အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများနဲ့ မီးဖိုချောင်အတွက် အသုံးဝင်စေမည့်အကြောင်း

ငါးဝယ်မယ်ဆို သိထားဖွယ်

(Tips On How To Buy Fresh Fish)

          ဒီလရဲ့ ရင်ခုန်လေ့လာစရာ မီးဖိုချောင်အတွက် စိတ်ဝင်စားစရာအဖြစ် မသိသေးသော သူများအတွက်  Tips On How To Buy Fresh Fish အကြောင်းကို ရှယ်ပေးချင်ပါတယ်။ ရပ်ကွက်ဈေးပဲဖြစ်စေ၊ စူပါမားကတ်ပဲဖြစ်စေ လတ်ဆတ်သော ငါးတစ်ကောင်ကို ဘယ်လို ဝယ်ရမလဲဆိုတာ တစ်ခါတလေ ဇဝေဇဝါဖြစ်တတ်ပါတယ်။ ရပ်ကွက်ဈေးနဲ့ စူပါမားကတ်မှာ ရောင်းတဲ့ငါးတောင် မတူတာတွေ ရှိတတ်ပါသေးတယ်။ ရေခဲအုပ်ပြီးရင် ကြာကြာခံအောင်ထားတဲ့ ငါးနဲ့ ဈေးထဲကနေ လတ်လတ်ဆတ်ဆတ် ရရှိသောငါးရဲ့ အရသာချင်း ကွာခြားမှုတွေက ချက်မယ်၊ ကြော်မယ်၊ အရည်သောက်ချက်မယ်ဆို သိပ်သိ သာပါတယ်။ ငါးကို ပုံမှန်စားသုံးမှုနည်းသောသူများအတွက် အမြဲကြုံတွေ့ရတတ်တဲ့ အခက်အခဲလေးပါ။ ဘယ်လိုကြည့်ပြီး လတ်ဆတ်ကောင်းမွန်တဲ့ငါးကို ရွေးဝယ်ရမလဲ၊ ဘာတွေကြည့် ဝယ်ရမလဲ စသည်ဖြင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလရဲ့ Thit & That မှာ ငါးကို လွယ်ကူလျင်မြန်အဆင်ပြေစွာ ဝယ်ယူလို့ရအောင် အကြံပြုမျှဝေထားပါတယ်။ နောက်တစ်ခါ ဈေး၊ စူပါမားကတ်မှာ ငါးဝယ်မယ်ဆိုရင် ဒီအချက်လေးတွေ သတိပြုပြီး ဝယ်လို့ရပါတယ်။

♦        ငါးရဲ့အနံ့ကို အရင်ဆုံး အနံ့ခံကြည့်ပါ။ လတ်ဆတ်ပြီး ကောင်းသောငါးက သန့်ရှင်းပြီး လတ်ဆတ်သော ငါးအနံ့ပဲရပါလိမ့်မယ်။ ပင်လယ်ရေ ဆားငန်ရည်အနံ့ရပါလိမ့်မယ်။ ပင်လယ်ထဲက ပင်လယ်ရေနံ့လိုမျိုးပါ။ ငါးက ညှီနံ့အရမ်းထွက်ပြီး ပုပ်အဲ့အဲ့အနံ့မျိုးဆို မလတ်ဆတ်တာသေချာပါတယ်။

♦        ငါးတစ်ကောင်လုံး ဝယ်မယ်ဆိုရင် ငါးရဲ့ မျက်လုံးကိုကြည့်ပါ။ မျက်လုံးက တောက်ပြောင်ပြီး ပြည့်ဝနေရပါမယ်။ မျက်လုံးက ဖြူဖျော့ပြီး ချိုင့်ဝင်နေရင် အဲဒီငါးက အနည်းငယ်ကြာနေပါပြီ။ မလတ်ဆတ်ဘဲ အရသာ မရှိနိုင်တော့ပါ။

♦        ငါးရဲ့ အကြေးခွံနဲ့ အရေပြားကိုကြည့်လည်း သိသာပါတယ်။ လတ်ဆတ်သောငါးက အရောင်တောက်ပြောင် ချောမွေ့ပါတယ်။ မလတ်သောငါးက အကြေးခွံ မွဲခြောက်ခြောက်နဲ့ အနာတရအကွက်တွေလည်း ရှိတတ်ပါတယ်။

♦        ငါးဝယ်ရင် ကိုင်ကြည့်ပါ။ ငါးအသားက တင်းတင်းလေးနဲ့ ဖိလိုက်ရင် အိပြီးမဆင်းသွားဘဲ ဖိလိုက်တဲ့နေရာမှ ငါးအသားက ချက်ချင်းပြန်တက်လာရင် လတ်ဆတ်ပါတယ်။

♦        ငါးရဲ့ပါးဟက်ကို ဟကြည့်ပါ။ သန့်ရှင်းပြီး အနီရောင်သန်းနေရင် လတ်ဆတ်ပါတယ်။ ငါးမလတ်ရင် ပါးဟက်က မှိန်တဲ့အရောင်ရှိပြီး တစ်ခါတလေ အညိုရောင်ဖြစ် နေရင် လတ်ဆတ်မှု လုံးဝမရှိပါဘူး။

♦        ငါးအသားတုံးလိုက်ဝယ်မယ်ဆိုရင် ငါးအသားက အရောင်တောက်ပပြီး တင်းတင်းရင်းရင်းရှိတာက ကောင်းပါတယ်။ ငါးအသားကို ကြည့်တာနဲ့မှိန်ပြီး ပျော့ဖတ်နေရင် မကောင်းပါဘူး။ ငါးအသားကို ကိုင်လိုက်တာနဲ့ အသားဖတ်တွေ ပဲ့ထွက်ရင်လည်း မလတ်ပါဘူး။ လတ်ဆတ်သော ငါးနံ့ရပြီး စိုပြေသန့်ရှင်းနေရပါမယ်။ ချွဲကျိနေတာမျိုးတွေမဖြစ်ရင် ကောင်းပါတယ်။

♦        စူပါမားကတ်မှာထားသော ငါးများကိုရွေးချယ်ရာမှာ ငါးတစ်ကောင်လုံးကို ရေခဲဖြင့် သေချာထားပါသလား။ ငါးတုံးများကို သေချာအပူချိန် မှန်ကန်စွာထားပါသလား ဆိုတာကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။ ရေခဲပေါ်မှာ အရောင်စွန်းတာ ခဲရောင်၊ အပြာရောင်သန်းနေတာဆိုလည်း မကောင်းပါဘူး။ လတ်ဆတ်သောငါးက သန့် ရှင်းပြီး ခြောက်သွေ့လေ့ရှိတတ်ပါတယ်။ အပူချိန် မမှန်ကန်ပါက ဗက်တီးရီးယား ပိုးမွှား ပေါက်ဖွားနှုန်းရှိတတ်ပြီး စားသုံးရင် ဝမ်းလျှော၊ ဝမ်းပျက်၊ ဗိုက်နာ၊ ဗိုက်အောင့် တာမျိုးတွေ ဖြစ်တတ်ပါတယ်။

♦        ငါးညှီနံ့က အရမ်းမထွက်ဘဲ လတ်ဆတ် ပင်လယ်နံ့၊ ဆားငန်အနံ့ရရှိမှသာ လတ်ဆတ်ပါတယ်။

♦        (ငါးဝယ်မယ်ဆိုရင် လတ်လတ်ဆတ်ဆတ်နဲ့ ကိုယ်တိုင်ဖမ်းသော ငါးဖမ်းသမားများ၊ ရပ်ကွက်ဈေး ငါးဒိုင်တွေကနေ ဝယ်ယူတာ လတ်ဆတ်ပြီး လိုချင်သော အရသာ အာဟာရကို ရရှိစေပါတယ်။)

♦        ငါးကိုဝယ်ပြီးရင် လတ်လတ်ဆတ်ဆတ် ချက်ချင်းချက်စားတာ ပိုကောင်းပါတယ်။

♦        ငါးတစ်ကောင်လုံး ဝယ်မယ်ဆိုရင် ငါးအကြေးခွံက စေးကပ်မနေဘဲ ခြောက်သွေ့ပြီး နီရဲရဲလေးရှိနေရင် ကောင်းပါတယ်။

♦        ကိုယ်တိုင်ခံစားမှုကောင်းပြီး အနံ့ဆိုးရွားစွာ မထွက်ရင် ငါးဝယ်တာ ရွေးချယ်မှု ကောင်းပါတယ်။

♦        ငါးအသားလွာ ဝယ်ယူမယ်ဆိုရင် ငါးအသားတင်းစိုပြည်ပြီး အရောင်က တစ်ပြေးတည်းရှိတာမျိုး၊ ဒဏ်ရာတွေနဲ့ အညိုအမည်းစက်တွေရှိရင် မဝယ်သင့်ပါ။

          ဒီလောက်ဆိုရင် ငါးဝယ်ရင် သတိပြုရမယ့် အချက်လေးတွေ လုံလောက်လိမ့်မယ်လို့ထင်ပါတယ်။ နောက်လမှာ ဘယ်လိုမီးဖိုချောင်သုံးပစ္စည်းများ (သို့) မီးဖိုချောင်တွင် အသုံးတည့်စေမယ့် အကြောင်းအရာလေးတွေကို ဖော်ပြပေးသွားမလဲ ဆိုတာစောင့်မျှော် ဖတ်ရှုကြပါဦး။ စည် ကျောင်းတုန်းက သင်ခဲ့ရတဲ့ Seafood ဘာသာရပ်မှ စိတ်ဝင်စားစရာအကြောင်းလေးများနဲ့အတူ www. http://usa.how-to-choose-fresh-fishs မှ ရရှိသော အကြောင်းအရာလေးများနှင့် အတူပူးတွဲ ဖော်ပြလိုက်ပါတယ်။Happy day to you all…

မှတ်ချက်  –  ဖော်ပြထားသည့် Information သည် နိုင်ငံ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အနည်းငယ်ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

♦   Syi Lwin Foods Garden   ♦

Facebook Comments