ထောပတ်သီး (Avocado)

Dr_1

         မြန်မာတွေက ‘ထောပတ်သီး’ လို့ခေါ်တဲ့ သစ်သီးကို အိန္ဒိယနိုင်ငံ နေရာအများအပြားမှာ “Butter Fruit” လို့ ခေါ်ကြပါတယ်။ ထောပတ်သီးလို့ပဲ အဓိပ္ပာယ်ရပါတယ်။ ဗီယက်နမ်တွေက ထောပတ်သီးကို “bo”လို့ခေါ်ပြီး ထောပတ်ကိုလည်း “bo” လို့ပဲ ရေးတာမို့ ထောပတ်သီးလို့ပဲ အဓိပ္ပာယ်ရပါတယ်။ ထောပတ်သီးရဲ့ အသား (အနှစ်)ဟာ နို့က ချက်လုပ်တဲ့ ထောပတ်နဲ့တူလို့ ပေးကြတဲ့အမည် ဖြစ်ပုံရပါတယ်။ ထိုင်ဝမ်မှာတော့ (“Cheese pear”) လို့ လူသိများပါသတဲ့။ ဒိန်ခဲသစ်တော်လို့ ဘာသာပြန်ရမယ် ထင်ပါတယ်။

          ထောပတ်သီးကို အင်္ဂလိပ်လို Avocado လို့ ခေါ်ပါတယ်။ စပိန်ဘာသာစကား Aguacate ကနေ ဆင်းသက်လာတာလို့ သိရပါတယ်။ Aguacate ဆိုတာကလည်း မက်စီကိုနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသခံ လူမျိုးစုတွေရဲ့ Nahuatl ဘာသာစကားဖြစ်တဲ့ Ahuacatl ကနေ အရင်းခံတာလို့ ဆိုပြန်ပါတယ်။ ဒီ Ahuacatl ဆိုတဲ့ စကားလုံးကို ဝှေးစေ့ (Testicle) ဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း သုံးနိုင်ပါသတဲ့။ ထောပတ်သီးဟာ ပုံသဏ္ဌာန်အားဖြင့် ဝှေးစေ့နဲ့တူလို့ ဒေသခံလူမျိုးတွေက ဒီနာမည်ကို ပေးခဲ့တာလို့ ယူဆရပါတယ်။

          ထောပတ်သီးကို Avocado Pear ထောပတ်သစ်တော်လို့ ခေါ်သူတွေရှိသလို Alligator Pear မိချောင်းသစ်တော်လို့ ခေါ်သူတွေလည်း ရှိပါတယ်။ အချို့ထောပတ်သီး အမျိုးအစားတွေဟာ သစ်တော်သီးနဲ့ ပုံသဏ္ဌာန်တူလို့ Avocado Pear လို့ ခေါ်ကြတာဖြစ်သလို အချို့ထောပတ် သီးအမျိုးအစားတွေရဲ့ ကြမ်းတမ်းတဲ့ အရေခွံဟာ မိချောင်းအရေခွံနဲ့တူလို့ Alligator Pear မိချောင်းသစ်တော်လို့ ခေါ်တာဖြစ်ပါတယ်။

          ထောပတ်သီးအပင်ဟာ မက်စီကိုနှင့် ဗဟိုအမေရိက (Central America) ဇာတိဖြစ်ပါတယ်။ ခုခါမှာတော့ စီးပွားရေးအရ အလွန်အကျိုးဖြစ်ထွန်းတဲ့ သစ်သီးမျိုးဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်း အပူပိုင်းနှင့် မြေထဲပင်လယ် ရာသီဥတုရှိတဲ့ ဒေသအများအပြားမှာ စိုက်ပျိုးတဲ့ သစ်သီးဖြစ်နေပါပြီ။ မက်စီကိုနိုင်ငံ Puebla ဒေသမှာ ထောပတ်သီးနှင့် ပတ်သက်ပြီး တွေ့ထားတဲ့ ရှေးအကျဆုံး အထောက်အထားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်က ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

          ထောပတ်သီးဟာ သစ်တော်သီးပုံ၊ ဘဲဥပုံ၊ လုံးဝိုင်းတဲ့ ပုံသဏ္ဌာန်စသဖြင့် အမျိုးမျိုးရှိပြီး အသားထူပါတယ်။ မူလ ထောပတ်သီးတွေဟာ ရှည်မျောမျောဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ လုံးဝိုင်းဝိုင်းသဏ္ဌာန် အမျိုးအစားတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ထောပတ်သီး ကျောက်ဖြစ်ရုပ်ကြွင်း သက်သေခံပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း အမြောက်အများ တွေ့ထားပါတယ်။

          ဥရောပတိုက်မှာ ထောပတ်သီးအကြောင်း ရေးသားချက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝ ခန့် (၁၅၁၉ ခုနှစ်) မှာ စတင်ပြီး တွေ့ရပါတယ်။ Avocado ဆိုတဲ့ အင်္ဂလိပ်စကားလုံးကိုတော့ ၁၆၉၆ ခုနှစ်မှာ ထုတ်တဲ့ Hans Sloance ရဲ့ ဂျမေကန် အပင်များအညွှန်း (Index of Jamaican Plants) စာအုပ်မှာ စတင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထောပတ်သီးပင်ဟာ ၁၇၅ဝ ပြည့်နှစ်မှာ အင်ဒိုနီးရှား၊ ၁၈ဝ၉ ခုနှစ်မှာ ဘရာဇီးနှင့် တောင်အာဖရိကကို ပျံ့နှံ့ခဲ့ပြီး သြစတြေးလျကိုတော့ ၁၈ဝဝ ပြည့်နှစ်တွေရဲ့ နောက်ပိုင်းကာလတွေမှာ ရောက်လာခဲ့ပါတယ်။

ထောပတ်သီး၏ အာဟာရ

          ကျန်းမာရေးဦးစီးဌာန အာဟာရဌာနကထုတ်တဲ့ မြန်မာ့အစားအစာများ၏ အာဟာရများ စာစောင်မှာပါတဲ့ ထောပတ်သီးရဲ့ အာဟာရဓာတ်တွေကို မာလကာသီး၊ လိမ္မော်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ငှက်ပျောသီး၊ ဒူးရင်းသီးစတဲ့ မြန်မာတွေ အများဆုံးစားတတ်တဲ့ အသီးတွေရဲ့ အာဟာရဓာတ် ပါဝင်မှုနှင့် နှိုင်းယှဉ်ပြီး၊ အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။ နိုင်ငံခြားစာစောင်တစ်ခုက ယူထားတဲ့ ထောပတ်သီးရဲ့ အာဟာရဓာတ်တွေကိုလည်း ဖော်ပြထားပါတယ်။ ထောပတ်သီး ၁ဝဝ ဂရမ်မှာပါတဲ့ အဆီဓာတ်ပမာဏဟာ အမျိုးအစားအလိုက် ၃ဝ ဂရမ်ထိပင် များနိုင်တယ်လို့ သိရပါတယ်။

          သစ်သီးအများစုဟာ ကာဗိုဟိုက်ဒရိတ် အတန်အသင့်နှင့် ဗီတာမင်၊ သတ္တု အာဟာရတွေသာ များပါတယ်။ ပရိုတင်းနှင့် အဆီက မပါသလောက် နည်းပါတယ်။ ထောပတ်သီးမှာတော့ ထူးထူးခြားခြား အဆီကြွယ်ဝပါတယ်။ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုမှာ ငှက်ပျောသီး၊ သရက်သီး၊ မာလကာသီးနှင့် ပိန္နဲသီးလောက် မများပါဘူး။ အဆီဓာတ်ကြွယ်ဝခြင်းဟာ ထောပတ်သီးရဲ့ ထူးခြားမှုဖြစ်ပါတယ်။ အဆီဓာတ် ကြွယ်ဝတဲ့အတွက် ထောပတ်သီးဟာ စားရတာ အလွန်နူးညံ့ပါတယ်။ ထောပတ်သီးလို နူးညံ့တဲ့အတွက် ထောပတ်သီးလို့ နာမည်ရတာဖြစ်ပါလိမ့်မယ်။

Dr_2ထောပတ်သီးထဲကအဆီ

          ထောပတ်သီးထဲက အဆီမှာ အများဆုံးပါတဲ့ ဖက်တီးအက်ဆစ်ဟာ ကျန်းမာရေးအတွက် ကောင်းတဲ့ မိုနို မပြည့်ဝ ဖက်တီးအက်ဆစ် (mono-unsaturated fatty   acid)တွေ ဖြစ်ပါတယ်။ ထောပတ်သီး ၁ဝဝ-ဂရမ်မှာပါတဲ့ အဆီ ၁၄.၇ ဂရမ်အနက် မိုနို မပြည့်ဝ ဖက်တီးအက်ဆစ်က ၉.၈ ဂရမ်ထိ ပါဝင်နေပါတယ်။ ပေါ်လီမပြည့်ဝ ဖက်တီးအက်ဆစ် (Poly-unsaturated fatty acid) က ၁.၈ ဂရမ်လောက် ပါဝင်ပြီး၊ ပြည့်ဝ ဖက်တီးအက်ဆစ် (saturated fatty acid) က ၂.၁ ဂရမ်သာ ပါဝင်ပါတယ်။

♦        ထောပတ်သီးက ရတဲ့အင်အား (ကယ်လိုရီ) စုစုပေါင်း ရဲ့ ၇၅ % ကို အဆီမှ ရတာ ဖြစ်ပါတယ်။

♦        ထောပတ်သီးမှာပါတဲ့ အဆီစုစုပေါင်းရဲ့ ၆၇% ဟာ oleic acid ဆိုတဲ့ ဖက်တီးအက်ဆစ်ဖြစ်ပါတယ်။ oleic acid ဟာ ကျန်းမာရေးကို အကျိုးပြုတဲ့ မိုနိုမပြည့်ဝ ဖတ်တီး အက်ဆစ်တစ်မျိုး ဖြစ်ပါတယ်။

♦        ထောပတ်သီးမှာ Linoleic acid ဆိုတဲ့ ပေါ်လီ မပြည့်ဝ ဖက်တီးအက်ဆစ် တစ်မျိုးလည်း ပါဝင်ပါတယ်။ အိုမီဂါ မိသားစုမှာ linoleic acid ဟာ အိုမီဂါ ၆ ဖက်တီးအက်ဆစ် အမျိုးအနွယ်ဖြစ်ပါတယ်။

♦        ထောပတ်သီးမှာပါတဲ့ ဖက်တီးအက်ဆစ်တွေအနက် ကျန်းမာရေးအတွက် မကောင်းတဲ့ ပြည့်ဝဖက်တီးအက်ဆစ် အချိုးအဆဟာ ၁၄% သာ ရှိပါတယ်။

♦        ထောပတ်သီးမှာပါတဲ့ ဖက်တီးအက်ဆစ်တွေရဲ့ အချိုးအဆကို (ဒသမ မပါဘဲ) ကိန်းပြည့်တွေအနေနဲ့ ပြောမယ်ဆိုရင် အိုမီဂါ ၃ အမျိုးအစားက ၁ %၊ အိုမီဂါ – ၆ အမျိုးအစား က ၁၄%၊ အိုမီဂါ ၉ အမျိုးအစားက ၇၁% နှင့် ပြည့်ဝဖက်တီးအက်ဆစ်က ၁၄% ဖြစ်ပါတယ်။

ထောပတ်သီးထဲက ဗီတာမင်နှင့်သတ္ထု အာဟာရများ

          ထောပတ်သီး ၁ဝဝ ဂရမ် (၆ ကျပ်တစ်မတ်သားခန့်) စားလျှင် လူတစ်ယောက် တစ်နေ့တာ စားသင့်တဲ့ ဗီတာမင်ကေ ပမာဏရဲ့ ၂၆% ကို ရရှိနိုင်ပါတယ်။ ဖောလစ်အက်ဆစ် ပမာဏကတော့ တစ်နေ့တာ စားသင့်တဲ့ ပမာဏရဲ့ ၂ဝ%၊ ဗီတာမင်စီ (vitamin C) ဆိုလျှင် ၁၇%၊ ပင်တိုသင်းနစ်အက်ဆစ် (Pantothenic acid) ၁၄%၊ ဗီတာမင်ဘီဆစ် (vit B6) ၁၃%၊ ဗီတာမင်အီး (vit E) ၁ဝ% လောက်ရှိပါတယ်။ သတ္ထု အာဟာရတွေအနက် ထောပတ်သီးမှာ အားကိုးရလောက်အောင် များတာက ပိုတက်စီယမ် (တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၄%) ဖြစ်ပါတယ်။ ထောပတ်သီးတစ်မျိုးတည်းစားရုံနဲ့ လူတစ်ယောက်ရဲ့ တစ်နေ့တာလိုအပ်ချက်ကို ပြည့်မှီအောင် မရနိုင်ပေမယ့် အသင့်အတင့်ပါနေသေးတဲ့ အခြားအာဟာရဓာတ်တွေက ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း (B1)၊ ဘီတူး (B2)၊ နိုင်ယာစင် (Niacin) ဆိုတဲ့ ဗီတာမင်တွေနှင့် မက်ဂနီစီယမ် (Magnesium)၊ မင်းဂနီးစ် (Manganese)၊ ကြေးနီ (Copper)၊ သံဓာတ်၊ ဇင့် (Zinc) နှင့် မီစုံး (Phosphorus) တို့ဖြစ်ပါတယ်။

          ထောပတ်သီး (အမေရိကန်) ၁ဝဝ- ဂရမ်မှာ ပရိုတင်း ၂ ဂရမ်နှင့် ကယ်လိုရီ ၁၆ဝ လောက်ပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိတ် ၉ ဂရမ်လောက် ပါဝင်တဲ့အနက် ၇ ဂရမ်လောက်က အစာမျှင် (Fibre) အုပ်စုဝင် ကာဗိုဟိုက်ဒရိတ် တွေဖြစ်ပါတ်။ ဒါဟာ လူတစ်ယောက် တစ်နေ့တာ စားသုံးသင့်တဲ့ အစာမျှင်ပမာဏရဲ့ ၂၅% လောက် ရှိပါတယ်။ ကာဗို ဟိုက်ဒရိတ်ဆိုတဲ့ အာဟာရအုပ်စုထဲမှာ (၁) ကစီ (Starch)၊ (၂) သကြား (Sugar) တွေနှင့် (၃) အစာမျှင် (Dietary) ဆိုပြီး သုံးမျိုးပါဝင်တဲ့အနက် ကစီနှင့် သကြားတွေက သွေးချို တက်စေနိုင်ပါတယ်။ အစာမျှင်တွေက သွေးချို မတက်စေနိုင်ပါဘူး။ အစာမျှင်အချို့ဟာ သွေးချို အတက်နှေးစေနိုင်တဲ့ သတ္တိပင်ရှိပါတယ်။ ဒါကြောင့် သွေးချိုတက်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏ နည်းပြီး သွေးချိုတက်နှုန်းလည်းနှေးတဲ့ ထောပတ်သီးဟာ ဆီးချို သွေးချိုဝေဒနာရှင်တွေ စားသုံးသင့်တဲ့ သစ်သီး ဖြစ်ပါတယ်။ ထောပတ်သီးမှာ ကိုလက်စထရော လုံးဝမပါပါဘူး။ သွေးတိုးရောဂါရှိသူတွေကြောင့်တဲ့ ဆိုဒီယမ်လည်း မပါသလောက် နည်းပါတယ်။

ပိုတက်စီယမ် ကြွယ်ဝတဲ့ ထောပတ်သီး

          ပိုတက်စီယမ်ဟာ သွေးပေါင်ချိန် မများအောင် ထိန်းနိုင်စွမ်းရှိတယ်ဆိုတာ သုတေသန အများအပြားမှာ တွေ့ရှိထားပြီးပါပြီ။ ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack)၊ လေဖြတ်လေငန်းရောဂါ (Stroke) နှင့် ကျောက်ကပ်လုပ်ငန်း ပျက်စီးတဲ့ရောဂါ (Renal failure) တွေကြောင့် လူတွေအသက်ဆုံးရှုံးကြရာမှာ သွေးပေါင်ချိန်များခြင်း (သွေးတိုးရောဂါ) ဟာ ပူးတွဲတရားခံဖြစ်ပါတယ်။

          ဆီးသွားတာ များစေတဲ့ ဆေးတွေကို မှီဝဲနေရသူတွေဟာ သွေးထဲမှာ ပိုတက်စီယမ် နည်းသွား တတ်ပါတယ်။ သွေးထဲမှာ ပိုတက်စီယမ်နည်းလွန်းခြင်းဟာ အသက်အန္တရာယ် နှင့် အလွန်နီးပါတယ်။ နှလုံးရပ်သွားနိုင်ပါတယ်။ သွေးထဲမှာ ပိုတက်စီယမ် နည်းမသွားအောင် ကာကွယ်ဖို့၊ နည်းနေလျှင် ပြန်ဖြည့်ဖို့ သဘာဝအကျဆုံးနည်းက ပိုတက်စီယမ်ကြွယ်ဝတဲ့ သစ်သီးတွေ စားသုံးခြင်းဖြစ်ပါတယ်။

          ပိုတက်စီယမ်ဟာ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အရေးကြီးတဲ့ ဇီဝလုပ်ငန်း အများအပြားကိုလည်း ဆောင်ရွက်ပါတယ်။ ထောပတ်သီးက ပိုတက်စီယမ်အကြွယ်ဝဆုံး သစ်သီးဖြစ်ပါတယ်။ ငှပ်ပျောသီးဟာ ပိုတက်စီယမ်ကြွယ်ဝတဲ့ သစ်သီးရယ်လို့ လူသိများပါတယ်။ တစ်နေ့မှာ ငှက်ပျောသီးတစ်လုံး မှန်မှန်စားသူဟာ ပိုတက်စီယမ် အလုံအလောက်ရဖို့ စိတ်ချရပြီလို့ပင် ပြောသူတွေရှိပါတယ်။ တကယ်တော့ ငှက်ပျောသီး ၁ဝဝ ဂရမ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ပမာဏ (တစ်နေ့တာ လိုအပ်ချက်ရဲ့ ၁ဝ%) ဟာ ထောပတ်သီး ၁ဝဝ ဂရမ် မှာပါတဲ့ ပိုတက်စီယမ် ပမာဏ (တစ်နေ့တာ လိုအပ်ချက်ရဲ့ ၁၄%) ကို မမီပါဘူး။

ထောပတ်သီး စိုက်ပျိုးမှု

          ထောပတ်သီးအများဆုံးစိုက်ပျိုးတဲ့နိုင်ငံတွေနှင့် ၂ဝ၁၁ ခုနှစ်အတွက် ထွက်ရှိတဲ့ ထောပတ်သီးပမာဏကို ဇယားနှင့် ဖော်ပြထားပါတယ်။

          မက်ဆီကိုဟာ ထောပတ်သီးအများဆုံးစိုက်ပျိုး ထွက်ရှိတဲ့ နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးဖြစ်တဲ့ ချီလီနိုင်ငံရဲ့ သုံးဆကျော်ရှိပါတယ်။ ထောပတ်သီးပင်ဟာ အပူပိုင်းဒေသ (Tropical) နှင့် အပူလျှော့ပိုင်း (Sub-tropical) ဒေသတွေမှာ ဖြစ်ထွန်းပြီး ရေတွေခဲအောင်အေးတဲ့ ဒေသမျိုးမှာ မဖြစ်ထွန်းပါဘူး။ အအေးဒဏ်ခံနိုင်တဲ့ ထောပတ်သီးမျိုးတွေတော့ ရှိပါတယ်။ အအေးဒဏ်ခံနိုင်ဆုံးဆိုတဲ့ ထောပတ်သီး အမျိုးအစားကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှာ စိုက်ပျိုးလို့ရပါတယ်။ အရွက်တွေ အနည်းအကျဉ်း ပျက်စီးတာကလွဲလို့ ဖြစ်ထွန်းပါတယ်။

          ၂ဝ၁၃ ခုနှစ်ထိ မက်စီကိုဟာ ထောပတ်သီး တင်ပို့ရောင်းချမှုမှာ ထပ်ဆုံးနေရာကို ယူထားဆဲဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီယားပြည်နယ်၊ နယူးဇီလန်၊ ပီရူးနှင့် တောင်အာဖရိကတို့ကလည်း စိုက်ပျိုးရောင်းချမှု ပမာဏ သိသိသာသာ တိုးတက်လာနေပါတယ်။

          ထောပတ်သီးဟာ ငှက်ပျောသီးလိုပဲ အပင်ပေါ်မှာ ရင့်နေတုန်း ခူးဆွတ်ပြီး ခူးတဲ့ နောက်မှာမှ မှည့်တဲ့ သစ်သီး မျိုးဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတဲ့ ထောပတ်သီးတွေကို ရင့်နေချိန်မှာ အပင်က ခူးပြီး အပူချိန်၊ ၃.၃ မှ ၅.၆ ဒီဂရီစင်တီဂရိတ် (၃၇.၉ မှ ၄၂.၁ ဒီဂရီ ဖာရင်ဟိုက်) အတွင်းမှာ ထားခြင်းအားဖြင့် မှည့်စေနိုင်ပါတယ်။ ကျကျနန မှည့်ချင်ရင် ပြည့်ပြည့်ဝဝ ရင့်မှ ခူးရပါတယ်။ ရင့်ပြီး မာနေတဲ့ ထောပတ်သီးကိုဝယ်လာပြီး အိမ်မှာ အခန်းတွင်း အပူချိန်မှာထားရင် အသီးအမျိုးအစားအလိုက် ရက်သတ္တတစ်ပတ်မှ နှစ်ပတ်အတွင်းမှာ မှည့်ပါတယ်။

          ထောပတ်သီးကို ငှက်ပျောသီး၊ ပန်းသီးလို အသီးတွေနဲ့ တစ်ခန်းတည်း အတူထားရင် မှည့်တာပိုမြန်ပါတယ်။ မှည့်လာနေတဲ့ ငှက်ပျောသီး၊ ပန်းသီးတွေက ထုတ်လွှတ်တဲ့ အက်သလင်း (Ethylene) ဓာတ်ငွေ့က ထောပတ်သီးကို မြန်မြန်မှည့်အောင် လုပ်ပေးပါတယ်။ စားသုံးသူတွေဟာ စူပါမတ်ကက်မှာ ရောင်း နေတဲ့ ထောပတ်သီးကို လက်နဲ့နှိပ်ကြည့်ပြီး မမှည့်သေးရင် မဝယ်ဘဲ ထားပစ်ခဲ့တတ်တယ်ဆိုတာ ကင်မရာ တွေမှာ မှတ်တမ်းတင်ထားတာကိုတွေ့တဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက Gil Henry ဆိုသူ လယ်သမားတစ်ဦးက ဈေးထဲမှာ မှည့်နေတဲ့ထောပတ်သီးတွေ အဆင်သင့်ရနိုင်အောင် ၁၉၈ဝ ပြည့်နှစ်တွေထဲမှာ ကြံဆခဲ့ပါတယ်။ ခူးထားတဲ့ ထောပတ်သီးအရင့်တွေကို အက်သလင်း (Ethylene) ဓာတ်ငွေ့လွှတ်ထားတဲ့ အခန်းထဲမှာထားပြီး အမှည့်ခံတဲ့နည်းဖြစ်ပါတယ်။ ထောပတ်သီးကို မှည့်ခါနီးထိ အပင်ပေါ်မှာ ကြာကြာထားပြန်တော့ ကျွေကျပြီး ပျက်စီးတတ်ပါတယ်။

 

ထောပတ်သီး ရောင်းဝယ်မှု

          ထောပတ်သီး တင်ပို့ရောင်းချမှုဟာ ကြီးကျယ်တဲ့ ကုန်သွယ်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ မက်စီကိုဟာ ထောပတ်သီးတင်ပို့မှုကနေ ဝင်ငွေအမြောက်အများရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ မြောက်အမေရိက လွတ်လပ်သော ကုန်သွန်မှု သတောတူညီချက် the North American Free Trade Agreement (NAFTA) အသက်ဝင်လာတဲ့နောက်မှာ မက်စီကိုနိုင်ငံက အမေရိကန်ပြည်ထောင်စုသို့ ထောပတ်သီး တင်ပို့ဖို့ ကြိုးစားခဲ့ပါတယ်။ အမေရိကန်က လက်မခံခဲ့ပါဘူး။

          တင်သွင်းလာတဲ့ ထောပတ်သီးတွေနှင့်အတူ သစ်သီးကြိုက်တဲ့ ယင်ကောင် (Tephritidae) တွေ ပါလာနိုင်တယ်။ ဒီယင်ကောင်တွေကြောင့် နိုင်ငံတွင်းက စိုက်ပျိုးပင်တွေ ပျက်စီးနိုင်တယ်ဆိုတာကို အကြောင်းပြပါတယ်။ မက်စီကိုက အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာနမှ ပညာရှင်တွေကိုယ်တိုင် လာရောက် စစ်ဆေးနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပေမယ့် အမေရိကန်က အဲသလိုလုပ်ဖို့ မဖြစ်နိုင်ဘူး (Not Feasible) လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအခါမှာ မက်စီကိုက သူတို့ရဲ့ ထောပတ်သီးတွေကို အမေရိကန်နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေကိုသာ ပို့ပါမယ်။ ယင်ကောင်တွေ အသက်မရှင်နိုင်တဲ့ အလွန်အေးတဲ့ ဆောင်းရာသီမှာသာ တင်သွင်းပါမယ်လို့ထပ်ပြီး တောင်းဆိုပါတယ်။ ဒါကိုလည်း အမေရိကန် က မလိုက်လျောသေးပါဘူး။ နောက်ဆုံး မက်စီကိုသာ အမေရိကန်ရဲ့ ပြောင်း (ဖူး) တွေ သူတို့နိုင်ငံထဲ တင်သွင်းတာကို ဟန့်တားမှုတွေ လုပ်လာတော့မှ အမေရိကန်က လျှော့ပေးခဲ့ပါတယ်။ ဒီနေ့ဆိုရင် မက်စီကိုက ထောပတ်သီးတွေကို အသေအချာ စစ်ဆေးပြီး၊ အမေရိကန်တစ်နိုင်ငံလုံးကို တင်သွင်းခွင့်ရှိနေပါပြီ။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်အတွင်း မက်စီကိုကနေ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့တဲ့ ထောပတ်သီး ပမာဏဟာ မက်ထရစ်တန် တစ်သိန်းသုံးသောင်း (၁၃ဝ,ဝဝဝ) ကျော်ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ ပီရူးနှင့် ချီလီတို့ဟာလည်း အမေရိကန် ပြည်ထောင်စုကို ထောပတ်သီးတင်ပို့ ရောင်းချတဲ့ နိုင်ငံတွေဖြစ်လာခဲ့ပါပြီ။

          အမေရိကန်ပြည်ထောင်စုမှာ ထောပတ်သီး အများဆုံးစိုက်ပျိုးတာက ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါ ဒေသတွေ ဖြစ်ပါတယ်။ ရေဈေး၊ မြေဈေးနှင့် လုပ်အားခ အလွန်ကြီးတဲ့ နေရာတွေဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ထွက်တဲ့ ထောပတ်သီး စုစုပေါင်းရဲ့ ၉ဝ% ကို ကယ်လီဖိုးနီးယားပြည်နယ်မှာ စိုက်ပျိုးတာဖြစ်ပါတယ်။ အသီးကောင်းကောင်းသီးဖို့ အထူးသဖြင့် ဆောင်းနှင့်နွေမှာ မြေကြီးထဲကို နက်နက်ရှိုင်းရှိုင်း ရေရောက်အောင် လုပ်ပေးဖို့လိုပါတယ်။ တောင်ပိုင်း ကယ်လီဖိုးနီယားရဲ့ ကြီးမြင့်လာတဲ့ ရေဈေးကြောင့် အဲဒီဒေသတွေမှာ ထောပတ်သီး စိုက်ပျိုးရေးဟာ ငွေအရင်းအနှီးများတဲ့ လုပ်ငန်း ဖြစ်နေပါတယ်။

ဒေါက်တာလှကြည်

Facebook Comments

Menu