ဒေသရိုးရာ တိုင်းရင်းသားအစားအစာ

by စံလွင် (ငါးဦးစီး) for Food Magazine

          လင်ကောင်ရွက်ဆိုတာက ထားဝယ်ဒေသမှာသာ ပေါက်ရောက်တဲ့ ရိုးရာဟင်းရွက်တစ်မျိုးပါ။ တချို့ကတော့ တညင်ရွက်လို့လည်း ခေါ်ပါတယ်။ ထားဝယ်မုန့်ဟင်းခါးဆိုရင် လင်ကောင်ရွက်ထည့်ချက်ပါမှ ထားဝယ်မုန့်ဟင်းခါးစစ်တယ်လို့ ဆိုကြပါတယ်။ လင်ကောင်ရွက်ကို အများအားဖြင့် ဟင်းချိုချက်သောက်ကြပါတယ်။ လင်ကောင်ရွက်ဟာ ထူးထူးခြားခြားဟင်းကိုချိုစေတဲ့ သတ္တိရှိလို့ စားဖူးသူတိုင်း လျှာလည်ပြီး နှစ်ခြိုက်လို့ တကူးတက မှာယူစားကြပါတယ်။

စံလွင် (ငါးဦးစီး)

လင်ကောင်ရွက် ရှပ်ကြော်ချက် ထားဝယ်ဟင်း

ပါဝင်သောပစ္စည်းများ

လင်ကောင်ရွက်  –  ၃ စည်း

သန့်စင်ပြီး ရှပ်  –  ၁၀ ကျပ်သား

ဆီ  –  ၅ မတ်သား

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၁ လုံး

မျှင်ငါးပိ၊ နနွင်းမှုန့်  –  သင့်တော်ရုံ

ချက်ပြုတ်နည်း

၁။       လင်ကောင်ရွက်များကို သင်ပြီး  အရွက်ရင့်များကို ဖယ်ပါ။ ရေစင်အောင်ဆေး၍ မထူမပါးလေး လှီးပြီး ရေစစ်ထားပါ။

၂။       သန့်စင်ပြီး ရှပ်များကို ရေစင်အောင် ဆေးပါ။ မျှင်ငါးပိသင့်ရုံထည့်နယ်ပြီး နှပ်ထားပါ။ ပင်လယ်စာများက အငန်ဓာတ်ရှိပြီးဖြစ်လို့ အငန်စူးမသွားစေရန် သတိထားရပါမယ်။

၃။       ဆီအိုးကိုတည်ပြီး ဆီသေပါက နနွင်းမှုန့်ဖြူးကာ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူများ ထည့်ပါ။ ကြက်သွန်ဖြူအနံ့မွှေးလာလျှင် နှပ်ထားသောရှပ်များကို လောင်းထည့်ပြီး ဆီပြန်လာအောင် ချက်ပါ။ ရှပ်များနူးစေရန် ရေ အနည်းငယ် ထည့်ရပါမယ်။

၎။       ဆီဆူသံပေးလာပါက ရေစစ်ထားသော လင်ကောင်ရွက်များထည့်၍ ကြက်သွန်နီ တစ်လုံး ကြမ်းကြမ်းလှီးထည့်ပြီး အထက်အောက်နှံ့အောင်မွှေပေးပါ။ လင်ကောင်ရွက်က နူးညံ့တဲ့ဟင်းရွက်ဖြစ်လို့ အကျက်မြန်ပါတယ်။ ပင်လယ်စာ ရှပ်နဲ့ လင်ကောင်ရွက်တို့ တွဲဖက်ချက်ထားတဲ့ ဟင်းလျာရဲ့  အရသာထူးကို ခံတွင်းတွေ့ကြမှာပါ။


ဖောင်စီးကဏန်း ကန်စွန်းရွက်လယ်တောချက်

ဖောင်စီးကဏန်းလေးတွေကို မြစ်နား၊ ချောင်းနားနီးတဲ့ ကျေးလက်ဒေသတွေမှာ အခါရာသီကိုလိုက်ပြီး တွေ့ရလေ့ရှိပါတယ်။ ယခုလို မိုးဖြိုင်ဖြိုင်ရွာတဲ့လတွေမှာ အထက် အညာအရပ်ကနေ မြစ်ကြောင်းအတိုင်း သင်ဖြူးဖျာ ၃-၄ ချပ်စာလောက် အုပ်လိုက်ကြီး ဖောင်မျှောချလိုက်သလို မျောလာလေ့ရှိပါတယ်။ အဲဒါတွေကို လှေတွေနဲ့ ဆယ်ယူကြပြီး အထားခံအောင် အိုးတွေနဲ့လှော်ကာ ဟင်းခတ်အဖြစ်သော်လည်းကောင်း၊ သရေစာ အဖြစ်သော်လည်းကောင်း တစ်ပတ်၊ ၁၀ ရက်ထားပြီး စားကြပါတယ်။

ပါဝင်သောပစ္စည်းများ

လယ်ကန်စွန်းအရိုးနီ  –  ၃ စည်း

ဖောင်စီးကဏန်းလှော်  –  နို့ဆီဘူး ၂ ဘူး

ဆီ  –  ၅ မတ်သား

ငရုတ်သီးခြောက်  –  ၃ တောင့်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၁ လုံး

နနွင်းမှုန့်၊ ဆား၊ ငံပြာရည်၊ မန်ကျည်းသီး  –  သင့်တော်ရုံ

ချက်ပြုတ်နည်း

၁။       ဈေးက ဝယ်လာတဲ့ ဖောင်စီးကဏန်းလှော်ကို ရင်ဘတ်က အဖတ်ကိုခွာ၊ အတက် အလက်လေးတွေဖြုတ်၊ ရေပြန်ဆေးပြီး ဒယ်အိုးပူပူမှာ ဆီနည်းနည်းနဲ့ ဆားဖြူး၍ ပြန်လှော်ပါ။ ပုစွန်ဆီနံ့ကလေးသင်းပြီး ကြွပ်လာမှ ဒယ်အိုးပေါ်ချပါ။

၂။       လယ်ကန်စွန်းအရိုးနီလေးတွေကို အရင့်တွေဖယ်ပြီး အနေတော်လေး သင်ပါ။ ပြီးလျှင် မန်ကျည်းမှည့်ကို ရေဆေးပြီး ရေစိမ်ထားပါ။

၃။       ချက်မည့်အိုးထဲ သင်ထားသောကန်စွန်း၊ ငရုတ်၊ ကြက်သွန်ဖြူ/နီ ထောင်းပြီးသား အရောနဲ့ ဆား၊ ငံပြာရည်၊ နနွင်းဖြူးပြီး လုံးချက်ပါမယ်။ အိုးဆူလာက နှံ့အောင်မွှေ၍ ဖောင်စီးကဏန်းလှော် လက်တစ်ဆုပ်ကို လေးစိတ်ကွဲလေးထောင်းပြီး ဟင်းခတ် ထည့်ပါ။ ပြီးလျှင် မန်ကျည်းရည်လောင်းပြီး ရေအနေတော်နဲ့ ဆူအောင် တည်ပါ။

၎။       ဟင်းအိုးအငွေ့လှိုင်ပြီး ပွက်ပွက်ဆူလာပါက အပေါ့အငန်မြည်းပြီး အချဉ်ပြေပြေ အရသာပေါ်အောင် ချက်ပါ။ ကန်စွန်းရွက်လယ်တောချက်၊ ငရုတ်သီးဆားထောင်းနဲ့ ဖောင်စီးကဏန်းလှော်တစ်ခွက်ဟာ လယ်တောကို ပြန်လည်အမှတ်ရစေတဲ့ ထမင်းဝိုင်းလေးပါ။

Facebook Comments