အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ ပစ္စည်းများကို အသုံးပြုနည်းအကြောင်း အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ တချို့အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို သနပ်တည်နည်း (Steps to Making Your Own Pickles in Glass Jars)

by Syi Lwin Foods Garden for Food Magazine

          ဒီလရဲ့ ရင်ခုန်စရာ မီးဖိုချောင်ထဲမှ Glass Jars ဖြင့် ထမင်းမြိန်စေသော အရန်ဟင်းပွဲ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် သနပ်တည်နည်းများကို မျှဝေပေးချင်ပါတယ်။ ဆားစိမ်ခြင်း၊ သနပ်တည်ခြင်းက ကမ္ဘာတစ်ဝန်း ပုံစံနည်းမျိုးစုံဖြင့် ပြုလုပ်ကြပါတယ်။ တချို့နေရာတွေမှာ အသီးအနှံကို  ဦးစားပေး ပြုလုပ်ကြသလို တချို့နိုင်ငံနှင့် တချို့နေရာတွေမှာ ဟင်းသီးဟင်းရွက်များကို ဦးစားပေးပြုလုပ်ကြပါတယ်။ သနပ်ထဲမှာ မည်သည့်ပစ္စည်းတွေ ပါဝင်ပါစေ၊ မည်သည့်နည်းမျိုးဖြင့် ပြုလုပ်ပါစေ ဆားစိမ်၊ သနပ်တွေကတော့ အမြဲနာမည် ကြီးပြီး အရသာပြည့်ဝမှုရှိကြပါတယ်။ ဒါပေမဲ့ ဆားစိမ်၊ သနပ်တည်ရမှာက ကျန်းမာရေးဖြင့် ညီညွတ်ပြီး မှန်ကန်သောအရသာကို ရရှိဖို့ဆိုတာကတော့ အလွန်အရေးကြီးပါတယ်။ အဲဒါကတော့ ဆားစိမ်၊ သနပ်တည်ရာမှာ အသုံးပြုမည့် အိုး၊ ဘူး၊ ပုလင်းထည့်စရာတို့ ဖြစ်ပါတယ်။ ဆားစိမ်၊ သနပ်တည်ရာမှာ အသုံးပြုသော ထည့်စရာကို မှားယွင်းသောဘူး၊ အိုးများဖြင့် အသုံးပြုမိပါက ဆားစိမ်၊ သနပ်ဟာ အရသာရှိပြီး လတ်ဆတ်သော အရသာမရရှိနိုင်သလို လျင်မြန်ပုပ်သိုးလွယ်ပါတယ်။ ဒါကြောင့် ဒီလမှာ သိရှိသင်ကြား ဖြစ်ခဲ့သော နည်းလမ်းနှင့် ထည့်စရာအမှန် အသုံးပြုနည်းကို This & That မှာ အားလုံးလေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

          သနပ်တည်ရန် ဖန်ဘူး၊ ပုလင်းများကို ၁၈၆၀ ပြည့်နှစ်မှာ စတင်မိတ်ဆက်လိုက်ပြီး နောက်ပိုင်းမှာတော့ ပုံစံနည်းစနစ် ဒီဇိုင်းအသစ်များဖြင့် ထွက်ရှိပါတယ်။ အစပိုင်းမှာတော့ ဖန်ဘူးများရဲ့  အောက်ခြေပုံစံကတော့ အခုခေတ်ဒီဇိုင်းများနှင့် မတူဘဲ ကွာခြားပါတယ်။ ပုလင်း၊ ဖန်ဘူးများအပေါ်မှာ ရှေးခေတ်ဥရောပ ဗိသုကာလက်ရာများကို အသုံးပြုပြီး အလှဆင်ထားပါတယ်။ အဲဒီအချိန်တုန်းက ဖန်ပုလင်းများက အလွန်နာမည်ကြီးပြီး လူကြိုက်များခဲ့ပါတယ်။ ယခုအချိန်အထိ ရှေးခေတ်ဥရောပဗိသုကာလက်ရာများနှင့် ဖန်ပုလင်းများက ရှေးဟောင်းအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ ကာလာ ဖန်ပုလင်း၊ ဖန်ဘူးများကိုတော့ သနပ်တည်ရာမှာ အသုံးပြုကြပါတယ်။

          ဟင်းသီးဟင်းရွက် သနပ်တည်-လူအတော်များများက ဟင်းသီးဟင်းရွက် သနပ်ဆိုလျှင် သခွားသီးကို  အဓိကထားပြီး အသုံးပြုကြတာများပါတယ်။ သခွားသီး အလုံးအသေးတွေ၊ သခွားသီးအနုတွေက အချဉ်စိမ်လို့ အင်မတန်အဆင်ပြေစေပါတယ်။ ကညွတ်ရိုး၊ မုန်လာဥဖြူ၊ သကြားမုန်လာ၊ ရုံးပတီသီးနှင့် တခြားအသီးအရွက်များလည်း သနပ်တည်တဲ့အခါ အသုံးများကြပါတယ်။ တချို့နိုင်ငံတွေမှာဆိုလျှင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတင်မကဘူး။ အသားငါး၊ ဥအမျိုးမျိုးနှင့် ခရုကမာကောင်များကို သနပ်တည်လေ့ ရှိပါတယ်။ အသီးအနှံတွေကျတော့ စပျစ်သီး၊ Cranberries, Prunes စသည်တို့ကို သနပ်တည်ကြတာများပါ တယ်။ ဟင်းပွဲများအတွက် အရသာထူးခြားမှု ပေးစေနိုင်တာကြောင့် ဖြစ်ပါတယ်။ အများဆုံးအသုံးများပြီး ထည့်ဖြစ်သော သနပ်တည်နည်းကတော့ သခွားသီးသနပ်ဖြစ်ပါတယ်။ သခွားသီးသနပ်လုပ်ရာမှာ သခွားသီးရဲ့ ထိပ်နှစ်ဖက်ကို လှီးထုတ်ပစ်ပြီး လိုချင်သလို ပုံစံမျိုးအရွယ်လှီးကာ သနပ်ချဉ်တည်လို့ရပါပြီ။ သနပ်ချဉ်မတည်ခင်မှာ သခွားသီးကို သေချာရေမဆေးရသေးလျှင် သနပ်ချဉ်ကြာရှည်မခံဘဲ ပုပ်သိုးပျက်စီး တတ်ပါတယ်။ သနပ်မတည်ခင် အသီးအရွက်များ၊ အသီးအနှံများကို သေချာရေဆေးဖို့ လိုအပ်ပါတယ်။ သနပ်တည်ရာမှာ ထည့်သွင်းမည့် အမွှေးအကြိုင်များကလည်း သေချာ ကိုယ်ကြိုက်နှစ်သက်သော ဟင်းခတ်အမွှေးအကြိုင်များကို ရွေးချယ်ပြီး ကြိတ်သင့်ပါတယ်။ သနပ်တည်ဖို့  အရည်လုပ်ရာမှာ ကြက်သွန်ဖြူ၊ Dill ၊ တခြားဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ကရဝေးရွက်နှင့် နနွင်းမှုန့်တို့ကို အများဆုံးအသုံးပြုတတ်ကြပါတယ်။ သနပ်တည်ရန် အသုံးပြုမည့် ဟင်းသီးဟင်းရွက်ပေါ်မူတည်ပြီး ဟင်းခတ်အမွှေးအကြိုင်ကို ရွေးချယ်ကာ သနပ်တည်မည့်ပမာဏပေါ်မူတည်ပြီး ဟင်းခတ်အမွှေးအကြိုင်တို့ကို မည်မျှသုံးမလဲလို့ ချိန်ဆပါ။ ကြက်သွန်ဖြူအသုံးပြုမည်ဆိုလျှင် အလုံးလိုက်ဖြစ်စေ၊ ခပ်ပါးပါးလှီးပြီးဖြစ်စေ၊ ထည့်လို့ရပါတယ်။ လေးညှင်းပွင့်၊ မုန်ညင်းစေ့၊ တရုတ်နံနံစေ့များကိုသာ မက်ဆီကန် ငရုတ်သီး၊ ငရုတ်ကောင်းများကို အသုံးပြုကြတာများပါတယ်။ ဟင်းခတ်အမွှေးအကြိုင် တစ်ဝက်ခန့်ကို ဖန်ပုလင်းထဲ ထည့်ပါ။  ပြီးလျှင် ကျန်ဟင်းခတ်အမွှေးအကြိုင်များကို ထပ် ထည့်ပါ။ ပြီးလျှင် သနပ်စိမ်ရန် အရည်များထည့်ပြီး အဖုံးပိတ်ရန် နေရာအနည်းငယ် ချန်ထားပါ။အပြည့်အလျှံကြီးမထည့်ရပါ။

          သနပ်အရည် လုပ်ရန် – သနပ်တည်ရန် ရေတစ်ဂါလန်၊ ဝိုင်ရှလကာရည်နှင့် ဆားခွက်တစ်ဝက်ကို ပွက်ပွက်ဆူအောင်တည်ပါ။ ပြီးလျှင် သနပ်တည်ရန် အသင့်ထည့်ထားသော ဟင်းသီးဟင်းရွက်တွေထဲ လောင်းထည့်ပါ။ အအေးခံပါ။ ပြီးလျှင် အဖုံးလုံအောင် ပိတ်ပြီး အချဉ်ဖောက်ထားပါ။ သနပ်ဖန်ပုလင်းကို လေလုံခြောက်သွေ့ အမှောင်ထဲမှ အခန်းအပူချိန်ဖြင့် ၆ ပတ်ခန့်ထားပါ။ ၆ ပတ်ပြည့်လျှင် အဖုံးဖွင့်ပြီး အပေါ်အရည်များဖယ်ထုတ်ပြီး အဖုံးလုံအောင်ပိတ်ကာ ကြွပ်ရွသောအရသာကို လိုချင်သည်ဆိုလျှင် ရေခဲသေတ္တာထဲ တစ်ပတ်ခန့် ထပ်မံထားလိုက်ပါ။ စားသုံးမည်ဆိုလျှင် ဇွန်းသန့်သန့်ဖြင့် ခပ်ယူသုံးဆောင်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ ပြန်ထည့်ထားပါ။ ဇွန်းမသန့်တာနှင့် ခပ်ယူတာပဲဖြစ်စေ၊ နေပူထဲမှာပဲထားတာဖြစ်စေ ချွဲပျစ်ကာ အချဉ်စူးသွားပြီး ပျက်စီးသွားတတ်ပါတယ်။ ဆားစိမ်နဲ့သနပ်တွေက နေ့စဉ်ထမင်းဝိုင်းမှာ ထမင်းမြိန်စေသော အရန်ဟင်းပွဲနေရာမှာ မရှိမဖြစ် ရှိသင့်တဲ့အရန်ဟင်းတစ်ခွက်ပါ။ ထမင်းမြိန်စေသော အရန်ဟင်းတစ်ခွက်ကို အနံ့အရသာပြည့်ဝအောင် ပြုလုပ်မည်ဆိုလျှင် မိသားစုအနည်းအများပေါ်မူတည်ပြီး  သနပ်စိမ်ရာမှာ အများကြီး တစ်ခါတည်း စိမ်ထားလျှင် အချိန်ကုန်သက်သာစေပါတယ် ဆိုတာ အကြံပြုရင်း နောက်လတွေမှာလည်း မည်သည့်မီးဖိုချောင်သုံးပစ္စည်းများ (သို့) မီးဖိုချောင်အတွင်းမှ အစားအစာများရဲ့  အကြောင်းအရာများကို တင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦးရှင့်။ စည် ကျောင်းတုန်းက သင်ခဲ့ရသော Making Pickle ဘာသာရပ်မှ စိတ်ဝင်စားစရာအကြောင်းလေးများနဲ့အတူ http://www.streetdirectory.com/food_editorials/health_food/vegetables/carefully_select_the_pickle_jars.html မှ ရရှိသော အကြောင်းအရာလေးများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy day to you all

မှတ်ချက်- ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိလျှင်ရှိတတ်ပါသည်။

Facebook Comments