အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ ပစ္စည်းများကို အသုံးပြုနည်းအကြောင်း မီးဖိုချောင်ကို နည်းလမ်းအသစ်များနှင့် လွယ်ကူလျင်မြန်စွာ သန့်ရှင်းရေးလုပ်နည်းအချို့ (Tips and Tricks for Easy Kitchen Cleanup)

          ဒီလရဲ့ ရင်ခုန်စရာ မီးဖိုချောင်ထဲမှ အားလုံးသိပြီးသားဖြစ်သော မီးဖိုချောင်ကို လျင်မြန်လွယ်ကူပြီး အိမ်ရှိ ပစ္စည်းအချို့နဲ့တင် ချက်ချင်းအချိန်တိုအတွင်း စိတ်တိုင်းကျ သန့်ရှင်းသပ်ရပ်အောင် သန့်ရှင်းနည်းစနစ်များကို မျှဝေပေးချင်ပါတယ်။ မီးဖိုချောင်တစ်ခုမှာ နေ့စဉ်အရေးပါသော ဘုံပိုင်ခေါင်းများ၊ မီးဖိုချောင်သုံး ပစ္စည်းကိရိယာများ၊ မီးဖိုချောင် စားပွဲကောင်တာများ မြန်ဆန်သန့်ရှင်းခြင်းတို့ကို ပတ်ဝန်းကျင် အန္တရာယ်မပြုစေနိုင်သော နည်းလမ်းများဖြင့် အသုံးပြုနည်းများကို ယခုအခါ ကမ္ဘာတစ်ဝန်း အသုံးပြုလာကြပါတယ်။ အိမ်ရှင်မတွေ၊ အိမ်ရှင်ထီးတွေအတွက် အသုံးဝင်မယ့် လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတတွေပါ။ အိမ်ရှင်မများအနေနဲ့ မိသားစုအတွက် နေ့စဉ်နေ့တိုင်း အချိန်ပေး အလုပ်ရှုပ်တတ်ပြီး အချိန်တိုအတွင်းမှာ ဘေးမဖြစ်စေဘဲ လွယ်ကူသော မီးဖိုချောင်သန့်ရှင်းရေး နည်းလမ်းကောင်းတွေကို အမြဲအားပေး အသုံးပြုကြပါတယ်။ အိမ်ရှင်မတွေကိုယ်တိုင်လည်း နည်းလမ်းသစ်များကို ဖန်တီးနေကြပါတယ်။ ဒါကြောင့် ဒီလမှာ သိရှိလေ့လာဖြစ်ခဲ့သော နည်းလမ်းများကို This & That မှာ အားလုံးလေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

          အစားအသောက်များ ပြင်ဆင်တဲ့ စားပွဲကောင်တာနေရာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရားဝင်ကြေညာချက် ချမှတ်ထားပါတယ်။ အိမ်မှာပဲဖြစ်စေ၊ စားသောက်ဆိုင်မှာပဲဖြစ်စေ ဘယ်အချိန်ပဲဖြစ်ဖြစ် အစားအသောက်တွေ ပြင်ဆင်မယ်ဆိုရင် စားပွဲကောင်တာတွေကို ပိုးသတ်ပြီးမှ သေချာပြင်ဆင်ပါ။ ပိုးသတ်တယ်ဆိုတာကလည်း ဆပ်ပြာရည်ဖြင့် သေချာပွတ်တိုက်ဆေးပေးပြီး ရေနွေးဖြင့် ဆပ်ပြာစင်သည်အထိ ဆေးပါ။ ပြီးလျှင် ရေအေးဖြင့် ဆေးပါ။ အိမ်လုပ်ပိုးသတ်ဆေးရည်ကို ကလိုရိုက် (Chlorine Bleach) စားပွဲဇွန်း ၁ ဇွန်း၊ ရေ ၁ လီတာဖြင့် ရောမွှေပါ။ ပြီးလျှင် မီးဖိုချောင် စားပွဲ၊ ကောင်တာ၊ ပန်းကန်ဆေးကန်နှင့် စဉ်းတီတုံးများကို ဖျော်ထားသော ကလိုရိုက်အရည်ဖြင့် သေချာ ဆေးကြောပြီး ရေအေးဖြင့် များများလောင်းဆေးပါ။ အခုဆေးကြောနည်းက အမြဲလို လုပ်သင့်သော ဆေးကြောနည်းဖြစ်ပါတယ်။

          အိုဗင်ကို သန့်ရှင်းရေးလုပ်ရတာက အင်မတန်ကတ်သီးကတ်သတ်နိုင်တဲ့ နေရာများမှာ ညစ်ပတ်ပေကျံနေပါက သန့်ရှင်းရေးလုပ်လို့ ခက်ခဲလွန်းပါတယ်။ အဲဒီအခါမျိုးမှာ သန့်ရှင်းရေးလုပ်လျှင် အန္တရာယ်ကင်းဖို့ အရေးကြီးပါတယ်။ အိုဗင်ကို ဆိုဒီယမ် ဟိုက်ဒရိုစိုက်စ်အရည်ဖြင့် သန့်ရှင်းရေးလုပ်လျှင် ရော်ဘာလက်အိတ်အရှည်၊ အင်္ကျီလက်ရှည်၊ မျက်လုံးများကို မျက်မှန်တပ်ပြီး ကာကွယ်၍ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ အိုဗင်ကို သန့်ရှင်းရေးလုပ်ရန် ဘေကင်ဆိုဒါမှုန့်ကို စပါကလင်ဖြင့်ဖျော်ပြီး အိုဗင်ထဲ သေချာ ပက်ဖျန်းထားပါ။ ၁ နာရီ မှ ၁၀ နာရီအထိ (အိုဗင် အသေးအကြီးပေါ် မူတည်ပါတယ်) ထားပြီးမှ သံကြေး(ချေး) ဖတ်ဖြင့် သေချာတိုက်ချွတ် ဆေးပါ။ တိုက်ချွတ်ဆေးကြောလို့ မလွယ်ကူလျှင် ဆော်ဒါမှုန့် ထပ်ဖြူးထားပါ။ ယခုအခါမှာ သဘာဝဆေးရည်နဲ့ ဆပ်ပြာတို့ကို ဝယ်ယူအသုံးပြု ဆေးကြောလို့လည်း ရပါတယ်။ ဆော်ဒါကတော့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေသန့်ဘူးခွံ အဟောင်းတစ်ဘူးရဲ့ ပုလင်းဖုံးကို အပေါက်ဖောက်ပါ။ ပြီးလျှင် ရေအပြည့်ထည့်ပြီး ရေသန့်ဘူးဖြင့် အာဗင်ထဲ ဖျန်းပါ။ သေချာ အာဗင်တံခါးကြား ဂက်စ် ထွက်တဲ့ အပေါက်နေရာများ၊ အကင်တန်းနေရာများ၊ ထောင့်နားများကို သေချာအနံ့ ပျောက်အောင်၊ ဆေးထားသော ဆပ်ပြာစင်အောင် ရေများများဖျန်းပြီး ဆေးပေးပါ။ အိုဗင်ထဲက အကင်ဗန်းများ၊ အကင်တန်းများကို ရေဇလုံအကြီးထဲ ဘေကင်ဆိုဒါ  စားပွဲဇွန်း ၃-၅ ဇွန်းနှင့် စပါကလင် ၂ ပုလင်းခန့် လောင်းထည့်ပြီး ရေ ၅ လီတာနှင့်ဖျော်ကာ တစ်ည စိမ်ထားပါ။ ပေကျံနေသောအသားများ၊ အတူးစများ အားလုံးနူးပြီး သန့်ရှင်း ဆေးကြော ရတာ လွယ်ကူသွားပါလိမ့်မယ်။ ရေများများဖြင့် သေချာစင်ကြယ်အောင် ဆေးကြောဖို့တော့ လိုပါတယ်။ ပန်းကန်ဆေးကန် အတွင်းပိုင်းနှင့် အောက်ပိုင်း၊ ရေပိုက်အောက်များမှာ အမြဲစွတ်စိုပြီး ပိုးမွှားပေါက်ဖွားမှုများ ရှိတတ်ပါတယ်။ အနံ့အသက်ထွက်ခြင်း၊ အင်းဆက် အကောင်ပလောင်၊ မှိုနှင့် အရိအရွဲများ ဖြစ်စေပါတယ်။ ဒါကြောင့် ပန်းကန်ဆေးကန်ကို သုံးပြီးလျှင် သံပရာရည် (သို့) ရေနွေးပူပူကို ရှလကာရည်များ ဖျော်ထားသော အရည်ဖြင့် လောင်းဆေးခြင်း၊ ပက်ဖျန်းခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ ဘေကင်ဆိုဒါ ဖျော်ရည်ဖြင့်လည်း ဆေးကြောလို့ရပါတယ်။ ပန်းကန်ဆေးကန်ထဲ တောက်ပြောင်စေချင်လျှင်  အာလူးအခွံဖြင့် တိုက်ပေးခြင်း၊ ငှက်ပျောသီးအခွံဖြင့် ပွတ်တိုက်ခြင်း၊ သွားတိုက်ဆေးကို သွားတိုက်တံပေါ်တင်ပြီး ပွတ်တိုက်ပြီး ရေနွေးပူပူဖြင့် ဆေးကြောပေးလျှင်လည်း သန့်ရှင်း ပြောင်လက်ပါတယ်။ ရှလကာရည်ထဲ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်၊ လေးညှင်းများ ထည့်ပြီး ၁ ရက်ခန့် ထည့်စိမ်ထားပါ။ ပြီးလျှင် အရည်ကို ဆန်ခါစိတ်ဖြင့် အရည်စစ်ယူပါ။ ရလာသောအရည်ကို ညှစ်ဖျန်းသော ဘူးထဲထည့်ပြီး ပန်းကန်ဆေးကန် အောက်ဘက် ရေပိုက်နားများကို ဖျန်းပေးပြီး အဝတ်ဖြင့် သုတ်ပေးပါ။ နေ့စဉ် ပုံမှန်လုပ်ပေးလျှင် ပိုးမွှားတက်ခြင်း၊ မှိုတက်ခြင်း၊ အရိအရွဲများရှိခြင်း၊ အနံ့ဆိုးထွက်ခြင်းများမှ ကာကွယ်ပေးပါတယ်။ မီးဖိုချောင် မီးဖို၊ မီးဖိုချောင် စားပွဲကောင်တာတွေကိုလည်း ရှလကာရည်၊ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်၊ လေးညှင်းစိမ်အရည်ဖြင့် ဖျန်းပြီး သန့်ရှင်းရေးလုပ်လျှင် ကောင်းမွန်ပါတယ်။ သဘာဝနည်းလမ်းလေးများကို သုံးခြင်းအားဖြင့် မိသားစုများအတွက် ကျန်းမာရေးကို မထိခိုက်စေသလို ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။ ဒီလမှာတော့ ဒီလောက်နဲ့ပဲ ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်လတွေမှာ ဘယ်လိုမျိုး ဗဟုသုတရစရာတွေနဲ့ ပရိသတ်ကြီးကို မျှဝေပေးသွား မလဲဆိုတာ စောင့်မျှော် အားပေးကြပါဦးရှင်။  စည် ကျောင်းတုန်းက သင်ခဲ့ရ သော Benefit of eco-friendly cleaning ဘာသာရပ်မှ စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့ ကြားသိခဲ့ရသော ဗဟုသုတ တချို့နှင့် https://www.diynetwork.com/how-to/ Syi Lwin Foods Garden အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။  Happy day to you all…

မှတ်ချက်- ဖော်ပြထားသည့် Information သည် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိလျှင် ရှိတတ်ပါသည်။

Facebook Comments