သွေးတွင်း ပိုတက်စီယမ်များလျှင် မည်သို့ စားသောက်သင့်သလဲ

by ဒေါက်တာ ညီညီကျော် for Food Magazine

          လူ့ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်စဉ်အရ အသက်ရှင် နေထိုင်နိုင်ဖို့အတွက် အဓိက အခြေခံကျတဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေက အရေးပါသလို ဗီတာမင်နှင့် သတ္တုဓာတ်တွေကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ဗီတာမင်နှင့် သတ္တုဓာတ်တွေကို သက်စောင့် ဓာတ်လို့တောင် ခေါ်ဝေါ်ကြပါတယ်။

          ဒါပေမဲ့ သက်စောင့်ဓာတ်တွေဆိုတာကလည်း နည်းရင်လည်း အန္တရာယ်ရှိသလို ရှိသင့်တာထက် များသွားရင်လည်း ဒုက္ခရောက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်စီယမ်များလာရင် ဘာတွေရှောင်ရှားစားသင့်သလဲကို ဖော်ပြပေးချင်ပါတယ်။

          ပထမဦးဆုံး သိသင့်တာကတော့ ဘယ်အချိန်မှာ ပိုတက်စီယမ်များတတ်သလဲ ဆိုတာပါ။

၁။       ဆီးချိုရောဂါ၊ အထူးသဖြင့် ဆီးချိုထိန်းမရတဲ့သူတွေမှာ ပိုတက်စီယမ် တက်တတ်ပါတယ်။

၂။       ကျောက်ကပ်ရောဂါ။

၃။       ပိုတက်စီယမ်က ကျွန်တော်တို့ခန္ဓာကိုယ်ထဲရှိ ဆဲလ်အတွင်းမှာ ရှိနေတတ်တဲ့အတွက်  မီးလောင်တာ၊ မတော်တဆ တစ်ခုခုဖြစ်တာမျိုးတွေမှာဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ဆဲလ်အမြောက်အမြား ပျက်စီးသွားတဲ့အတွက် ဆဲလ်ထဲက ပိုတက်စီယမ်တွေက သွေးထဲရောက်လာပြီး သွေးတွင်း ပိုတက်စီယမ် တက်လာစေပါတယ်။

၎။       ရေဓာတ်ခန်းခြောက်ရင်လည်း ပိုတက်စီယမ် များ တတ်ပါတယ်။

၅။       တချို့သော သွေးတိုးကျဆေးများ။

၆။       အားဆေးများကို လိုအပ်တာထက်ပိုသောက်မိရင်လည်း ပိုတက်စီယမ် တက်တတ်ပါတယ်။

သွေးတွင်း ပိုတက်စီယမ်တွေများလျှင် မည်သို့ဖြစ်တတ်သနည်း။

၁။       ကြွက်သားတွေ မလှုပ်မရှားချင်တော့ဘဲ အားနည်းလာခြင်း။

၂။       ပျို့အန်ခြင်း။

၃။       နှလုံးခုန်နှုန်းမမှန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

သွေးတွင်း ပိုတက်စီယမ်ပမာဏက မည်မျှရှိရမည်နည်း။

ပုံမှန်  –  ၃.၅ – ၅

သတိထားသင့်  –  ၅.၁ – ၆

အန္တရာယ်ရှိ  –  ၆.၁ နှင့် အထက်

သွေးတွင်း ပိုတက်စီယမ်များလျှင် မည်သို့လုပ်ရမည်နည်း။

၁။       ပိုတက်ဆီယမ်များတဲ့ အစားအစာတွေကို အာပာာရပညာရှင်တွေနဲ့ ဆွေးနွေးပြီး လျှော့စားပါ။

၂။       အစားအစာအစုံကို သင့်တင့်အောင် သေချာတွက်ချက်ပြီး စားပေးပါ။

၃။       ဆီသွတ်ဘူး အသီးတွေ၊ ဆီသွတ်ဘူး အသီးဖျော်ရည်တွေ ရှောင်ပါ။

၎။       အစိမ်းရောင်အရွက် တော်တော်များများမှာ ပိုတက်စီယမ်များတဲ့အတွက် စားမယ်ဆိုရင် မချက်ပြုတ် ခင်မှာ ရေနွေးနှင့် ၁ မိနစ်စိမ်ပါ။ ပြီးရင် ရိုးရိုးရေ များများဖြင့် ၃-၄ ကြိမ် ပြန်ဆေးပါ။

၅။       အရွက်များကို လှီးဖြတ်တဲ့နေရာမှာလည်း ခပ်သေးသေး လှီးဖြတ်ပါ။ ဒါမှ ရေဆေးရင် ပိုတက်စီယမ်တွေ များများ ရေထဲပါသွားလို့အောင်ပါ။

          အစားအစာတိုင်းမှာ ပိုတက်စီယမ် ပါပါတယ်။ ဒါပေမဲ့ ပါတဲ့ပမာဏပေါ်ကြည့်ပြီး များများစားလို့ရတာနဲ့ နည်းနည်းလျှော့စားသင့်တာနဲ့ ရှောင်သင့်တာနဲ့ဆိုပြီး ခွဲခြားလို့ ရပါတယ်။

အစားအစာတစ်ခု၏ ပိုတက်ဆီယမ်

၁။       ၂၀ဝ မီလီဂရမ်ထက်များနေရင် ပိုတက်စီယမ်များတယ်လို့ ယူဆပါတယ်။ အဲဒီလို အစားအစာမျိုးဆိုရင် စားရင်လည်း ပမာဏကို သတိထားပြီး ထိန်းစားပေးရပါမယ်။ ဥပမာ- အာလူးဖုတ်တစ်လုံးဆိုရင် ပိုတက်စီယမ် ၉၀ဝ မီလီဂရမ်ကျော်တဲ့အတွက် ရှောင်သင့်ပေမယ့် ကြက်သား ၅ ကျပ်သားမှာ ပိုတက်စီယမ် ၂၀ဝ မီလီ ဂရမ်ပါတဲ့အတွက် မနက် ၅ ကျပ်သားနဲ့ ည ၅ ကျပ်သားလောက်ကို စားတာက အဆင်ပြေပါတယ်။

၂။       ၅၀ – ၂၀ဝ မီလီဂရမ်ကြားဆိုရင် အတော်အသင့်များတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို ပမာဏအများ ကြီး စားမိရင်တော့ သွေးတွင်း ပိုတက်စီယမ်တက် လာနိုင်ပါတယ်။

၃။       ၅၀ မီလီဂရမ်အောက်ဆိုရင်တော့ ပိုတက်စီယမ် နည်းတဲ့ အစားအစာလို့ ယူဆပါတယ်။

တစ်နေ့လျှင် ပိုတက်စီယမ် မည်မျှစား၍ရသနည်း။

၁။       ပုံမှန်လူကြီးတစ်ယောက်အတွက်ဆိုရင်  ၄၅၀ဝ – ၄၇၀ဝ မီလီဂရမ်အထိ စားလို့ရပါတယ်။

၂။       သွေးတွင်း ပိုတက်စီယမ်များနေတဲ့သူဆိုရင် တစ်နေ့ ကို ၁၅၀ဝ – ၂၀ဝ၀ မီလီဂရမ်လောက် ထိန်းစားပေးနိုင်ရင် လုံလောက်ပါတယ်။

          အခု ကျွန်တော်ရေးပေးထားတဲ့ ဇယားလေးကို ကြည့်ပြီး တတ်နိုင်သလောက် တွက်စားကြည့်ပါ။ အာပာရကျွမ်းကျင်ပညာရှင်နှင့် စနစ်တကျ ပြသပြီး တွက်ချက်စားတာက အကောင်းဆုံးပါ။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments