ချောကလက်စားခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

by ဒေါက်တာ ညီညီကျော် for Food Magazine

          ပထမဆုံး ချောကလက် ၃၀ ဂရမ်မှာ ပါဝင်တဲ့ အာပာရတန်ဖိုးတွေကို ဖော်ပြချင်ပါတယ်။

၁။       ၁၄၀-၂၇၀ ကယ်လိုရီအထိ ပါဝင်နိုင်ပါတယ်။ အချို ပမာဏအပေါ် မူတည်ပြီး ကယ်လိုရီ ပြောင်းလဲနိုင်ပါတယ်။ Dark Chocolate ကတော့ ကယ်လိုရီ အနည်းဆုံးပါ။

၂။       အဆီဓာတ် ၁၄ – ၁၇ ဂရမ်အထိ ပါဝင်ပါတယ်။

၃။       ပြည့်ဝဆီ ၉ – ၁၀ ဂရမ် ပါဝင်ပါတယ်။ (နို့အရသာ၊ အချိုအရသာ များလေလေ ပြည့်ဝဆီ များလေလေ ဖြစ်ပါတယ်။)

၎။       အမျှင်ဓာတ် ၄ – ၁၀ ဂရမ်အထိ ပါဝင်ပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ –

၁။       ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဗီတာမင်၊ သတ္တုဓာတ်နှင့် ဖိုက်တိုကမ်မီကယ် (Phytochemicals) များစွာပါဝင်ပါတယ်။ ချောကလက်မှာပါဝင်တဲ့ Flavonoids နှင့် Phytochemical ပမာဏဟာ ဝိုင်မှာ ပါဝင်တဲ့ ပမာဏထက် များတဲ့အတွက် ကျန်းမာရေးအတွက် ဝိုင်သောက်မယ့်အစား Dark Chocolate စားပေးလို့ရပါ တယ်။

၂။       ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း – Flavonoids နှင့် Phytochemical ကဲ့သို့သော ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ အာပာရဓာတ်များ ပါဝင်တဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ တချို့သော သုတေသနစာတမ်းတွေမှာ ဖော်ပြထားပါတယ်။

၃။       နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း – ချောကလက်မှာ ပါဝင်တဲ့ ဖလေဗနော (flavanols) ဓာတ်က သွေးစီးဆင်းမှုကို အားပေးပါတယ်။ ဒီအပြင် သွေးပေါင်ကျစေပါတယ်။ ဒါကြောင့် သွေးတိုးရှိတဲ့သူတွေအနေနဲ့ တစ်နေ့ကို Dark Chocolate လက်နှစ်ဆစ်အရွယ်လောက် စားပေးရင် အပေါ်သွေးမတက်အောင် ထိန်းပေးနိုင်ပါတယ်။

၎။       သွေးတွင်း ကိုလက်စထရောကို ကျစေပါတယ်။ ချောကလက်မှာပါတဲ့ Cocoa Butter မှာ Oleic Acid ပါတဲ့အတွက် မကောင်းတဲ့ ကိုလက်စထရောတွေဖြစ်တဲ့ LDL, Triglycerides (TG) တွေကို ကျစေတဲ့အတွက်ကြောင့် ၄င်းတို့များရင် ဖြစ်တတ်တဲ့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ် လေငန်းရောဂါတို့ကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။

၅။       မှတ်ဥာဏ်စွမ်းအားကို တက်စေပါတယ်။ ချောကလက်မှာပါတဲ့ Flavanols က ဦးနှောက်ဘက် သွေးစီးဆင်းမှုကို အားပေးတဲ့အတွက်ကြောင့် မှတ်ဥာဏ်စွမ်းအားကို ပိုကောင်းစေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေနေတဲ့ ကလေးတွေအတွက် Dark Chocolate စားပေးသင့်ပါတယ်။ ဒီအပြင် ခေါင်းလည်း ကြည်စေပါတယ်။

၆။       ဆီးချိုရောဂါဝေဒနာရှင်တွေအနေနဲ့လည်း Dark Chocolate စားပေးခြင်းဖြင့် Insulin Sensitivity တက်စေပြီး ဆီးချိုပမာဏကို ထိန်းပေးပါတယ်။ တစ်နေ့ကို ချောကလက် ၂၅ ဂရမ် စားပေးခြင်းဖြင့် ၈ ပတ်အကြာမှာ မနက်စောစော ဘာမှမစားသေးဘဲ တိုင်းတဲ့ ဆီးချိုပမာဏ (Fasting Blood Glucose) Level ကို သိသိသာသာ လျော့ကျပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

          အခုဖော်ပြပေးထားတဲ့ ကျန်းမာရေးကောင်းကျိုးတွေဟာ Dark Chocolate အတွက်သာ ရည်ညွှန်းပါ တယ်။ ကလေးအများနဲ့ လူအများစားနေတဲ့ Milk Chocolate တွေကတော့ အခုဖော်ပြထားတဲ့ ကျန်းမာရေး အကျိုးကျေးဇူး အပြည့်အဝ မရနိုင်ပါ။

          အထူးသဖြင့် ဆီးချိုဝေဒနာရှင်များအနေနဲ့ အချိုများတဲ့ Milk Chocolate တွေ စားမိရင်  ဆီးချိုပမာဏ မကျတဲ့အပြင်  ဆီးချိုပမာဏကို ပိုတောင်ဆိုးပြီး တက်လာနိုင်ပါတယ်။

          သွေးတွင်း ကိုလက်စထရောများနေတဲ့သူတွေအနေနဲ့လည်း Milk Chocolate တွေ သွားစားရင်တော့ ကိုလက်စထရော ပိုတက်လာနိုင်ပါတယ်။

          ဒါဆိုရင် ဘယ်လိုချောကလက်မျိုးကို စားသင့်သလဲ။

          Cocoa ၆၀ % အနည်းဆုံးပါတဲ့ ချောကလက်မျိုးကို ရွေးစားပေးဖို့တော့ လိုပါတယ်။

          စားရင်လည်း ၂၅ ဂရမ်ထက် ပိုမစားသင့်ပါဘူး။ အများကြီးစားလိုက်ရင်-

၁။       ရင်တုန်ခြင်း

၂။       စိတ်လှုပ်ရှားလာခြင်း

၃။       ဝမ်းလျှောခြင်း

၎။       ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

          ဒါကြောင့် စားသင့်တဲ့ ပမာဏကိုပဲ ချင့်ချိန်ပြီး စားသင့်ပါတယ်။

Facebook Comments