ဈေးကွက်ချဲ့လာသော လက်ဖက်

by ဘုန်းမြတ် for Food Magazine

          ချင်းတွင်းမြစ်အထက်ပိုင်း၊ ဟုမ္မလင်း၊ ခန္တီးဒေသ၌ နေထိုင်ဖြတ်သန်းသွားလာခဲ့ရသော ၁၉၇၅ ခုနှစ်ကာလများတွင် မြစ်ကမ်းနံဘေးရှိ ရွာများ၌ လက်ဖက်ပင်များ စိုက်ပျိုးကြသည်ကို မြင်တွေ့ဖူးသည်။ လက်ဖက်စို၊ လက်ဖက်ခြောက်များလည်း ထုတ်လုပ်ရောင်းချကြသည်။ သို့သော် ချင်းတွင်းလက်ဖက်သည် နာမည်မကြီးခဲ့ချေ။ မုံရွာဈေးကွက် ရောက်သွားလျှင် ရှမ်းပြည်လက်ဖက်ဈေးကွက်ထဲ ရောနှောဝင်ရောက်သွားကြသည်။ ဟုမ္မလင်းမြို့နယ်တွင် လက်ဖက်စိုက်ကြသည်ကို မသိကြသူက များသည်။ ကောယားနှင့် မောင်းခမ်း စသည့်ရွာများသည် လက်ဖက်ကောင်းထွက်သည့်ရွာများ ဖြစ်ကြသည်။

          လက်ဖက်ပင်စိုက်ပျိုးပြီး အခါးခြောက်၊ (အညာဒေသအခေါ် အဖန်ခြောက်) ဆိုသည့် (Green Tea)၊ လက်ဖက်စို (Pickle Tea) နှင့်  အချိုခြောက် (Black Tea) တို့ကို ထုတ်လုပ်ရောင်းချကြသည်မှာ လက်ဖက်စိုက်ပျိုးကြသော ဒေသတိုင်းလိုလိုဖြစ်သည်။ သို့သော် ချင်းတွင်းအထက်ပိုင်းဒေသ၌ လက်ဖက်စိုက်ပျိုးရေးသည် အခြားသောဒေသများနှင့် မတူဘဲ တစ်မူထူးခြားသည်။

          လက်ဖက်ပင်၏ အဓိကထုတ်ကုန်သည် အရွက်ဖြစ်သည်။ ချင်းတွင်းမြစ်ညာ ဒေသတွင် လက်ဖက်စို၊ လက်ဖက်ခြောက်အပြင် လက်ဖက်စေ့ကိုလည်း မျိုးအဖြစ်ရောင်းချခဲ့ဖူးသည်။ ချင်းတွင်းမြစ်ဖျား အထက်ပိုင်းဒေသတွင် လက်ဖက်စိုက်ပျိုးမှုသည် ပလောင်ဒေသမှ မျိုးယူ၍ ခရစ်နှစ် ၁၆၀ဝ ကျော် ၁၇၀ဝ ခန့်က ရောက်ရှိလာသည်ဟု ဆိုသည်။ (ဒေါ်ကြန်ရေးသည့် “သမိုင်းရှာပုံတော်ခရီး”)၊  ခန္တီးရှမ်းတို့ဒေသ လက်ဖက်ခူးကြသည်မှာလည်း တစ်နှစ်လျှင် (၃) ကြိမ်ရှိသည်။ ဟတန်ခူး၊ ကဆုန် (၁) ကြိမ်၊ ဝါဆို၊ ဝါခေါင် (၁) ကြိမ်၊ တော်သလင်း၊ သီတင်းကျွတ် (၁) ကြိမ်ဖြစ်သည်။] မိုးလွတ်လက်ဖက်သည် တန်ခူး၊ ကဆုန်၌ခူးသော ရွက်နုဖြစ်သည်။ မျိုးစေ့ရောင်းချမှုသည် ၁၈၇၅ ခုနှစ်တွင် စတင်ခဲ့ပြီး မဏိပူရ (အာသံပြည်နယ်) ဘက်သို့ ရောင်းချကြသည်ဟု သိရသဖြင့် နာမည်ကြီး အာသံပြည်နယ်ထွက် လက်ဖက်များသည် မြန်မာနိုင်ငံရှိ ပလောင်ဒေသမှ ချင်းတွင်းသို့ ရောက်ပြီး ချင်းတွင်းမှတစ်ဆင့် ရောက်သွားသည့် လက်ဖက်မျိုးများ ဖြစ်နိုင်ပါသည်။

          လက်ဖက်ပင်စိုက်ပျိုးပြီး  ၃ နှစ်အတွင်း အရွက်ခူးကြသည်။ အချို့ဒေသတွင် ၅ နှစ်၌ ခူးသည်။ အပင်သက် ၈ နှစ်ရှိလျှင် လက်ဖက်စေ့မျိုးခံ၊ မျိုးယူကြသည်။ လက်ဖက်ပင် ၁၅ နှစ်ဆိုလျှင် မျိုးစေ့များများရရှိသည်။ အပင်အိုသွားလျှင် အစေ့နှင့် အရွက်မကောင်း၍ အမြဲပင်ပျိုဖြစ်ရန် ပုံသွင်းအပင်ဖြတ်၊ ကိုင်းဖြတ်ရသည်။ အောက်တိုဘာလ၊ နိုဝင်ဘာလ (တတိယအကြိမ်လက်ဖက်ခူးပြီးသည့် နောက်ပိုင်းကာလ) ၌ လက်ဖက်ပင်မှ အစေ့ ထုတ်ယူကြသည်။ ဤလုပ်ငန်းတစ်ရပ်ရှိခဲ့ဖူးသည်ကို သမိုင်းတစ်စတွင် တွေ့ခဲ့ရဖူးသည်။

          မြန်မာ့လက်ဖက်သည် လက်ဖက်ခြောက်ဈေးကွက်သာမက လက်ဖက်စို ဈေးကွက်ကလည်း ပြည်ပသို့ ရောက်နေပြီ ဖြစ်သည်။ ထုပ်ပိုးပြုပြင်မှု၊ ခေတ်မီနည်းစနစ်များနှင့် ဘေးကင်းသော အစားအစာအဖြစ် ထုတ်လုပ်နိုင်ခဲ့မှုကြောင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ လက်ဖက်ရည်အချိုခြောက်ကိုလည်း ဆိုးဆေးကင်းသည့် ပြုပြင်မှု၊ တာရှည်ခံထုပ်ပိုးမှုဖြင့် နည်းစနစ်၊ နည်းပညာ အသုံးချ၍ ပြည်ပ ဈေးကွက်ရနိုင်သကဲ့သို့ ရှေးအခါကာလ ဗြိတိသျှတို့အုပ်စိုးစဉ်က ချင်းတွင်းမြစ်ညာ လက်ဖက်မျိုးစေ့ရောင်းချမှုဈေးကွက်မျိုး လုပ်ကိုင်နိုင်လျှင်လည်း အဆင်ပြေနိုင်ပါသည်။

          လက်ဖက်စိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအချို့တွင် ခေတ်မီ တောင်စောင်းတစ်ခွင်တစ်ပြင် စနစ်မျိုးဖြင့် ရေဖျန်းစိုက်ပျိုးမှုရှိနေပါသော်လည်း အများစုသည် လက်ဖက်စိုက်စနစ် ပြောင်းလဲပြုပြင်ရပါဦးမည်။ သင်တန်းများ၊ အပင်ဖြတ် ပုံသွင်းနည်းစနစ်များကို တတ်ကျွမ်းသူများက နည်းပညာပေးနေသော်လည်း တိုးချဲ့ရပါဦးမည်။ ၁၉၉၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံရှိ လက်ဖက်စိုက်ခင်းများကို လေ့လာခဲ့ဖူးပါသည်။ အားလုံးသောစိုက်ခင်းများသည် စနစ်မှန်ပုံသွင်း၊ လူခါးစောင်းအရွယ်၊ မြွေလိမ်၊ မြွေကောက်ကဲ့သို့ လိုင်းအတန်းများဖြင့် စိုက်ခင်းများဖြစ်ကြပါသည်။

          လက်ဖက်ပင်ကလည်း နှစ်ရှည်ပင်ဖြစ်သည်ဟု ဆိုချင်ပါသည်။ နှစ် ၄၀၊ ၅၀ ထားကြပါသော်လည်း “အစေ့စိုက်လျှင် နှစ် ၁၀ဝ၀၊ ကိုင်းဖြတ်စိုက်လျှင် နှစ် ၁၀ဝ” ဟုလည်း ဆိုကြပါသေးသည်။ လက်ဖက်စိုက်လျှင် တောင်စောင်းကွန်တိုအလိုက် ရစ်ပတ်စိုက်သင့်သည်။ တောင်ထိပ်မှ တောင်ခြေသို့ စိုက်တန်းဆွဲစိုက်ခြင်း မပြုသင့်ပါ။ ၁၉၈၀ ပြည့်နှစ်တွင် ချင်းပြည်နယ်ကို ရောက်ခဲ့စဉ်က ဖလမ်း၊ ဟားခါး၊ ရမ်ကလောင် စိုက်ပျိုးရေးခြံသည် စနစ်မှန်ဖြင့် ကွန်တိုလိုင်းဆွဲ၍ တောင်စောင်းတွင် စိုက်ပျိုးထားသဖြင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ပြက္ဒဒိန်ထုတ်ခဲ့ဖူးပါသည်။ ရှမ်းပြည်နယ် ပင်လောင်းမှ လက်ဖက် ပျိုးပင်များ သယ်ယူ၍ တီးတိန်စိုက်ပျိုးရေးခြံတွင် ပျိုးပင်ထိန်းသိမ်းစောင့်ရှာက်ပြီးမှ ရမ်ကလောင်တွင် စိုက်ပျိုးခဲ့ကြခြင်းဟု သိရသည်။ ရှမ်းပြည်နယ်ကဲ့သို့ပင် ချင်းပြည်နယ်သည်လည်း လက်ဖက်ပြည်နယ်ဟု ခေါ်နိုင်အောင် တိုးချဲ့စိုက်ပျိုးနေကြပြီး လက်ဖက်ခြောက်ကောင်း ထွက်ရှိနေပြီဖြစ်သည်။

          မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အင်္ဂဘို စိုက်ပျိုးရေးဥယျာဉ်ခြံတွင်လည်း ၂၀ဝ၁ ခုနှစ်ခန့်က လက်ဖက်ပင်ကို တစ်ဧကစမ်းသပ်စိုက်ခဲ့ဖူးသည်။ ထို့နောက် လက်ဖက်စိုက် ဧက ၇၀ ကျော်အထိ မွန်ပြည်နယ်တွင် ရှိခဲ့ဖူးကြောင်း မှတ်တမ်းတစ်ခု၌ တွေ့ခဲ့ရသည်။ လက်ဖက်၏ အရည်အသွေးမှာလည်း တောင်ပေါ်ဒေသဖြစ်လျှင် ပင်လယ်ရေမျက်နှာပြင်၏ အမြင့်ပေကလည်း အကျိုးသက်ရောက်မှုရှိသည်။ အနံ့၊ အရသာ၊ အရည်အသွေး ကောင်းသော လက်ဖက်သည် အမြင့်ပေ ၄၀ဝ၀ မှ ၆၀ဝ၀ ကျော် ရှိသည့် ဒေသ၊ ပျမ်းမျှ အပူချိန် ၅၂ ဒီဂရီဖာရင်ဟိုက်၊ အရိပ်အောက်တွင် အမြင့်ဆုံး အပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက် ရှိရပြီး တစ်နှစ်လုံးမိုးရွာသွန်းမှု လက်မ ၅၀ နှင့် လက်မ ၆၀ ရှိ၍ မိုးရွာသွန်းမှုညီညာမှ အပင်၏ အရည်အသွေးကောင်း လက်ဖက်ရနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပိုင်းရောက်လေ လက်ဖက်ကောင်းရလေဖြစ်သည်။ ရှမ်းပြည်နယ်ရှိ သိန္နီ၊ သီပေါဘက်မှ အတွင်းတောင်လက်ဖက်နှင့် အပြင်တောင်လက်ဖက်တို့ရှိကြပြီး အတွင်းတောင် လက်ဖက်ထဲ၌ ကျောက်မဲ၊ နမ့်ဆန်ဒေသ ဇယန်းရွာလက်ဖက်သည် စိမ်းဝါရောင်ရှိပြီး အရသာမှာ ခါးသက်၍ချိုသည်။ နာမည်လည်းကြီးသည်။ အပြင်တောင်လက်ဖက်တွင်လည်း သီပေါနယ်နှင့် မိုင်းလုံနယ်ထဲမှ နမ့်ဖော၊ ကွမ်မောက်လက်ဖက်တို့တွင်လည်း လက်ဖက်ကောင်းထွက်ပါသည်။ မန္တလေးမြို့တွင် ကျွန်တော်တို့ မန္တလေး စိုက်ပျိုးရေး တက္ကသိုလ်တက်ခဲ့စဉ်ကာလ ၁၉၆၅ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တို့တွင် ဘုရားကြီး (မဟာမုနိ) တစ်ဝိုက် ရှမ်းပွဲရပ်၌ လက်ဖက်ပွဲရုံကြီးများရှိပါသည်။ ရှမ်းကုန်သည်တို့ကို ရှမ်းပွဲဝိုင်းအဖြစ် လက်ဖက်ရောင်းဝယ်ရေးလုပ်ကိုင်မှုအား ၁၈၉၀ ပြည့်နှစ်တစ်ဝိုက်က ချထားပေးခဲ့ဖူးသည်ဟု သိရသည်။

          ကမ္ဘာ့နိုင်ငံများတွင် လက်ဖက်စားသုံးမှုအများဆုံးနိုင်ငံက အိန္ဒိယနိုင်ငံဖြစ်သည်ဟု သိရသည်။ လက်ဖက်အချိုခြောက်နှင့်ဖျော်သော လက်ဖက်ရည်သောက်သုံးမှု ဖြစ်ပါလိမ့်မည်။ အိန္ဒိယနိုင်ငံအနှံ့ မြို့ပြ၊ ကျေးရွာများအထိ လက်ဖက်ရည်ကို သောက်သုံးကြသည်။ ခွက်သေး၊ ခွက်ငယ်၊ မြေကြီးကို မီးဖုတ်ထားသော အကြမ်းခံပန်းကန်ခွက်အရွယ်နှင့် ခပ်ပျစ်ပျစ်သောက်သုံးကြသည်ကို တွေ့မြင်ဖူးသည်။ လူတစ်ဦးချင်း လက်ဖက်စားသုံးမှုမှာ တူရကီနိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် အကြမ်းခြောက်၊ အခါးရည်သောက်သုံးမှု အများဆုံးနိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံက လက်ဖက်ခြောက်အခါးရည်သည် စိမ်းဖန့်ဖန့် အရောင်ဖြစ်သည်။ မြန်မာနိုင်ငံသည် လက်ဖက်စိုစားသုံးမှုကို ပုံစံအမျိုးမျိုးဖြင့် စားသုံး ကြသည့် နိုင်ငံဖြစ်သည်။ ရှမ်းပြည်နယ်ရှိ နမ့်ခမ်း၊ ကိုးကန့်၊ ပင်လောင်း၊ သီပေါ၊ အောင်ပန်း၊ နမ့်ဆန်၊ တောင်ကြီး၊ နမ့်စန်တို့တွင် လက်ဖက်စို၊ လက်ဖက်ခြောက်ရောင်းဝယ်မှုများ ပြားသည်။ ချင်းရွှေဟော်မြို့သို့ရောက်ရှိစဉ်က ဝယ်ယူသောက်သုံးခဲ့ရသော လက်ဖက် ခြောက်သည် မိမိအနေဖြင့် အကြိုက်ဆုံးမှာ ရွှေဖီမိုးလွတ်ဖြစ်သည်။ အမြင့်ပေ ၆၀ဝ၀ ကျော်ရှိသော တောင်မြင့်များတွင် ဧပြီလသည်  လက်ဖက်ရွက်သစ်ဝေသော ကာလဖြစ်သည်။ သင်္ကြန်မိုးမရွာမီ ခူးဆွတ်ရရှိသော လက်ဖက်ဖြစ်၍ ရွှေဖီမိုးလွတ်ဟု ခေါ်ကြသည်။ ချင်းပြည်နယ်လက်ဖက်ကလည်း အမျိုးအစားကောင်းပါသည်။ စိုက်ပျိုးမှုနှင့် ရောင်းဝယ်မှုကို တွင်ကျယ်အောင် ပြုလုပ်ပေးနိုင်လျှင် ချင်းပြည်နယ်၏ စိုက်ပျိုးမှု ဈေးကွက်ကောင်း ဖြစ်လာမည်ဖြစ်သည်။

          မြန်မာ့ဆိုရိုးစကားတွင် “လက်ဖက်တစ်ရိုး၊ ကွမ်းရိုးတစ်ညှာ” ဟု ပြောကြသည်။ ရှေးအခါက လက်ဖက်စားလျှင် လက်ညှိုးနှင့်လက်မကြားတွင် ပါသည်ဆိုရုံကလေးမျှ လက်ဖက်တစ်ရိုးသာ  အနည်းငယ်ယူ၍ အရသာခံကြသည်။ ကွမ်းကိုလည်း အရသာခံ၍ ကွမ်းရိုး တစ်ညှာတစ်ရွက်ကိုသာ စားကြသည်ဟု ဆိုလိုပါသည်။ ယခုတော့ လက်ဖက် ကိုလည်း စံပယ်ပွင့်၊ ကောက်ညှင်းမွှေးတို့နှင့် ရောနှောရောင်းချကြသည်။

          တစ်ချိန်က လက်ဖက် (၂) မျိုးဟု ဖော်ပြခဲ့သည်။ တရုတ်မျိုးနှင့် မဏိပူရမျိုးဟု ရှိရာမှ ယခုအခါ အင်ဒိုချိုင်းနားမျိုး ထပ်တိုးလာ၍ (၃) မျိုးရှိလာသည်။ တရုတ်မျိုးက အပင်ပုသည်။ အထွက်နည်းသည်။ မဏိပူရမျိုး (အာသံမျိုး) က အပင်ကြီးသည်။ အထွက် ကောင်းသည်။ အင်ဒိုချိုင်းနားမျိုးက အလယ်အလတ်မျိုးဖြစ်သည်။ လက်ဖက်စိုက်ပျိုးမှုတွင် စိုက်ပျိုးပြီး ၄ နှစ်ကြာမှ အရွက်ခူးနိုင်သဖြင့် အစေ့စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ပျိုးပင်ဖြစ်စေ၊ ကိုင်းကူး၊ ကိုင်းဆက်အပင်ဖြစ်စေ စိုက်ပျိုးသင့်သည်။ သို့မှသာ စိုက်ပြီး ၂ နှစ်နှင့် အရွက်ခူးနိုင်သည်။

          လက်ဖက်စိုက်ပျိုးရေးတွင် ပြုပြင်သင့်သည်မှာ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရန်၊ ဖြစ် ထွန်းသောဒေသများတွင် မျိုး၊ နည်းပညာပြုပြင်ပြောင်းလဲ၍ အထွက်ကောင်းအောင် ပြုလုပ်ရန်နှင့် ရောင်းချပြုပြင်ထုပ်ပိုးမှုစနစ်ကောင်းရန် လုပ်ပေးနိုင်လျှင် မြန်မာ့လက်ဖက်သည် ဓာတ်မြေဩဇာပိုးသတ်ဆေးအသုံးပြုမှု စနစ်တကျရှိပြီး ထွက်ရှိလာသော လက်ဖက်ရွက်သည် အလိုလိုနေရင်း အော်ဂဲနစ်ဖြစ်နေသည်။ သို့သော် လက်ဖက်စို၊  လက်ဖက်ခြောက်ပြုလုပ်ရာတွင်  အဝါရောင်ဆိုးဆေးသုံးမှု၊  လက်ဖက်စို ဖိသိပ်ပြုလုပ်ရာတွင် မသန့်ရှင်းမှုများကို ဆင်ခြင်သင့်သည်။ အပင်ပုံသွင်းကိုင်းဖြတ်စနစ် စနစ်တကျ မရှိသည်က များသည်။ လက်ဖက်ခူးရာတွင် တစ်ညွန့် နှစ်ရွက်မခူးကြဘဲ နှစ်ရွက်ထက် ပိုခူးပြီး အရွက်များများရအောင် ယူခြင်းတို့သည် လက်ဖက်ကောင်းမရနိုင်ပါ။ အညာမြို့ကြီးများတွင် လွန်ခဲ့သော နှစ် ၂၀ ကာလက မိုးစပါးရိတ်ပြီးချိန်၌ အလုပ်မရှိကြ၍ ကျေးလက်မှ တောင်သူမိသားစုများသည် ရှမ်းပြည်နယ်သို့ ကုန်ကားကြီးများဖြင့် အုပ်စုလိုက် ရွှေ့ပြောင်းသွားလာပြီး လက်ဖက်ခူးကြသည်။ အချိန်တန်၍ ရွာပြန်လာလျှင် ခူးခ လက်ဖက်ခြောက်နှင့် ရောင်းချရန် လက်ဖက်ခြောက်တို့ ပါလာကြသည်။ ယခု ဤမြင်ကွင်းမျိုး မတွေ့ရတော့ပါ။ မိုးစပါးတစ်သီးသာမက နွေစပါးနှင့် သီးထပ်စိုက်ပျိုးမှု၊ ဆည်၊ တာတမံများ တိုးချဲ့တည်ဆောက်၍ ရေရရှိမှုတို့ကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ ရွှေ့ပြောင်းလုပ်သားထက် ရွာမြဲသည့် လုပ်ငန်းများရှိလာ၍လည်း ဖြစ်နိုင်ပါလိမ့်မည်။

          လက်ဖက်စိုက်ပျိုးတင်ပို့ရောင်းချနေသော နိုင်ငံများကို လေ့လာလျှင် အိမ်နီးချင်းနိုင်ငံက များပြားသည်။ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ကြသည်။ အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်ပြီးလျှင် မြန်မာသည် လက်ဖက်စိုက်ဧက များပြားသည်။ ထိုင်းနိုင်ငံတွင် မြောက်ပိုင်းဒေသ ကုန်းမြင့်များ၌သာ စိုက်ပျိုးနိုင်ကြသည်။ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် လက်ဖက်စိုက်ပျိုးမှုသာမက ပြည်တွင်း သို့ တင်သွင်းအသုံးပြုမှုက များနေသည်။ ကမ္ဘာတွင် စီးပွားဖြစ်လက်ဖက်တင်ပို့သော နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ကင်ညာ၊ တူရကီ၊ အီရန်နှင့် အာဂျင်တီးနားတို့ ဖြစ်ကြသည်။

          မြန်မာနိုင်ငံတွင် လက်ဖက်ကို အခြောက်ခံ၍ အသုံးပြုခြင်းအပြင် လက်ဖက်စို စားသုံးမှုများပြားသော နိုင်ငံဖြစ်သည်။ ဝေးလံခေါင်သီသော တောင်တန်းဒေသများ၏ စီးပွားရေးမြှင့်တင်နိုင်သည့် သီးနှံပင်ဖြစ်သည်။ လက်ဖက်စိုပြုလုပ်ရာတွင် ပိုးသတ်ဆေးကို မသုံးကြပါ။ သုံးလျှင် လက်ဖက်ကြာကြာအထားမခံဘဲ ပုပ်ရိစေသည်။ သို့သော် အဝတ်အထည် အရောင်ဆိုးဆေးမျိုး သုံးကြသဖြင့် အန္တရာယ်ဖြစ်စေသည်။ မြန်မာနိုင်ငံ သည် လက်ဖက်ခြောက်အပြင် လက်ဖက်စိုကိုလည်း ပြည်ပသို့တင်ပို့နေပြီး ဈေးကွက်ကောင်းရနိုင်သည်။ လူဦးရေ ၃ ဒသမ ၅ ဘီလီယံကျော် ဈေးကွက်ရှိသည့် အိန္ဒိယ၊ တရုတ်၊ အာဆီယံဒေသဖြစ်သည်။ သို့သော် နိုင်ငံတကာသို့ပို့လျှင်လည်း အော်ဂဲနစ်လက်မှတ်၊ ဂျီအေပီလက်မှတ်တို့ ထုတ်ပေးနေပြီ ဖြစ်သဖြင့် သန့်ရှင်းကျန်းမာအန္တရာယ်ကင်းသော၊ သဘာဝသီးနှံထွက်ကုန် Safe Farm မှ ထွက်သော Safe Food ဖြစ်ရန် လိုပါသည်။ လက်ဖက်ဈေးကွက်သည် ရေရှည်တိုးတက်နိုင်ပါသည်။ လက်ဖက်စိုက်ပျိုးမှုကိုလည်း တိုးတက်အောင် စနစ်ကောင်း စနစ်မှန် ကျင့်သုံးသော စိုက်ခင်းမျာ ဖြစ်သင့်ပါပြီ။ သမားရိုးကျမှ အကောင်းဘက်သို့ ပြောင်းလဲသင့်ပြီဖြစ်သည်။

Facebook Comments

Menu