အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများအကြောင်း လွယ်ကူမြန်ဆန်စွာ ပုလင်းအဖုံးဖွင့်နည်း (7 Ways to Loosen a Jar Lid That’s Stuck Tight)

by Syi Lwin Foodsgarden for Food Magazine

          ဒီလရဲ့ ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများအကြောင်းကို ပြောပြရမယ်ဆိုရင် သူများတွေ ရင်မခုန်ခင် စည်ကတော့ အရင်  ရင်ခုန်စိတ်လှုပ်ရှားမိတာအမှန်ပဲ။ Jar တွေ၊ ပုလင်းတွေ အဖုံးဖွင့်တဲ့အခါ များသောအားဖြင့် ယိုပုလင်း၊ ဆော့စ်ပုလင်းတွေ၊ အသင့်စား ပုလင်းတွေကို အဖုံးဖွင့်ရတာ လေလုံပြီး  အင်မတန် ခက်ခဲတင်းကျပ်နေတတ်တာကြောင့် လက်ဖြင့်ဖွင့်တဲ့အခါ အားကုန်တဲ့အထိ လက်နဲ့အားစိုက်ဖွင့်ရတဲ့အခါမျိုးတွေဆိုရင် လက်ချောင်းတွေတောင် နာတတ်ပါတယ်။ လက်ပြင်ကြောတွေ  အကြောတင်တတ်တာမျိုးတွေတောင် ဖြစ်တတ်ပါတယ်။ တခြားလွယ်ကူမယ့် နည်းလမ်းတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ စည် သိမြင်ဖူးတာတွေကို လက်တွေ့လေးတွေနဲ့ ပြန်လည် မျှဝေထားပါတယ်။ ဒီလရဲ့ This & That မှာ အားလုံးလေ့လာ အသုံးပြုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

          ပုလင်းဖုံးဖွင့်ရင် ပုလင်းထဲက အရာကိုမျှော်လင့်ချက်ဖြင့် ဘယ်လောက်ပဲ အားစိုက်ရ စိုက်ရ ရအောင်၊ ပွင့်အောင်ဖွင့်မှ ဆိုပြီး တစ်ကိုယ်လုံးမှာ ရှိသမျှအင်အားတွေကို လက်မှာ စုစည်းပြီး ပုလင်းအဖုံးကို ဖွင့်ဖောက်တတ်ကြပါတယ်။ “ဖောက်” ခနဲ အသံထွက်မှပဲ စိတ်ထဲပျော်သွားတဲ့ခံစားချက်က ဘယ်လိုပြောပြရမှန်းကို မသိပါဘူး။

          ကိုယ်နဲ့အသုံးတည့်နိုင်မယ့် နည်းလမ်းများကို ဗဟုသုတရစေဖို့ အကြံပြု မျှဝေထားပါတယ်။ ၁။         ရော်ဘာလက်အိတ် (Latex Gloves) ကိုဝတ်ပြီး (အိမ်သန့်ရှင်းရေးလုပ်လျှင်ဝတ်သော လက်အိတ်) ဖွင့်နိုင်ပါတယ်။ ရော်ဘာလက်အိတ်ဆိုလျှင် လက်အိတ်ရဲ့လက်ဖဝါးဘက် အခြမ်းမှာ ဆူးကြမ်းလို အဖုအထစ်တွေ ပါရှိတာကြောင့် ပုလင်းအဖုံးဖွင့်မယ်ဆို သေချာ ကိုင်တွယ် ရစ်လိမ်ပြီး ဖွင့်နိုင်ပါတယ်။ ၁၀ဝ % အဆင်ပြေသော နည်းလမ်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနီးပါး အိမ်ရှင်မတွေ၊ စားဖိုမှူးတွေ လွယ်ကူလျင်မြန်တဲ့ နည်းလမ်းကောင်း ရှာဖွေနေသော အသင်းများမှ အကြံပြုထားသော နည်းဖြစ်ပါတယ်။

မှတ်ချက် – အစားအသောက်အရာတွေ ကိုင်တွယ်မယ်ဆိုလျှင်တော့ လက်အိတ်အသစ်ဖြင့် ကိုင်တွယ်ပါ။

၂။       ပုလင်းဖုံးကို မဖွင့်ခင် အဖုံးနံဘေးမှ နှုတ်ခမ်းနားကို ဓားအဟောင်း ခပ်တုံးတုံးဖြင့် ပုလင်းကို ပတ်ချာလည်လှည့်ပြီး ထုပေးပါ။ လေလုံအောင် ပိတ်ထားသောဘူးအဖုံး အလွယ်တကူ ပွင့်ထွက်လာပါလိမ့်မယ်။ ပုလင်းဖုံး နှုတ်ခမ်းနားကို ထုတယ်ဆိုတာလည်း အရှိန်က အရမ်းပြင်းလို့ မရပါဘူး။ ပုလင်းတွေကွဲအက်တာ၊ ပဲ့တာလည်း ဖြစ်တတ်ပါတယ်။ အဲဒီတော့ သတိတော့ထားရပါတယ်။ စည် ငယ်ငယ်က ဩစတြေးလျမှာနေတုန်းက ဖိလစ်ပိုင်-ဂရိလူမျိုး အဘွားရဲ့ သင်ကြားပေးခဲ့သော နည်းပါ။ ၉၉ ရာခိုင်နှုန်းလောက်တော့ အောင်မြင်မှုရှိပါတယ်။

၃။       လက်သုတ်ပဝါ ခပ်ကြမ်းကြမ်း (သို့) မျက်နှာသုတ်ပဝါ ကြမ်းကြမ်းကို ရေစိုအောင် လုပ်ပြီး ပုလင်းအဖုံးနှင့် ပုလင်းရဲ့အောက်ခြေကို သေချာကိုင်တွယ်ပြီး ပုလင်းအဖုံးကို သေချာရစ်ဖွင့်နိုင်ပါတယ်။ လက်က အနည်းငယ်ပဲ အားသုံးစရာလိုပါတယ်။ တစ်ကိုယ်လုံး အားထည့်စရာမလိုတော့ပါ။

၎။       ပုလင်းအဖုံးရဲ့ အရစ်ပတ်တွေ အနည်းငယ်ချောင်ပြီး လျော့သွားအောင် ရေအပူပိုက်အောက်မှာ ရေအပူအနည်းငယ်ဖွင့်ထားပြီး ပုလင်းကို ဇောက်ထိုးထားပါ။ ဒါမှ ပုလင်းအဖုံးဆီ ရေအပူထိပြီး အလွယ်တကူ အရစ်ပတ်တွေ လျော့ရဲသွားမှာပါ။ ဒါမှ မဟုတ်ရင် ရေနွေးပူပူ ဇလုံတစ်ခုတည်း ပုလင်းဖုံး မြုပ်ရုံ ရေနွေးပူပူထည့်ပြီး စိမ်ထားပါ။ အလွယ်တကူ ဖွင့်လို့အဆင်ပြေပါလိမ့်မယ်။

၅။       သရေပင်ကွင်းအပြားကြီးကို ပုလင်းဖုံးမှာစွပ်လိုက်ပါ။ ပြီးမှ အပေါ်ကနေ လက်ဖြင့် ရစ်ဖွင့်လိုက်ပါ။ အားသိပ်စိုက်စရာမလိုဘဲ ပုလင်းဖုံး ပွင့်လာပါလိမ့်မယ်။ အဖုံးမပွင့်ဘူးဆိုလျှင် နောက်သရေပင် ကွင်းအပြားကြီးကို ပုလင်းမှ စွပ်ပြီး လက်တစ်ဖက်ဖြင့် ပုလင်းမှာ စွပ်ထားသော သရေပင်ပေါ် ကိုင်ပြီး နောက်တစ်ဖက်ဖြင့် ပုလင်းအဖုံးအားညှစ်ပါ။ အိမ်ရှင်မတော်တော်များများက အဆင်ပြေတယ်လို့ပြောသော နည်းလမ်းဖြစ်ပါတယ်။

၆။       ပုလင်းဖုံးရဲ့ အလယ်တည့်တည့်ကို ဓားဦးချွန်ဖြင့် အနည်းငယ်ဖောက်လိုက်ချင်းအားဖြင့် ပုလင်းထဲမှ လေဖိအားများ ထွက်သွားပြီး အဖုံးဖွင့်ရတာ လွယ်ကူသွားစေပါတယ်လို့ တချို့အိမ်ရှင်မတွေက ဆိုထားပါတယ်။

၇။       ပုလင်းဖုံးမဖွင့်ခင် ပုလင်းအောက်ခြေကို နာနာဆောင့်ပေးပါ။ လက်ဖဝါးပေါ်တင်ပြီး၊ ဒါမှမဟုတ် လက်သုတ်ပဝါ ခပ်ထူထူပေါ်တင်ပြီး ဆောင့်ပါ။ ပုလင်းအထူအပါးပေါ်မူတည်ပြီး ပုလင်းဆောင့်တာ အားအရမ်းမပြင်းပါစေနှင့်။ ပုလင်းကွဲအက်တတ်ပါတယ်။

          အဖုံးဖွင့်လို့ရသော ပုလင်းများကို ပုလင်းထဲမှာ ပစ္စည်းများကို လိုသလောက် အသုံးပြုပြီးလျှင် သေချာရေဖြင့် အဝတ်စိုဖြင့် ဆေးသုတ်ပြီးမှ ပြန်ပိတ်ပါ။ သန့်ရှင်းရေး မလုပ်ဘဲ ပြန်ပိတ်လျှင် ပိုပြီးဖွင့်ရခက်ပါတယ်။ ပုလင်းအဖုံးနဲ့ ပုလင်းနှုတ်ခမ်းမှာ ပေကျံ ခဲ့သော ဆော့စ်၊ ဟင်းအနှစ်၊ ယိုအနှစ်များတွေကြောင့် ပုလင်းအဖုံးနဲ့ ပုလင်းနှုတ်ခမ်းကြားမှ ကော်လိုခြောက်ကပ်ပြီး ပိုပြီး အဖွင့်ရခက်သွားစေပါတယ်။ အဲဒီလို အခါမျိုးဆိုလျှင်တော့ ရေနွေးပူပူဖြင့် စိမ်ထားပြီးမှ ဖွင့်လျှင်တော့ရပါတယ်။ နည်းလမ်းတွေကတော့ မျိုးစုံ ရှိကြပါတယ်။ စည် မသိထားတာတွေလည်း အများကြီး ရှိဦးမှာပါ။ ပရိသတ်ကြီးဆီမှာ ရှိခဲ့ရင်လည်း ပြန်မျှဝေပေးနော်။ ကိုယ်တိုင် လက်တွေ့အဆင်ပြေဆုံးနည်းလမ်းကို အန္တရာယ်ကင်းကင်းနဲ့ အသုံးတည့်နိုင်တာကို ရှာဖွေတွေ့ရှိနိုင်ပါစေ။ နောက်လတွေ မှာလည်း ဘယ်လိုမီးဖိုချောင်သုံးပစ္စည်းများ (သို့) မီးဖိုချောင်အတွင်းမှ အစားအစာများရဲ့ အကြောင်း အရာလေးတွေကို ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦး။ စည် ကျောင်းတုန်းက သင်ခဲ့ရသော Take Caring Kitchen Utensils ဘာသာရပ်မှ စိတ်ဝင်စား စရာအကြောင်းလေးများနှင့်အတူ http://tipnut.com/loosen-lids/ မှ ရရှိသော အကြောင်းအရာလေးများနှင့် ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy day to you all

မှတ်ချက် – ဖော်ပြထားသည့် Information သည် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိလျှင် ရှိတတ်ပါသည်။

Facebook Comments