အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှပစ္စည်းများကို အသုံးပြုနည်းအကြောင်း ခန္ဓာကိုယ်အတွက် ကျန်းမာလှပစေမည့် မီးဖိုချောင်သုံးပစ္စည်းလေးများအကြောင်း

          ဒီလရဲ့  ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများအကြောင်းမှာ မီးဖိုချောင်ထဲမှာ နေ့စဉ် ချက်ပြုတ်  အသုံးပြုနေသော အစားအစာတွေက ကိုယ့်ရဲ့ တစ်ကိုယ်ရေတစ်ကာယအတွက် သတိပြုစားသုံးမယ်ဆိုလျှင် လှပတင့်တယ်  ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ် ဖြစ်နေမှာပါ။  မီးဖိုချောင်ထဲမှာရှိသော ပစ်္စည်းများနဲ့ နေ့စဉ်စားသုံးပြီး ခန္ဓာကိုယ်လှပအောင် ပြောပြရမယ်ဆိုရင် သူများတွေ ရင်မခုန်ခင် စည်ကတော့ အရင် ရင်ခုန်စိတ်လှုပ်ရှားမိတာအမှန်ပဲ။ တခြားလွယ်ကူမယ့် နည်းလမ်းတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ စည် သိတာတွေ၊ တတ်တာတွေ လက်တွေ့လေးများနှင့်အတူ အားလုံးအတွက်  ပြန်လည်ရှယ်ထားပါတယ်။ ဒီလရဲ့ This & That မှာ အားလုံးလေ့လာ အသုံးပြုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

          ကိုယ်အလေးချိန်လျှော့ချနိုင်တဲ့ ချင်းနဲ့ သံပရာသီးဖျော်ရည် – ရေတစ်ခွက်ကို ဆူအောင် တည်ထားပါ။ ဆူသွားပြီးရင် မီးဖိုပေါ်ကနေ ဖယ်လိုက်ပါ။ ပါးပါးလှီးထားတဲ့ ချင်းတစ်ခုကို  အဲဒီခွက်ထဲထည့်ပြီး  ၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးလျှင် သံပရာသီး တစ်လုံး ညှစ်ထည့်ပြီး မနက်စာမစားခင်မှာ သောက်ပါ။ ချင်းနဲ့ သံပရာသီးတို့ရဲ့  အကျိုးကျေးဇူးက သွေးကို သန့်စင်ပေးပါတယ်။ သွေးထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျှော့ချပေးပါတယ်။

          ကိုယ်ခံအားစနစ်ကို အားကောင်းစေ – သံပရာသီးရော၊ ချင်းတွေမှာပါ ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီအပြင် အသက်ရှူလမ်းကြောင်းရောဂါ၊ အသံဝင်တာ၊ ရောဂါပိုးမွှားဝင်တာ၊ အအေးမိတာတို့ကို သက်သာစေပါတယ်။

          အသားအရေကျန်းမာရေးအတွက် ကောင်းမွန် – ချင်းနဲ့ သံပရာသီးတို့က  ဗီတာမင် C နဲ့ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် အသားအရေကို နုပျိုလှပစေပါတယ်။ မီးဖိုချောင်ထဲမှာ ချင်း၊ သံပရာသီးသာမက တခြားရှိတတ်သော အစားအစာများကလည်း အဆီပိုများကို ဖယ်ရှားပေးနိုင်ပါတယ်။

          ဗိုက်အဆီပိုတွေကိုဖယ်ရှားရာမှာ အလွန်အထောက်အကူပြုတဲ့ အစားအစာများ – အမျိုးသမီးများအတွက် အဓိက စိုးရိမ်ပူပန်စရာတစ်ခုဖြစ်သော ဗိုက်မှအဆီပိုများဟာ သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ရဆိုးစေရုံသာမက သွေးပေါင်ချိန်၊ ဆီးချိုနှင့် အသည်း အဆီဖုံးတဲ့ရောဂါများ ဖြစ်နိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။ လူအများစုဟာ အဲဒီအဆီပိုများကို ဖယ်ရှားဖို့အတွက် အစာလျှော့စားကြပေမယ့်လည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါ။ ကြည့်မကောင်းသော ဗိုက်ရှိ အဆီပိုတွေကို ပျောက်သွားဖို့အတွက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းနှစ်ခုမှာ အစားအသောက်များကို စနစ်တကျ ရွေးချယ်စားသောက်တတ်ဖို့နှင့် ကိုယ်ကာယလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပေးဖို့ ဖြစ်ပါ တယ်။ အဲဒီအတွက် မည်သည့်အစားအစာများက မလိုလားအပ်သော ဗိုက်အဆီပိုတွေကို ဖယ်ရှားပစ်ဖို့ ကူညီပေးနိုင်သလဲဆိုတာ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

          အယ်လ်မွန်စေ့ – အယ်လ်မွန်မှာပါဝင်တဲ့ ကျန်းမာရေးနှင့်ညီညွတ်သော အဆီများဟာ အလွန်အကျွံစားသုံးခြင်းမှ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်ပေါ်ခြင်းကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ကြွက်သားများ တည်ဆောက်ဖို့အတွက် လိုအပ်သော မဂ္ဂနီဆီယမ်မြင့်မားစွာပါဝင်ပြီး အဆီပိုများကို လောင်ကျွမ်းဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

          ဖရဲသီး – ရေပါဝင်မှု ၉၁ ရာခိုင်နှုန်းရှိသောကြောင့် အစာမစားမီ ဦးစွာ ဖရဲသီးကို စားထားခြင်းက ထမင်းစားနေစဉ်အတွင်း အခြားကယ်လိုရီများ ထပ်မပေါင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဖရဲသီးဖျော်ရည်ကို နေ့စဉ်နေ့တိုင်း ရှစ်ပတ်ကြာ သောက်သုံးပေးပါက ကိုယ်အလေးချိန်ကို အံ့မခန်းလောက်အောင် လျော့ကျသွားစေနိုင်ပါတယ်။

          ပဲများ – အမျိုးမတူသော ပဲများကို စားသုံးပေးခြင်းဟာ ခန်္ဓာကိုယ်အဆီကို လျှော့ချပေးပြီး ကြွက်သားများဖွံ့ ဖြိုးစေခြင်း၊ အစာခြေစနစ်ကို တိုးတက်စေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်ကြာကြာ ဗိုက်ပြည့်နေစေမှာဖြစ်တာကြောင့် အလွန်အကျွံစားခြင်းမှလည်း တားဆီးပေးနိုင်ပါတယ်။

          တရုတ်နံနံ – ချပ်ရပ်သောဗိုက်အလှကို ရရှိနိုင်ဖို့အတွက်  တရုတ်နံနံကဲ့သို့ ကယ်လိုရီနည်းပါးသော ဟင်းသီးဟင်းရွက်များ စားသောက်ဖို့ အလွန်အရေးကြီးပါတယ်။ ထိုမျှသာမက အမျိုးသမီးများမှာ ဖြစ်ပွားတတ်တဲ့ သားအိမ်ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

          သခွားသီး – လတ်ဆတ်အေးမြပြီး ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ အစားအစာတစ်ခုဖြစ်ပြီး သခွားသီးကို နေ့စဉ်မှန်မှန်စားသုံးပေးပါက သင့်အသားအရေကို ၀င်းလက် တောက်ပလာစေနိုင်ပါတယ်။

          ခရမ်းချဉ်သီး – ဗိုက်အဆီများကို ဖယ်ရှားရန်သာမက အ၀လွန်ခြင်းနှင့် ဆက်စပ်နေသော နာတာရှည်ရောဂါများမှလည်း ကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတစ်ခုဖြစ်သောကြောင့် အရေးအကြောင်းများ၊ ကင်ဆာရောဂါများ၊ ကိုလက်စထရော ပမာဏနည်းပါးအောင် လုပ်ဆောင်ရာတို့တွင်လည်း အထောက်အကူပြုနိုင်ပါသေးတယ်။

          ထောပတ်သီး – ထောပတ်သီးမှာ ပါဝင်တဲ့ Lecithin  ခေါ် အမီနိုအက်ဆစ်ဟာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အလှအပ ဆိုင်ရာကောင်းကျိုးများကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

          ဒီအစားအစာတွေ အားလုံးဟာ ကိုယ့်ရဲ့ မီးဖိုချောင်ထဲမှာ အမြဲလိုလို ရှိနေတတ်သော အစားအစာတွေဖြစ်တဲ့အတွက် နေ့စဉ်ပုံမှန် အသင့်အတင့် စားသုံးရင်းနဲ့ ခန္ဓာကိုယ် အဆီပို မတက်အောင်၊ ကျန်းမာညီညွတ်အောင် နေနိုင်စေဖို့ အားလုံးအတွက်  ရှယ်ပေးလိုက်ပါတယ်။

          နောက်လတွေမှာလည်း ဘယ်လို မီးဖိုချောင်သုံး ပစ္စည်းများ (သို့) မီးဖိုချောင်အတွင်းမှ အစားအစာများရဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦး။ စည် ကျောင်းတုန်းက သင်ခဲ့ရသော  Healthy Eating & Nutrition ဘာသာရပ်မှ စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့အတူ www.stylecraze.com မှ ရရှိသော အကြောင်းအရာလေးများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။

Happy day to you all

မှတ်ချက် – ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

Syi Lwin Foods Garden

Facebook Comments