ဖော်မလင် (Formalin) ပါဝင်သော အစားအစာများ

by ဒေါက်တာလှကြည် for Food Magazine

          မြန်မာနိုင်ငံမှာ ချက်နို့ဆီတွေကို ကြာကြာအထားခံအောင် ဖော်မလင်တွေထည့်တယ်ဆိုပြီး စာနယ်ဇင်းတွေမှာ ဖတ်ရပါတယ်။ ဆေးကျောင်းတွေမှာ ကျောင်းသားတွေ ခွဲစိတ်လေ့လာဖို့ သိမ်းဆည်းထားတဲ့ လူသေအလောင်းတွေကို ဖော်မလင်ရည်ထဲမှာ စိမ်ထားရပါတယ်။ ရောဂါဖြစ်ထားတဲ့ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ နှလုံး စတဲ့ ကလီစာတွေကို ခွဲစိတ်ထုတ်ပြီး ဖော်မလင်ရည်ထဲမှာ စိမ်ထားတာတွေ ဆေးတက္ကသိုလ် ရောဂါဗေဒဌာန အစရှိတဲ့ ဌာနတွေမှာရှိပါတယ်။ ဒီလိုနေရာတွေမှာသုံးတဲ့ ဖော်မလင်ကို အစားအသောက်တွေ တာရှည်ခံအောင်ပြုလုပ်ဖို့ သုံးတယ် ဆိုတော့ လူတွေကြောက်ကြတာ မဆန်းပါဘူး။ ဖော်မလင်ပါတဲ့ ချက်နို့ဆီကို စားသုံးမိလျှင် ဘာရောဂါတွေဖြစ်မလဲ၊ ကင်ဆာတွေ ဖြစ်မှာလား စသဖြင့် ကြောက်ကြပါတယ်။ ဒါတွေနှင့် ဆက်စပ်ပြီး ဖော်မလင်ပါတဲ့ အစားအစာတွေအကြောင်း စာဖတ်သူတွေ ဗဟုသုတရစေဖို့ တင်ပြချင်တာပါ။

ဖော်မလင်နှင့် ဖော်မဲလ်ဒီဟိုက် (Formaldehyde)

          ဖော်မလင်အကြောင်းပြောလျှင် ဖော်မဲလ်ဒီဟိုက်ဆိုတဲ့ ဓာတ်ငွေ့ကို သိထားဖို့ လိုပါတယ်။ ဖော်မဲလ်ဒီဟိုက် ဓာတ်ငွေ့ဟာ ရေမှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ ဖော်မဲလ်ဒီဟိုက် ၃၇ % ပျော်ဝင်နေတဲ့အရည်ကို ဖော်မလင်လို့ ခေါ်ခြင်းဖြစ်ပါတယ်။ သယ်ဆောင်ရာမှာ ဖော်မဲလ်ဒီဟိုက်ဓာတ်ငွေ့ထက် ဖော်မလင်အရည်က ပိုပြီး လွယ်ကူတဲ့အတွက် ဖော်မလင်ကို လူသုံးပိုများခြင်း၊ လူသိပိုများခြင်း ဖြစ်ပါတယ်။ ဖော်မဲလ်ဒီဟိုက်က ဓာတ် ငွေ့၊ ဖော်မလင်က အရည်၊ တကယ်တော့ အတူတူပဲလို့ သိထားသင့်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်မဲလ်ဒီဟိုက်လို့ ပြောတာနှင့် ဖော်မလင်လို့ ပြောတာဟာ အတူတူပဲလို့ မှတ်ယူစေချင်ပါတယ်။

          ဖော်မဲလ်ဒီဟိုက် (သို့) ဖော်မလင်ဓာတ်ငွေ့ဟာ မိမိတို့ ပတ်ဝန်းကျင်လေထုထဲမှာ၊ မိမိတို့ နေ့စဉ်စားသုံးနေတဲ့ သဘာဝ အစားအသောက်တွေထဲမှာ အနည်းအကျဉ်း ပါနေပါတယ်။ ဖော်မလင်ကို အစားအသောက်တွေထဲမှာ တမင်ထည့်တာမျိုးတော့ မလုပ်ရဘူးလို့ နိုင်ငံအများအပြားမှာ တားမြစ်ထားပါတယ်။ ဒီအကြောင်းတွေကို တင်ပြမှာ ဖြစ်ပါတယ်။

မိမိတို့ပတ်ဝန်းကျင်တွင်  ရှိနေသည့်  ဖော်မဲလ်ဒီဟိုက်

          ထင်း၊ မီးသွေးတွေ မီးလောင်လို့ ထွက်လာတဲ့ မီးခိုးထဲမှာ၊ ဆေးလိပ်မီးခိုးထဲမှာ ဖော်မဲလ်ဒီဟိုက် ဓာတ်ငွေ့တွေ ပါဝင်ပါတယ်။ ဒါကြောင့် သာမန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့တစ်နေ့ မိမိနေအိမ်ထဲမှာ ရှူနေရတဲ့လေ (Indoor Air) ကနေ ဖော်မဲလ်ဒီဟိုက် ဓာတ်တွေ့တွေကို အများဆုံး ရှူနေရပါတယ်။ တောမီး လောင်တဲ့အခါ ထွက်လာတဲ့ မီးခိုးတွေထဲမှာ ဖော်မဲလ် ဒီဟိုက်ဓာတ်ငွေ့ အများအပြား ပါဝင်ပါတယ်။ အမှိုက်ပုံကို မီးလောင်လို့ ထွက်လာတဲ့ မီးခိုးတွေထဲမှာလည်း ဖော်မဲလ် ဒီဟိုက်ဓာတ်ငွေ့တွေ ပါနေပါတယ်။

          နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ သဘာဝအလျောက် ဖော်မဲလ်ဒီဟိုက် အနည်းအကျဉ်း ပါနေပါတယ်။ အပင်ထွက် အစားအစာတွေထဲမှာ မှို ခြောက်ဟာ ဖော်မဲလ်ဒီဟိုက် အများဆုံးပါဝင်တဲ့ သဘာဝ အစားအစာဖြစ်ပါတယ်။ သစ်တော်သီး၊ ပန်းသီး စတဲ့ အသီးတွေ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီပွင့်(ဖြူ)၊ အာလူးစတဲ့ ဟင်းသီးတွေဟာ ဖော်မဲလ်ဒီဟိုက်ပါတဲ့ အစားအစာမျိုးတွေ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဇယားနှင့် ဖော်ပြထား ပါတယ်။

          ဝက်သား၊ ဝက်အူချောင်းစတဲ့ တိရစ္ဆာန်ထွက် အစားအစာတွေမှာလည်း ဖော်မဲလ်ဒီဟိုက် အနည်းအကျဉ်းစီ ပါပါတယ်။ နွားနို့၊ ဆိတ်နို့ စတဲ့ တိရစ္ဆာန်နို့တွေမှာလည်း သဘာဝအတိုင်း ပါနေတယ်ဆိုပေမယ့် ပမာဏအားဖြင့် အလွန်နည်းပါတယ်။ နွားနို့ ၁ ကီလိုဂရမ်မှာ ဖော်မဲလ်ဒီဟိုက် ၃ မီလီဂရမ်လောက် ပါတာမျိုး ဖြစ်ပါတယ်။ နွားနို့ ၁ ကီလိုဂရမ်မှာ ဖော်မဲလ်ဒီဟိုက် ၃ မီလီဂရမ် ပါတယ်ဆိုတာ နွားနို့အလေးချိန် အဆတစ်သန်းမှာ ဖော်မဲလ်ဒီဟိုက် ၃ ဆသာပါတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဖော်မဲလ်ဒီဟိုက် ၃ ဆဟာ နွားနို့ အဆတစ်သန်းနဲ့ ယှဉ်လိုက်လျှင် အလွန်နည်းပါတယ်။

          အစားအစာအမျိုးမျိုးမှာ ဖော်မဲလ်ဒီဟိုက် ပါဝင်နေမှု အခြေအနေကို အများမှ အနည်းသို့ အစဉ်လိုက် အောက်မှာ ဇယားနှင့် ဖော်ပြထားပါတယ်။

ဖော်မဲလ်ဒီဟိုက်၏   အသုံးဝင်ပုံ

          ဖော်မဲလ်ဒီဟိုက်ကို ပလတ်စတစ်ကော်စေ့တွေ ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ ဓာတ်မြေဩဇာ၊ တာရှည်ခံပစ္စည်းတွေ (Preservatives)၊ ပိုးသတ်ဆေး (Disinfective)၊ အလှကုန် (Cosmetics)၊ မှိုသတ်ဆေး (Fungicides) နှင့် ချည်မျှင်နှင့် အထည်လုပ်ငန်းတွေမှာ သုံးပါတယ်။ လူသေအလောင်းတွေ၊ ခွဲစိတ်ဖြတ်တောက် ထုတ်ထားတဲ့ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်စတဲ့ ကလီစာတွေကို မပျက်စီးအောင် ဖော်မလင်ရည်ထဲမှာ စိမ်တယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ အဲဒီအာနိသင်ကို အသုံးချပြီး အစားအသောက်အဖြစ် သုံးဆောင်မယ့် ပစ္စည်းတွေကို မပုပ်သိုးမပျက်စီးအောင်၊ တာရှည်ခံအောင် ဖော်မလင်သုံးတာတွေကို တွေ့လာရခြင်းဖြစ်ပါတယ်။ အစားအသောက်ထဲကို ဖော်မလင် တမင်ထည့်တာမျိုးကို နိုင်ငံ အများအပြားမှာ ခွင့်မပြုပါဘူး။ ဒါပေမဲ့ ကျူးလွန်ဖောက်ဖျက်နေသူတွေ ရှိပါတယ်။

          ဟောင်ကောင်မှာ လူတွေစားသုံးတဲ့ Noodle Fish ဆိုတဲ့ ငါးလေးတွေရှိပါတယ်။ ခေါက်ဆွဲငါးလို့ ဘာသာပြန်ရလိမ့်မယ်လို့ ထင်ပါတယ်။ ပုံသဏ္ဌာန်က မုန့်တီအဖတ်၊ မုန့်လက်ဆောင်းဖတ်နှင့် ပိုပြီး တူပါတယ်။ အဲဒီ ငါးကလေးတွေမှာ သဘာဝအားဖြင့် ဖော်မဲလ်ဒီဟိုက် မပါပါဘူး။ ဒါပေမဲ့ ဟောင်ကောင်ဈေးတွေမှာ ရောင်းချနေတဲ့ Noodle Fish လေးတွေမှာ ဖော်မလင်ဓာတ်ပါနေတာဟာ ငါးဖမ်းသူတွေ၊ ငါးရောင်းသူတွေက ငါးတွေ မပုပ်မသိုးအောင် တမင်ထည့်ထားတာလို့ ယူဆရပါတယ်။ ဖော်မလင်ထည့်ထားတဲ့ ငါးတွေဟာ သဘာဝထက်ပိုပြီး တောင့်တင်းနေတတ်ပါတယ်။ ဖော်မလင်က ငါးတွေရဲ့ ကြွက်သားတွေကို တောင့်တင်းနေအောင် လုပ်ထားလို့ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ အဲဒီလို ထည့်ခွင့်မရှိပါဘူး။ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ပြီး ထည့်နေတာလို့ ယူဆရပါတယ်။ မြန်မာနိုင်ငံမှာလည်း နို့ဆီထဲကို ဖော်မလင် ထည့်တာဟာ စည်းကမ်းဖောက်ဖျက်တာပါပဲ။

ခန္ဓာကိုယ်ထဲ ဖော်မလင်များ အများအပြားဝင်လာလျှင်

          အချို့သောအဆိပ်တွေဟာ ဓာတ်ငွေ့အသွင်ဆောင်တာမို့ လူ့ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်းကနေ ဝင်ပါတယ်။ အရည်အသွင်၊ အစိုင်အခဲအသွင်ဆောင်တဲ့ အဆိပ်တွေကတော့ လူ့ခန္ဓာကိုယ်ထဲကို ပါးစပ်နှင့် အစာလမ်းကြောင်းကနေ ဝင်ပါတယ်။ ဖော်မလင်ဟာ အရည်အဖြစ်လည်းရှိပြီး ဖော်မဲလ်ဒီဟိုက်ဆိုတဲ့ ဓာတ်ငွေ့အဖြစ်လည်း ရှိတယ်ဆိုတော့ လူ့ခန္ဓာကိုယ်ထဲကို နှာခေါင်း၊ ပါးစပ်၊ အရေပြားစတဲ့ လမ်းကြောင်းအမျိုးမျိုးကနေ ဝင်နိုင်ပါတယ်။

          ဖော်မဲလ်ဒီဟိုက် အငွေ့ကို ရှူမိလျှင် နှာခေါင်း၊ လည်ချောင်း၊ အသက်ရှူလေပြွန်များနှင့် အဆုတ်ကို ဒုက္ခပေးနိုင်ပါတယ်။ အသက်ရှူလေပြွန်များရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့ကြောင့် ရင်ကျပ်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ မောခြင်းဆိုတဲ့ ဝေဒနာများ ခံစားရနိုင်ပါတယ်။ ဖော်မဲလ်ဒီဟိုက်ကြောင့် အဆုတ်လေပြွန်များ ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့က ဓာတ်ငွေ့ရဲ့ သတ္တိသက်သက်ကြောင့် ဖြစ်ပါတယ်။ အချို့သော အဆိပ်ငွေ့များကို ရှူမိတဲ့အခါ အတူတွဲပြီး ဝင်လာနိုင်တဲ့ ဘက်တီးရီးယား စတာတွေ (Second Infection) ကြောင့် အဆုတ်ရောင်တာမျိုးလည်းရှိလို့ ရှင်းအောင်ပြောပြတာပါ။

          ဖော်မလင်ကို ပါးစပ်က စားမိ၊ မျိုမိလျှင် အစာအိမ်၊ အူသိမ် စသဖြင့် အစာလမ်းကြောင်းတစ်လျှောက် ဒုက္ခပေးနိုင်ပါတယ်။ အစာအိမ်ရောင်ခြင်း (Gastritis) အပြင် အူသိမ်ရဲ့ အစပိုင်းဖြစ်တဲ့ Duodenum နှင့် Jejunum တို့လည်း ရောင်ရမ်းလာနိုင်ပါတယ်။ အစာအိမ်ရောင်ခြင်း၊ အူရောင်ခြင်းတို့ကြောင့် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း စတဲ့ ဝေဒနာများ ခံစားရနိုင်ပါတယ်။

          အရေပြားကနေ ဝင်လျှင်လည်း အရေပြားကို ဒုက္ခပေးနိုင်ပါတယ်။ အရေပြားရောင်ရမ်းပြီး အရည်တရွှဲရွှဲ ထွက်နိုင်ပါတယ်။ ဖော်မလင်ဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေစဉ် အသည်း စတဲ့ ကလီစာတွေကို ဒုက္ဓပေးသလို ဆီးထဲကနေ ခန္ဓာကိုယ်ရဲ့ အပြင်ကို ပြန်ထွက်တော့လည်း ကျောက်ကပ်တွေကို ဒုက္ခပေးပါတယ်။

          ဖော်မလင်ကြောင့် အသည်းနဲ့ ကျောက်ကပ်တို့ ပျက်စီးပြီး သတိလစ်မေ့မြောသွားရာက အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

          ဒီတော့ အစားအစာထဲမှာ ဖော်မလင်ထည့်ထား မှန်းမသိလို့ စားမိသူတွေလည်း ဒုက္ခရောက်ပါတယ်။ အစားအသောက်ထဲကို ဖော်မလင်ထည့်သူတွေဟာ သူတို့ကိုယ်တိုင်ကျတော့ ဖော်မလင်ပါမှန်းသိလို့ အဲဒီ အစားအစာတွေကို စားချင်မှစားပါလိမ့်မယ်။ ဖော်မလင် ထည့်ထားမှန်းသိလို့ မစားဘဲ နေပေမယ့် သူတို့ဟာ ဖော်မလင်ရည်ကို အမြဲကိုင်တွယ်ထိတွေ့နေရခြင်း၊ ဖော်မဲလ်ဒီဟိုက်အငွေ့ကို ရှူနေရခြင်းတို့ကြောင့် ပိုပြီး တော့ အန္တရာယ်များပါတယ်။ ဖော်မလင်ကြောင့် လည်ချောင်းမှာ ကင်ဆာဖြစ်နိုင်ပါတယ်။ လည်ချောင်းကို နှာခေါင်းရဲ့နောက်ဘက်မှာရှိတဲ့ အပေါ်ပိုင်း လည်ချောင်း (Nasopharynx) နှင့် ပါးစပ်ရဲ့ နောက်ဘက်မှာရှိတဲ့ အောက်ပိုင်းလည်ချောင်း  (Oropharynx) ဆိုပြီး နှစ်ပိုင်း ခွဲကြည့်မယ်ဆိုရင် ဖော်မလင်ကြောင့်ဖြစ်တဲ့ ကင်ဆာဟာ နှာခေါင်းနောက်ဘက်၊ အပေါ်ပိုင်းလည်ချောင်း (Nasopharynx) မှာ အဖြစ်များပါတယ်။ ဆိုလိုတာက နှာခေါင်းကနေ ရှူမိတဲ့ ဖော်မဲလ်ဒီဟိုက်အငွေ့က ပိုဆိုးတယ်လို့ ပြောချင်ပါတယ်။ ဖော်မလင်ကို ကိုင်တွယ်ပြီး အစားအသောက်တွေထဲ ထည့်နေသူတွေလည်း ဒုက္ခရောက်နိုင်ပါတယ်။

လက်တွေ့စမ်းသပ်တွေ့ရှိချက်များ

          ဖော်မလင်ကို ဝမ်းဗိုက်ထဲ တမင်ထိုးသွင်းလိုက်လျှင် ဝမ်းဗိုက်ကို လွှမ်းနေတဲ့ အမြှေး (Peritoneum) ရောင်ပြီး သွေးထွက်ခြင်း၊ အရွတ်ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အသည်း၊ ပဲန်ခရိယက်စ်၊ သားအိမ်ပြွန်၊ အဆီပြင်တွေ အပါအဝင် ဝမ်းဗိုက်မြှေးနှင့် ဖုံးလွှမ်းထားတဲ့ အင်္ဂါတွေ အားလုံး ရောင်ရမ်းပျက်စီးသွားနိုင်ပါတယ်။ ရေအဆ ၁၀ဝ၀ ရောထားတဲ့ ဖော်မလင်ရည်ကို ပူးကလေးတစ်ကောင်ရဲ့ ကိုယ်အလေးချိန် ၁၀ဝ ဂရမ်အတွက် ၂ မီလီလီတာနှုန်းနှင့် တွက်ပြီး ထိုးထည့်လိုက်ရုံနှင့် ပူးကလေးဟာ သေဆုံးသွားနိုင်ပါတယ်။ ဖော်မလင်ရည်ကို အဆုတ်ထဲ ထိုးထည့်လိုက်လျှင် အဆုတ်လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဖော်မလင်အရည်ကို အရေပြားအောက်ကို ထိုးသွင်းလိုက်လျှင်  အရေပြားမှာ  အရည်တရွှဲရွှဲ ထွက်နေမှာ ဖြစ်ပါတယ်။ ဖော်မလင်အရည်ကို ကြွက်သားထဲ ထိုးသွင်းလိုက်လျှင် ကြွက်သားဟာ ရောင်ရမ်းလာပါတယ်။ ဖော်မလင် အရည်နှင့် မျက်စဉ်းခတ်လိုက်လျှင် ဒါမှမဟုတ် မျက်စိထဲ ဖော်မလင်ရည် မတော်တဆ ဝင်သွားလျှင် သူငယ်အိမ် ပတ်ပတ်လည်က အိုင်းရစ်(စ်) (Iris) ဆိုတဲ့ မျက်သားရောင်လာပြီး မျက်စိပျက်သွားနိုင်ပါတယ်။

          လူတစ်ယောက်ရဲ့ ပါးစပ်ကနေ ဝင်နေတဲ့ ဖော်မဲလ်ဒီဟိုက်ရဲ့ ပမာဏဟာ တစ်ရက်မှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ဝ.၂ မီလီဂရမ်ထက် နည်းလျှင် ဥပဒ်ကင်းပါတယ်လို့ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (Environmental Protection Agency) က သတ်မှတ်ထားပါတယ်။ ဥပမာ – ကိုယ် အလေးချိန် ၆၀ ကီလိုဂရမ် (၁၃၂ ပေါင်) ရှိတဲ့သူ တစ်ယောက်ရဲ့ ပါးစပ်ကနေ တစ်ရက်ကို ဖော်မဲလ်ဒီဟိုက် ၆၀_ဝ.၂ = ၁၂ မီလီဂရမ်ထက် ပိုပြီး မဝင်သင့်ဘူးလို့ ဆိုလိုပါတယ်။

ဖော်မလင်နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ

          အခြားနိုင်ငံများမှာ Noodle Fish ဆိုတဲ့ ငါးကို ဖော်မလင်များ ထည့်ထားတတ်တဲ့အပြင် ပဲပုပ်ချောင်း (Soya Stick) (ကုလားပဲချောင်းလိုမျိုး)၊ ပဲကြာဆံ စတဲ့ အစားအစာတွေမှာလည်း ဖော်မလင် ထည့်ကြပါတယ်။ ကြက်ခြေထောက်ရောင်းသူတွေထဲမှာလည်း ဖော်မလင် သုံးကြတယ်လို့ ဆိုပါတယ်။

          ဒါကြောင့် ငါးရဲ့အနံ့သာရှိပြီး အခြားအနံ့မရှိတဲ့ ငါးမျိုးကိုသာ လတ်လတ်ဆတ်ဆတ် ဝယ်စားကြဖို့ ဟောင်ကောင်ပြည်သူတွေကို အစိုးရက အကြံပြုထားပါတယ်။ ဖော်မလင်မှာ ထူးခြားတဲ့အနံ့ ရှိပါတယ်။ မာတောင့်တောင့်ဖြစ်နေတဲ့ ငါးမျိုးကို မဝယ်ကြဖို့ အကြံပေးထားပါတယ်။ ငါးကို မချက်မီ သေသေချာချာ ရေနှင့်ဆေးဖို့လည်း အကြံပေးထားပါတယ်။ ဖော်မလင်ဟာ ရေမှာ အလွယ်တကူ ပျော်ဝင်တဲ့အတွက် အစာကို ရေနှင့် ဆေးလိုက်လျှင် ဖော်မလင် အတော်များများဟာ ရေထဲ ပါသွားနိုင်ပါတယ်။

          အစားအသောက်ရောင်းချသူတွေကို တားမြစ်ထားတာက ဖော်မလင်ကို အစားအသောက်တွေထဲ လုံးဝမထည့်ဖို့ ဖြစ်ပါတယ်။ အခြားအန္တရာယ်ကင်းတဲ့နည်းတွေနဲ့ အစားအသောက်တွေကို တာရှည်ခံအောင် လုပ်ဖို့ အကြံပြုပါတယ်။ ဟောင်ကောင်မှာ အစားအသောက်ထဲကို ဖော်မလင်ထည့်ထားတာ စစ်ဆေးတွေ့ ရှိလျှင် ဒဏ်ငွေအဖြစ် ဟောင်ကောင်ဒေါ်လာ ငါးသောင်း ပေးရမည့်အပြင် ထောင်ဒဏ် ၆ လအထိ ကျခံရနိုင်ပါတယ်။ သဘာဝအတိုင်း ဖော်မဲလ်ဒီဟိုက်ပါနေတဲ့ အစားအစာတွေအတွက် နိုင်ငံတကာ ကန့်သတ်ချက် မရှိပါဘူး။

Facebook Comments