အိမ်ရှင်မတွေ ကိုယ်အလေးချိန် ဘယ်လိုထိန်းကြမလဲ

by ဒေါက်တာ ညီညီကျော် for Food Magazine

          ကျွန်တော်တို့ မြန်မာမိသားစုတစ်စုမှာ မည်သူက ကိုယ်အလေးချိန် အများဆုံးဖြစ်မလဲဆိုတာ ကြည့်လိုက်ရင် အများစုက အိမ်ရှင်မ၊ မိခင်တွေမှာ အလေးချိန်များတာ တွေ့ရပါတယ်။ အကြောင်းရင်းကတော့ ကျွန်တော်တို့ မြန်မာအမျိုးသမီး အိမ်ရှင်မ၊ မိခင်တွေအများစုက တစ်အိမ်သားလုံး စားပြီး ပိုနေတဲ့ ဟင်းအနှစ်တွေ၊ ထမင်းတွေကို နယ်ဖတ်ပြီး စားလေ့ရှိတဲ့အတွက်ကြောင့်ပါ။

          ဒါကြောင့် အိမ်ရှင်မတွေအနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။       ဟင်းချက်ကတည်းက ဆီလျှော့ချက်ပါ။

၂။       ထမင်းကို မိသားစု ကုန်နိုင်သလောက်သာ ချက်ပါ။

၃။       အခြားမိသားစုဝင်တွေနဲ့အတူတူ ထမင်းစားပါ။

၎။       ထမင်းမစားခင် ရေတစ်ခွက်သောက်ပါ။

၅။       ဟင်းသီးဟင်းရွက် အမည် (၂) မျိုးလောက် ချက်စားပါ။

၆။       နှမြောလို့ဆိုပြီး မစားမိပါစေနှင့်။ ပိုနေတဲ့ ထမင်းဟင်းတွေရဲ့ ကုန်ကျစရိတ်ထက် အဝလွန်လာလို့ ဖြစ်လာမယ့် ကျန်းမာရေးပြဿနာအတွက် ကုန်ကျစရိတ်က ပိုများတယ်ဆိုတာ သတိရစေလိုပါတယ်။

၇။       အိမ်မှာ အဆာပြေစားဖို့ မုန့်ပဲသရေစာ ဝယ်တဲ့နေရာမှာ အသင့်စားမုန့်ထုပ်တွေ ထက်စာရင် အသီးအနှံ၊ ဒိန်ချဉ်၊ နွားနို့ စသည်တို့ကို ဝယ်ထားပါ။

၈။       ဈေးဝယ်တဲ့ နေရာမှာ ကျန်းမာရေး နှင့် သင့်တော်မယ့် မုန့်မျိုးကို ရွေးဝယ်ပါ။ ဥပမာ- ကွတ်ကီးနှင့် ပေါင်မုန့်ယှဉ်လာရင် ပေါင်မုန့်ကို ရွေးဝယ်ပါ။ ပေါင်မုန့်ချင်းအတူတူ ရွေးစရာရှိရင်တောင် အမျှင်ဓာတ်များတဲ့ Wholegrain ပေါင်မုန့်လိုမျိုးကို ရွေးပြီး ဝယ်ပါ။

၉။       တစ်လစာသုံးဖို့ ဝယ်ထားတဲ့ စားသုံးဆီ ပမာဏကို စတင်ပြီး ဆီနည်းနည်းလျှော့ကြည့်ပါ။ ဥပမာ- တစ်လကို ၃ ပိဿာသုံးတဲ့ အိမ်ထောင်စုတစ်စုက ၂ ပိဿာခွဲလောက်သာ စ၍လျှော့သုံးပြီး နောက်ပိုင်းလတွေမှာ ဒီထက်ပိုလျှော့တာမျိုး လုပ်ပေးပါ။

၁၀။     ဈေးဝယ်တဲ့အခါ အသားတွေဝယ်ရင် သုံးထပ်သား၊ ကလီစာ၊ အခေါက်၊ အရေခွံ တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပြီး အသားချည်း၊ ငါး၊ ပုစွန်၊ ငါးဖယ် စသည်တို့ကို အဓိကထား၍ ဝယ်ပါ။

၁၁။     စိတ်ထဲမှာ တစ်ခုစွဲစေချင်တာကတော့ လေ့ကျင့်ခန်းပါ။ အိမ်ရှင်မတွေ အများစုက အိမ်မှုကိစ္စအဝ၀ကို လုပ်နေရတဲ့အတွက် သူများတကာတွေလို Gym သွားဖို့၊ ကျန်းမာရေးအတွက် လမ်းလျှောက်ဖို့ စသည်တို့ကို အချိန်ပေးနိုင်ဖို့ ခက်ခဲနေတတ်ပါတယ်။ ဒီအတွက် အရမ်းစိတ်ပူစရာမလိုပါဘူး။ အိမ်ထောင်ရှင်မတွေ တစ်နေ့ တစ်နေ့ လုပ်နေရတဲ့အလုပ်တွေက တစ်ခါတလေမှာ ၂ နာရီလောက် ကစားတာထက်တောင် ပိုနိုင်ပါတယ်။ ဥပမာ- ဈေးသွားတယ်ဆိုရင် ဆိုက်ကား၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး စသည်တို့ကို မစီးတော့ဘဲ နီးတယ်ဆိုရင် လမ်းလျှောက်သွားလိုက်တာမျိုး။ အကယ်၍ ဈေးခြင်းတောင်းက အရမ်းမလေးဘူးဆိုရင် ဈေးခြင်းတောင်းကို ကိုင်ပြီး ဈေးက ပြန်လာတာမျိုးကလည်း အိမ်ရှင်မတွေအတွက် ကြွက်သားအားကောင်းလာစေပါတယ်။ နောက်တစ်ခုကတော့ အိမ်ထဲမှာပဲ တံမြက်စည်းလှဲ၊ ကြမ်းတိုက်၊ အဝတ်လျှော် စတဲ့အလုပ်တွေကလည်း ကယ်လိုရီ လောင်ကျွမ်းအားကောင်းတဲ့ လေ့ကျင့်ခန်းတွေလို့ ပြောရင် မမှားပါဘူး။

၁၂။     ပုံမှန်လုပ်ငန်းဆောင်တာ လုပ်ရင်းလည်း လှုပ်ရှားမှုများအောင် လုပ်ပေးပါ။ ဥပမာ- ဖုန်းသုံးရင် အလေးတုံးမတာမျိုး၊ ထိုင်လျက်မသုံးဘဲ  မတ်တတ်ရပ်သုံးပြီး ရပ်နေတဲ့ နေရာမှာပဲ လမ်းလျှောက်တဲ့ပုံစံ လုပ်တာမျိုး စသည်တို့ကို လုပ်ပေးသင့်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments