားဆိုင်တွေများပြီး အရမ်းစားကောင်းတယ်။ ခုတော့ ရှမ်း Buffet ဆိုင်တွေများပါတယ်။ ရွှေရှမ်း ဘူဖေးဆိုင်ကိုပဲ ရွေးလိုက်တယ်။ ဒီဆိုင်က Food & Decor on Travel ကို မန္တလေးမှာ ရိုက်တုန်းက စားခဲ့ဖူးတဲ့ဆိုင်လေးပါ။ ဟင်းတွေမျိုးစုံပေါ့။ ဝက်သားမစားတဲ့သူတွေအတွက် အဆင်ပြေအောင် ဇွန်းအပြာရောင်တွေက ဝက်သားဟင်းတွေဖြစ်ပြီး အနက်ရောင်ဇွန်းတွေက ဝက်သားမပါကြောင်း ဝန်ထမ်းအမျိုးသမီးလေးက ရှင်းပြပေးပါတယ်။ ရှမ်းဟင်းတွေဆိုတော့ ငါးခေါင်းမျှစ်ချဉ်၊ ဝက်သားနဲ့ မျှစ်အချိုချက်၊ ရှမ်းပဲပုပ်ကြော်၊ ဝက်ခေါက်ချက်၊ အအီပြေ ရှမ်းခရမ်းချဉ်သီးသုပ်၊ ကြာစွယ်ဟင်း၊ ကင်းမွန်ချဉ် စပ်ချဉ်ချက်၊ ဟင်းသီးဟင်းရွက်ကြော်တွေကလည်း စုံနေတာပါပဲ။ ဂေါ်ရခါးညွှန့်၊ ခဝဲသီးကြော်တို့ကို စားဖြစ်တယ်။ အရင်တစ်ခေါက်က အကြိုက်တွေ့ခဲ့တဲ့ ဂွေးတောက်နဲ့ ဗယာကြော်ချက်က ဒီနေ့ Buffet မှာ မတွေ့ရပါဘူး။ ဝက်သားမကြိုက်သူတွေအတွက်ကတော့ ငါးဟင်း၊ ကြက်မုန်ညှင်း၊ ကြက်အာလူး၊ ဘဲဥဟင်း တွေနဲ့ စုံနေပါတယ်။ ရှမ်းခရမ်းချဉ်သီးထောင်းလေး ကလည်း စပ်စပ်လေးမို့ အရမ်းစားကောင်းပါတယ်။ ရှမ်းစာ စားပြီးတာနဲ့ ခေါပုပ်ကို သတိရပြန်ရော အဲဒါနဲ့ မန္တလေးဈေးချိုဘက် လှည့်ဝင်ပြီး ခေါပုပ်ဝယ်လိုက်တယ်။ ရွာပြန်ရောက်မှ ကြော်စားဖို့ပါ။ ဆောင်းဝင်ခါစနဲ့ ဆောင်းတွင်းမှာ အမေက ကျွန်တော်တို့ကို ခေါပုပ်အမြဲကြော်ကျွေးပါတယ်။ ကျွန်တော်တို့အိမ်မှာဆို ခေါပုပ်ကြော်ကို ဆားနည်းနည်းဖြူးပြီး စားသလို ထန်းလျက်ရည်နဲ့လည်း တို့စားပါတယ်။

            မန္တလေးရောက်တော့ အလွမ်းပြေကျောင်းတော်ကြီးကို သတိရလို့ Mandalay University ကိုလည်း သွားလည်လိုက်တယ်။ သတိရတယ် သူငယ်ချင်းတွေရေ။ ညဘက်စာကျက်ရင်း ကျောင်းကင်တီးမှာ ရှမ်းခေါက်ဆွဲနဲ့ မြီးရှေကို အဆာပြေ စားခဲ့ကြတာလေ။ ကျောင်းရှေ့က လမ်းမကြီးကလည်း ပြောင်းလဲသွားပြီ။ Fashion Store ဆိုင်၊ အကင်ဆိုင်၊ မာလာဟင်းဆိုင်နဲ့ ရှမ်းထမင်းဆိုင်တွေနဲ့ စည်းကားနေပါတယ်။ နောက်တစ်ခေါက်လာမှ ဒီလမ်းမှာ လာစားဖို့ မှတ်ထားလိုက်တယ်။

            ညနေပိုင်းမှ ရေချိုးပြီး ညစာထွက်စားဖို့ အရင်စိတ်ကူးလိုက်ပြီး တည်းခိုမဲ့နေရာကို ခြေဦးလှည့် လိုက်တယ်။ လမ်းမှာစဉ်းစားမိတာက မန္တလေး RC တက်တုန်းက ကျိန်းကျိန်းတို့ ယိုဒယားဆိုင်တွေမှာ စားတဲ့ ပန်းသေးရှမ်းခေါက်ဆွဲနဲ့ ဂျုံခေါက်ဆွဲကို သတိရပြန်ရော၊ ပန်းသေးခေါက်ဆွဲ ဘယ်မှာကောင်းသလဲဆိုတာ Hotel ရောက် မှ မေးကြည့်ရမယ်။ လမ်းမှာတွေးလာခဲ့တဲ့ ပန်းသေးခေါက်ဆွဲက ခေါင်းထဲမှာ မထွက်သေးဘူး။ အခန်းရတာနဲ့ ပန်းသေးခေါက်ဆွဲဆိုင်အကြောင်း မေးကြည့်လိုက်တယ်။ Reception ညီမလေးက ရိုစီဆိုတဲ့ဆိုင်မှာ စားဖို့ပြောပါတယ်။ လိပ်စာလေးပါ တစ်ခါထဲ ရေးပေးလိုက်တယ်။ ကျေးဇူးပါ ညီမ။

            အခန်းမှာ အနားယူ၊ ရေချိုးပြီးတာနဲ့ ကျွန်တော့်ရဲ့ Mandalay Food Tour ကို ဆက်လိုက်ပါတယ်။ ညစာကိုတော့ ဘယ်ဆိုင်မှာစားမယ်လို့ မဆုံးဖြတ်တော့ဘဲ မြို့အနှံ့ လျှောက်ကြည့်ပြီး မန္တလေးရဲ့ ညအလှကို ခံစားလိုက်တယ်။ ဆောင်းဝင်တော့မဲ့အချိန်ဖြစ်လို့ အပူလျော့ပြီး အအေးဓာတ်နည်းနည်းဝင်နေတော့ မန္တလေးမှာ နေလို့ကောင်းတဲ့ အချိန်လေးပါပဲ။ ခေတ်မှီစားသောက်ဆိုင်တွေက လမ်းတိုင်းမှာ တွေ့ရတယ်။ Cafe Tahi Buffet နဲ့ Myanmar Buffet ဆိုင်တွေကိုလည်း တွေ့ရတယ်။ သန့်ရှင်းသပ်ရပ်တဲ့ Myanmar Tea Shop လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်ဆို အများကြီးပဲ။ နံပြား၊ လက်ဘက်ရည်၊ ပလာတာ တင်မကတော့ဘဲ ခေါက်ဆွဲမျိုးစုံ၊ စမူဆာသုပ်နဲ့ မုန့်မျိုးစုံရောင်းတာကို တွေ့ရတယ်။ ကျုံးတောင်ဘက်လမ်းအတိုင်း အရှေ့ဘက်ကို ဦးတည်လိုက်တယ်။ ကျုံးတောင့်ရောက်တာနဲ့ ညာဘက်ခြမ်းကို ချိုးဝင်လိုက်ပါတယ်။ ညဘက်ဆိုတော့ လမ်းနံပါတ်တွေတောင် မကြည့်နိုင်ခဲ့ပါဘူး။ နှစ်လမ်း၊ သုံးလမ်းလောက်မှာ ဖွင့်ထားတာ သိပ်ပြီးမကြာသေးလောက်တဲ့ဆိုင်ကို ဝင်ဖို့ဆုံးဖြတ်လိုက်တယ်။ Menu ကို ကြည့်လိုက်တဲ့အခါ ထိုင်းနဲ့ တရုတ်အစားအစာတွေကို တွေ့လိုက်ရတယ်။ ဝန်ထမ်း ညီလေးပြောတဲ့ ဂျီသားအစပ်ကြော်၊ ငါးပေါင်းနဲ့ ဝက်စတူးမှာလိုက်တယ်။ ဂျီသားအစပ်ကြော်ကတော့ ကြွပ်ရွပြီး စားကောင်းသလို အရမ်းနူးအိနေတဲ့ ဝက်စတူးကလည်း ကျွန်တော့်အကြိုက်၊ ငါးပေါင်းကလည်း အကောင်းစားပဲငံပြာရည်ကို သုံးတဲ့အတွက် အရမ်းအဆင်ပြေတဲ့အတွက် မန္တလေးမြို့ရဲ့ Asia အစားအစာလေးက ကျွန်တော့်အတွက် သာယာလို့ နေပါတယ်။ Hotel အပြန်လမ်းမှာ မနက်သွားမဲ့ လမ်းကြောင်းလေးကို စိတ်ကူးလေးနဲ့ အစီအစဉ် ဆွဲထားလိုက်တယ်။

            မနက်စာကိုတော့ မန္တလေးမှာ နာမည်ကြီး ‘စိုးစိုးမုန့်တီ’စားလိုက်တယ်။ ရန်ကုန်က တချို့သူငယ်ချင်းတွေ နန်းကြီးသုပ်ကို သိပ်ပြီးမကြိုက်ကြဘူး။ ကျွန်တော်ကတော့ မန္တလေးနယ်သားဆိုတော့ မုန့်တီဆို အရမ်းကြိုက်တယ်။ မြစ်သားမှာဆိုရင်လည်း ကျွန်တော်တို့ငယ်ငယ်ကတည်းက စားလာတဲ့ ‘ဒေါလှသောင် မုန့်တီ’ဆို အသည်းစွဲပါပဲ။ ဒါပေမဲ့ ရန်ကုန်က နန်းကြီးသုပ်တော်တော်များကိုတော့ ကျွန်တော်လုံးဝမကြိုက်ပါ။စိုးစိုးမုန့်တီဆိုင်က ကြက်ခြေထောက်သုပ်ကလည်း ပဲပင်ပေါက်များများနဲ့ အရမ်းစားလို့ ကောင်းပါ တယ်။ မုန့်တီကလည်း ငါးဖယ်နဲ့ ကြက်သားလည်းပါတော့ စားလို့ကောင်းမှကောင်းပါ။

            မန္တလေးရောက်ရင် မန္တလေးတောင်၊ ရွှေကျောင်းကြီး၊ ကျောက်တော်ကြီး၊ ကုသိုလ်တော်ဘုရားတွေကို ရောက်ကြပေမဲ့ ခုကျွန်တော်သွားတဲ့ ရွှေကျင်ကျောင်းကိုတော့ လူသိနည်းပါတယ်။ အဲဒါကြောင့် Food & Decor Season 2 မှာ ထည့်ပြီး ရိုက်ကူးခဲ့ပါတယ်။ ရွှေကျောင်းကြီးလိုပဲ မြန်မာ့ပန်းပုလက်ရာတွေ လေ့လာမှတ်သားနိုင်တဲ့ ကျောင်းဖြစ် လို့ မန္တလေးရောက်ရင် သွားလည်သင့်ပါတယ်။ ရွှေကျင်ကျောင်းက မန္တလေးတောင်ခြေကနေ ကုသိုလ်တော်ဘုရားကိုဖြတ်ပြီး တောင်ပတ်လမ်းအတိုင်းသွားပါ။ ပြီးရင် ဘယ်ဘက်အခြမ်းကို ဂရုစိုက်ကြည့်သွားရင် ရွှေကျင်ကျောင်းမုဒ်ဦးကိုတွေ့ရင် အထဲကို ဝင်လိုက်တာနဲ့ ရွှေကျင်ကျောင်းတော်ကြီးကို တွေ့ရမှာပါ။

            မန္တလေးကျောင်းတက်စဉ်က ကြိုက်နှစ်သက်ခဲ့တဲ့ ပန်းသေးခေါက်ဆွဲကို Hotel က ညီမပြောပြလိုက်တဲ့ ရိုစီကဖေးနဲ့ အအေးဆိုင်ဖက်ကို ထွက်ခဲ့ပါတယ်။ ရှာရတာ အရမ်းလွယ်ပါတယ်။ နာမည်ကြီး ဒိုင်းမွန်းပလာဇာအနီးမှာ ရှိနေလို့ပါ။ ရန်ကုန်မှာ ပန်းသေးခေါက်ဆွဲဆိုရင် ခေါက်ဆွဲကြော်ပါ။ မန္တလေးမှာတော့ ကျွန်တော်တို့ ကျောင်းသားဘဝထဲက ပန်းသေးခေါက်ဆွဲဆိုင်ဝင်တဲ့ အခါ ဆန်ခေါက်ဆွဲလား၊ ဂျုံခေါက်ဆွဲလား၊ ဆန်ပြားလားဆိုပြီး မေးပါတယ်။ ဆန်ခေါက်ဆွဲဆိုရင်တောင် အရည်ပျော်လားလို့ ထပ်ပြီးမေးလေ့ရှိပါတယ်။ ရိုစီဆိုင်မှာ မျိုးစုံနေအောင် ရပါတယ်။ အစပ်ကြိုက်ရင် ငါးပေါင်းထုပ် ကောင်းတယ်ပြောတဲ့အတွက် ငါးပေါင်းထုပ်တစ်ပွဲနဲ့ ဆန်ပြားတစ်ပွဲမှာ လိုက်ပါတယ်။ ငါးပေါင်းထုပ်ကို အရင်မြည်းလိုက်ပါတယ်။ စပ်စပ်မွှေးမွှေးလေးပါ။ ဖက်ဖယ်ရွက်၊ ပင်စိမ်းများများနဲ့မို့ မွှေးကြိုင်ပြီး စားလို့အရမ်းကောင်းပါတယ်။ ပြီးတာနဲ့ ဆန်ပြားကိုစားပါတယ်။ ကျွန်တော့် အကြိုက်ပါပဲ။ ဒါပေမဲ့ ရိုစီမှာတော့ ကျွန်တော် ငါးပေါင်းထုပ်ကို ပိုပြီးကြိုက်ပါတယ်။ ဒီငါးပေါင်းထုပ်က ကချင်ငါးပေါင်းထုပ် ဟုတ် မဟုတ် မေးကြည့်ချင်ပေမဲ့ လူများလို့ အလုပ်ရှုပ်နေတဲ့ဆိုင်ရှင်ကို အားနာလို့ မမေးခဲ့ရပါဘူး။

            မန္တလေးကနေမပြန်ခင် မဖြစ်မနေစားရမှာကတော့ ခုတလော အရမ်းပေါ်ပြူလာဖြစ်နေတဲ့ အိမ်တော်ယာ ‘မလိုင်ပေါက်စီ’ပါ။ ဈေးချိုနာရီစင်ကနေ ဂေါဝိန်ဆိပ်ဆင်းတဲ့ လမ်းအတိုင်းသွားပြီး ဘယ်ဘက်အခြမ်း သင်္ကန်းတိုက်တွေရှိတဲ့ လမ်းထဲဝင်သွားရင် အိမ်တော်ယာဘုရား မြောက်မုဒ်ကိုရောက်မှာပါ။ ဘုရားမုဒ်ဦးရှေ့တည့်တည့် လမ်းထောင့်လေးမှာပဲ နာမည်ကျော် မလိုင်ပေါက်စီဆိုင်လေးကို တွေ့လိုက်ပါပြီ။ စားနေတဲ့သူတွေ၊ ပါဆယ်ထုပ်တဲ့ သူတွေနဲ့ စည်ကားနေပါတယ်။ ကျွန်တော်လည်း အိမ်အတွက် ၁ဝ ပွဲ ပါဆယ်မှာ လိုက်ပါတယ်။ ပါဆယ်ထုပ်စောင့်ရင်း တစ်ပွဲစားမယ်လို့ မှာလိုက်ပါတယ်။ ဗိုက်ပြည့်နေပေမဲ့ ဒီလောက်နာမည်ကြီးနေတော့ မအောင့်နိုင်လို့ တစ်ပွဲစားပစ် လိုက်တယ်။ စားနေရင်းဘေးက Food & Decor ပရိသတ်တစ်ယောက်က နှုတ်ဆက်လို့ စကားပြောဖြစ်တယ်။ နောက်မှာ စားနေတဲ့သူတွေလည်း ကျွန်တော့်ကို နှုတ်ဆက်ကြ ပါတယ်။ မလိုင်ပေါက်စီဆိုတာကတော့ မလိုင်၊ ထောပတ်၊ အုန်းသီးဖတ်၊ ဖရုံယို၊ သီဟိုဠ်စေ့၊ စပျစ်သီးခြောက်၊ သကြား၊ နို့စိမ်း အဆာမပါတဲ့ ပလိန်းပေါက်စီ ၁ လုံးကို ပန်းကန်ထဲထည့်ပြီး နွားနို့ပူပူ လေးလောင်းထည့်ပါတယ်။ ဘာနဲ့သွားပြီးဆင်လဲဆိုတော့ ကျွန်တော်တို့ငယ်ငယ်က သကြားပေါက်စီကို နွားနို့မလိုင်လောင်းထည့်ပြီး စားတဲ့အရသာနဲ့ တော်တော်ကြီးဆင်ပါတယ်။ တစ်ပွဲကို ၇ဝဝ ကျပ်ပါ ခင်ဗျာ။ ကျွန်တော်မှာထားတဲ့ ပါဆယ်အဆင်သင့်ဖြစ်လို့ ပိုက်ဆံရှင်းတဲ့အခါ ကျွန်တော်စားတဲ့ပွဲကို မယူလိုက်ပါ။ ကျေးဇူးတင်ပါတယ် အိမ်တော်ယာမလိုင်ပေါက်စီ။ ကျွန်တော့်ရဲ့ မန္တလေးခရီးစဉ်ကို မလိုင်ပေါက်စီနဲ့ အဆုံးသတ်လိုက်ပါတယ်။

F&T-7ကြက်သွန်ဖူးသုပ်

            ကြက်သွန်စိုက်ပျိုးတဲ့ မြစ်သားနဲ့ ကျောက်ဆည်ဒေသတွေမှာ သုပ်စားလေ့ရှိတဲ့ ရာသီစာတစ်မျိုးပါ။ မြူရွက် ပေါတဲ့ အချိန်ရောက်ပြီဆိုရင်လည်း မြူရွက်နဲ့ရောပြီး သုပ်လေ့ရှိပါတယ်။ ကြက်သွန်ဖူးသုပ်မှာ အချိုသုပ်နဲ့ အချဉ်သုပ် ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အချဉ်သုပ်မှာ သံပရာသီးကိုမသုံးဘဲ မန်ကျည်းမှည့်ရည်ကိုပဲ သုံးပါတယ်။ ကြက်သွန်ဖူးပေါ်ချိန်ရောက်တာနဲ့ အိမ်မှာသုပ်စားဖြစ်သလို မနက်ခင်းမှာ အိမ်ရှေ့ကြွလာတဲ့ ဘုန်းတော်ကြီးတွေကို လောင်းလှူပါတယ်။ ရိုးရှင်းတဲ့ ကြက်သွန်ဖူးသုပ်လေးမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်ရအောင်။

►   ပါဝင်ပစ္စည်းများ

♦   ကြက်သွန်ဖူး   –   ၅ဝ ဖူး

♦   မြေပဲလှော်   –   စားပွဲဇွန်း ၃ ဇွန်း (ကြေညက်အောင်ထောင်းပါ)

♦   ကြက်သွန်နီဥအသေး   –   ၃ လုံး (ပါးပါးလှီးထားပါ)

♦   ဆီ   –   စားပွဲဇွန်း ၄ ဇွန်း

♦   ဆား   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

►   ပြုလုပ်နည်း

၁။        ကြက်သွန်မြိတ်ကို လက်မအရွယ်ခန့်ဖြတ်ပြီး ရေနွေးပွက်ပွက်ဆူတွင် နူးအောင်ပြုတ်ပါ။ ရွာဓလေ့အရဆိုရင်တော့ အရမ်းနူးနေအောင်ပြုတ်ပါတယ်။ ပြီးရင် ဆယ်ယူပြီး အအေးခံထားပါတယ်။ ပြီးမှ လက်နဲ့ဆုပ်ပြီး အရည်ညှစ်ထုပ်ပါတယ်။ ကျွန်တော်ကတော့ ကြက်သွန်ဖူးကို နူးရုံသာ ပြုတ်ပါတယ်။ ပြီးရင် ဆယ်ယူပြီး ရေအေးမှာ ရေဇလုံထဲ ထည့်ပါတယ်။ ကိုင်လို့ရတဲ့ အနေအထားမှာ ဆယ်ယူပြီး လက်နဲ့ဖွဖွလေးဆုပ်ပြီး အရည်ညှစ်ပါတယ်။ ကြက်သွန်ဖူးပုံစံ မပျောက်အောင်ပါ။ ပြီးတာနဲ့ အသုပ်နယ်မဲ့ ဇလုံထဲ ထည့်ထားလိုက်ပါတယ်။

၂။        ပြီးတာနဲ့ ဆီချက် ချက်ရမှာဖြစ်ပါတယ်။ ဒယ်အိုးထဲဆီထည့် ဆူပူတာနဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန် နီထည့်ပြီး နီညိုရောင်သမ်းပြီး ကြွပ်နေအောင် ကြော်ပါ။ ပြီးရင် ကြက်သွန်ကြော်ကို ဆယ်ပြီးထားပါ။ ကျွန်တော်တို့ရွာမှာတော့ ကြက်သွန်နီခြောက်က အိမ်တိုင်းနီးပါးရှိတော့ ကြက်သွန်နီခြောက်နဲ့ပဲ ဆီချက် လုပ်ပါတယ်။

၃။        ပြီးရင် ကြက်သွန်ဖူးပြုတ်ဇလုံထဲကို မြေပဲတောင်းဆီချက်၊ ကြော်ထားတဲ့ ကြက်သွန်နီကြော်တစ်ဝက်နဲ့ ဆား ထည့်ပြီးနယ်ပါ။ ပြီးရင် ပန်းကန်ပြားထဲပြောင်းထည့်ပြီး ချန်ထားတဲ့ ကြက်သွန်နီကြော်တစ်ဝက်ကို ဖြူးပါ။

            (အချဉ်သုပ် သုပ်မယ်ဆိုရင်တော့ ကြက်သွန်ဖူးပြုတ်တဲ့အချိန်မှာ မန်ကျည်းမှည့်ရည်ထည့်ပြီး ပြုတ်ပါ)

♦   မြင့်ဦးသာ   ♦

Facebook Comments

Menu