အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ ပစ္စည်းများကို အသုံးပြုနည်းအကြောင်း အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ ထမင်းချက်နည်း (How to Cook Rice)

by Syi Lwin Foods Garden for Food Magazine

          ဒီလရဲ့ ရင်ခုန်စရာ မီးဖိုချောင်ထဲမှ အားလုံးသိပြီးသားဖြစ်သော ထမင်းချက်နည်းကို မျှဝေပေးချင်ပါတယ်။ ကောက်နှံ၊ အဆန်အစေ့ စသည်တို့က နှစ်ပေါင်း ၅၀ဝ၀ ကျော်ကတည်းက လူများသိရှိပြီး စားသုံးလာကြတာလို့လည်း ကမ္ဘာ့သမိုင်းလေ့လာ ထိန်းသိမ်းရေးအဖွဲ့မှာ ပြောကြားထားပါတယ်။ အခုအခါမှာ ကမ္ဘာတစ်ဝန်း ပုံစံနည်းမျိုးစုံဖြင့် စားသုံးကြပါတယ်။ အာရှနိုင်ငံ တော်တော်များများမှာ ထမင်းကို ဦးစားပေး စားသုံးကြပါတယ်။ ထမင်းမှာ ဆန်လုံးညို၊ ဆန်ကြမ်း၊ စံပယ်ဆန်၊ ဆန်လုံးရှည် စသည်ဖြင့် အမျိုးမျိုးရှိတဲ့ အထဲကမှ  ထမင်းဖြူကို နိုင်ငံတကာ အသုံးပြု စားသုံးကြတာများပါတယ်။ ထမင်းဖြူ စားသုံးခြင်းက ကျန်းမာရေးနှင့် ညီညွတ်တယ်လို့ ဆိုသောကြောင့် အနောက်တိုင်းနိုင်ငံ တွေမှာလည်း ထမင်းဖြူကို အများအားဖြင့် စားသုံးလာကြပါတယ်။ ကမ္ဘာတစ်ဝန်း ကျယ်ပြန့်စွာစားသုံးသော ထမင်းဖြူကို နိုင်ငံတကာစားဖိုမှူးများကလည်း ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်ကြော်လှော် အသုံးပြုလို့ရသလို အချိုပွဲအနေနဲ့ ပြောင်းလဲလို့ရသော ထမင်းဖြူက စားဖိုမှူးများရဲ့ လက်ဆွဲပါ။ အိမ်ရှင်မတွေ၊ အိမ်ရှင်ထီးတွေအတွက် အသုံးဝင်မယ့် လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတတွေပါ။ အိမ်ရှင်မများနဲ့ ထမင်းဖြူကတော့ ထမင်းဝိုင်းမှာ မိသားစုအတွက် ဖန်တီးနေကြတာဆိုတော့ အိမ်ရှင်မများရဲ့ အနှစ်သက်ဆုံး အစားအစာလည်း ဖြစ်ပါတယ်။ ထမင်းကို အားလုံး ချက်တတ်ကြပါတယ်။ ကျန်းမာရေးဖြင့် ညီညွတ်ပြီး မှန်ကန်သောအရသာကို ရရှိဖို့ဆိုတာကတော့ အလွန်အရေးကြီးပါတယ်။ ဒါကတော့ ချက်တဲ့နည်းလမ်း၊ ချက်တဲ့အိုးအပေါ်မှာလည်း မူတည်ပါတယ်။  ဒါကြောင့် ဒီလမှာ သိရှိ သင်ကြားဖြစ်ခဲ့သော နည်းလမ်းများကို This & That မှာ အားလုံးလေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

          ဆန်ကို အခုနောက်ပိုင်း အမှုန့်၊ ဆန်အချိုရည်၊ ဆန်နှင့်ပြုလုပ်ထားသော ဆီ၊ ဆန်ဖြင့် ပြုလုပ်ထားသော ဆန်နို့တွေရှိသလို ထမင်းဖြင့်ပြုလုပ်ထားသော အစားအသောက်တွေ၊ အဆာပြေအစားအစာတွေနဲ့ အလှကုန်ပစ္စည်းတွေ စသည်ဖြင့်လည်း ရှိပါတယ်။ ဆန်ဖြူကတော့ ချက်လျှင် ထမင်းဖြူဖွေးတွေ ရရှိပါတယ်။ ဒါပေမဲ့ ချက်တဲ့အပေါ်မူတည်ပြီး ရရှိသော အာဟာရအရသာ ကွာခြားသွားပါတယ်။ ဆန်လုံးညိုကျတော့ အညိုရင့်၊ အနီရောင်၊ ခရမ်းရောင်နဲ့ အနက်ရောင်တွေရှိသလို ချက်လိုက်ရင်လည်း အရောင်တွေက သိပ်မကွာခြားလှပါဘူး။ ရရှိသောအရသာ အာဟာရလည်း သိပ်ကွာခြားမှုမရှိပါဘူး။ အာဟာရဖြစ်အောင် ချက်စားတတ်ဖို့ လိုပါတယ်။

          အထူးသဖြင့် ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများအတွက် ထမင်းကရတဲ့ အာဟာရဓာတ်တွေ မပြုန်းတီးအောင် ချက်စားသင့်သော နည်းလမ်းတွေ ရှိပါတယ်။ ဗီတာမင်ဘီဝမ်းဟာ ရေမှာ ပျော်ဝင်နိုင်တာကြောင့် ဆန်ကို အထပ်ထပ်ပွတ်တိုက် ဆေးခြင်းမျိုးမလုပ်ဘဲ ဦးစွာ ဆန်ထဲမှာပါတဲ့ ဖုန်နဲ့သဲတို့ကို ပြာထုတ်ပြီး ခဲနဲ့ စပါးလုံးတို့ကို လက်နဲ့ကောက်ယူကာ အများဆုံး ၂ ကြိမ်ခန့်သာ ရေဖြင့် အသာအယာ ဆေးကြောပေးရပါမယ်။ ဆန်ကနေ ထမင်းဖြစ်လာအောင် ချက်တဲ့အခါ ဆန်ထဲက ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းအာဟာရတွေ လျော့မသွားပေမယ့် ဗီတာမင်အချို့ လျော့သွားပါတယ်။ ဒါ့အပြင် ထမင်းရည်ငှဲ့ခြင်းကလည်း ဗီတာမင်ဘီဝမ်းများ ထပ်မံဆုံးရှုံးရပြန်တာကြောင့် ထမင်းရည်ခန်းသာ ချက်စားသင့်ပါတယ်။

          ဒါကြောင့် အလေအလွင့်မရှိစေဘဲ တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်စေဖို့အတွက် ကိုယ့်အိုးနဲ့ ကိုယ့်ဆန် ညီမျှအောင်ချက်ပြီး အတတ်နိုင်ဆုံး ထမင်းကြမ်းခဲတွေ မကျန်အောင် စီမံခန့်ခွဲသင့်ပါတယ်။

          ထမင်းချက်လျှင် အသုံးဝင်မယ့် လျှို့ဝှက်ချက်နည်းလမ်းတချို့ကို ရှယ်ရမယ်ဆိုလျှင် တချို့က ထမင်းချက်ရာမှာ ရှလကာရည် တစ်စက်၊ နှစ်စက် ထည့်ချက်ပါတယ်၊ ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့်အပြင် ရာသီဥတု အလွန်ပူပြင်းတဲ့အခါ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တချို့အာရှနိုင်ငံတွေမှာ ဘီယာကို သုံးကြပါတယ်။ ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့အရသာက ဆန်သစ်လောက်  မကောင်းတဲ့အချိန်မှာ ဘီယာအနည်းငယ် ထည့်ပေးလိုက်ပါ။ မွှေးပျံ့တဲ့ ထမင်းကို ရရှိမှာဖြစ်ပါတယ်။ ရှေးလူကြီးတွေ ပြောချက်အရဆို ထမင်းချက်ရာမှာ ဆား အနည်းငယ်နဲ့ မြေပဲဆီအနည်းငယ်ထည့်ပြီး မွှေပေးလိုက်ပါ။ ဆန်ဖွာခြင်းမရှိဘဲ အရသာရှိသောထမင်း ရရှိမှာဖြစ်ပါတယ်။ နိုင်ငံအတော်များများမှာ လက်ကျန်ထမင်းကို ပြန်နွှေးရာမှာ ဆားအနည်းငယ်ထည့်ပေးခြင်းကို အသုံးပြုကြပါတယ်။ ဆားထည့်နွေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်စေသည့်အပြင် ထမင်းကိုလည်း နူးညံ့စေပါတယ်။ ဆန်အရက်၊ အရက်ဖြူတို့ဖြင့် ထမင်းကြော်ရာမှာ အရက်သုံး၊ လေးစက် အနည်းငယ် ထည့်ကြော် ပေးပါက စွဲမက်ဖွယ်အရသာရှိသော ထမင်းအရသာကို ရရှိစေမှာ ဖြစ်ပါတယ်။ အကယ်၍ ထမင်းကျက်တစ်ဝက်၊ မကျက်တစ်ဝက် အခြေအနေမျိုးနဲ့ တွေ့ကြုံနေပါက ဆန်အရက် အနည်းငယ်ထည့်ပြီး နွှေးပေးခြင်းဖြင့် ထမင်းကို လုံးဝကျက်စေမှာ ဖြစ်ပါတယ်။ ထမင်းချက်ရာမှာ ရေကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာပါဝင်တဲ့ ဗီတာမင်ဘီဝမ်းဓာတ်ကို အပြည့်အဝရရှိစေမှာ ဖြစ်ပါတယ်။ အိမ်ရှင်မအသစ်တွေ၊ ထမင်းဟင်း စသင်ကြတဲ့ သူတွေနဲ့ ထမင်းချက်တိုင်း တူးတတ်သူတွေအတွက် ထမင်းတူးသွားပါက ထမင်းကြားထဲကို ကြက်သွန်မြိတ်တစ်ပင် ထည့်ပြီး ခဏဖုံးအုပ်ထားပေးလိုက်ပါ။ တူးနံ့များ ယူပစ်သလို ပျောက်သွားစေမှာ ဖြစ်ပါတယ်။

          ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါ။ ရရှိလာတဲ့ထမင်းက အနံ့အရသာကို ပြည့်စုံစေရုံသာမက အာဟာရလည်း အလွန်ဖြစ်စေ ပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ ထမင်းချက်ရာမှာ သံလွင်ဆီကို အနည်းငယ် ထည့်ချက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်စေသည့်အပြင် အစာအိမ်ကိုလည်း ဒုက္ခမဖြစ်စေပါဘူး။ ဆီးချိုသမားများ အတွက် စားသုံးရန် အထူးသင့်တော်တယ်လို့လည်း ဆိုထားပါတယ်။

          အားလုံးအတွက် ထမင်းချက်ရာမှာ အရသာသာမက ကျန်းမာရေး အဟာရဓာတ် တွေပါ မဆုံးရှုံးစေမယ့် နည်းလမ်းတချို့နှင့် လွယ်ကူစေမယ့် ထမင်းချက်နည်းလမ်းတချို့ကို ဒီလရဲ့ This and That မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

          စည်  ကျောင်းတုန်းက သင်ခဲ့ရသော  Benefit of Rice & Grain ဘာသာရပ်မှ စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့အတူသင်ခဲ့ရသော ဗဟုသုတလေးများ https://www.organicfacts.net နဲ့ https://authoritynutrition.com/foods/rice အချက်အလက်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။  Happy day to you all…

မှတ်ချက် – ဖော်ပြထားသည့် Information သည်  နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

Facebook Comments