အာဟာရပြည့်ဝစေရန် စားသုံးခြင်း၏ အကျိုးကျေးဇူးများ

by ဒေါက်တာ ညီညီကျော် for Food Magazine

          နေ့စဉ်ပြုလုပ်နေရတဲ့ စား၊ ဝတ်၊ နေရေး အလုပ်ကြီး သုံးခုမှာ ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့အတွက် အာဟာရ ပြည့်ပြည့်ဝ၀နဲ့ ကျန်းမာရေးနှင့်အညီ စားပေးဖို့က အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။

          အဓိကစားရမယ့် အစားအစာအုပ်စု (၅) မျိုး ရှိပါတယ်။

၁။       ကာဗိုဟိုက်ဒရိတ် – ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ သကြားဓာတ်ဟာ ကျွန်တော်တို့စားရမယ့် အစား အစာတွေရဲ့  ၅၀-၆၀ ရာခိုင်နှုန်း စားပေးဖို့ လိုပါတယ်။ ကာဗိုဟိုက်ဒရိတ်က အဓိကအားဖြင့် ဆန်၊ ဂျုံ၊ ပြောင်း၊ ပေါင်မုန့်၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ သစ်သီးဝလံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို စားပေးခြင်းဖြင့် ရနိုင်ပါတယ်။ သကြား၊ ပျားရည် စသည်တို့ကလည်း ရပါတယ်။ ဒါပေမဲ့ ကျန်းမာတဲ့ လူနေမှုဘဝ ရရှိဖို့အတွက်ကတော့ မြန်မာလူမျိုးတွေ အဓိကစားတဲ့ထမင်းကို အိမ်မှာစားနေတဲ့ ထမင်းပန်းကန်ရဲ့  လေးပုံတစ်ပုံ၊ ဟင်းသီးဟင်းရွက်ကို လေးပုံနှစ်ပုံ စားပေးရပါမယ်။ ကာဗိုဟိုက်ဒရိတ်ချင်းအတူတူ ထမင်းကို အများချည်းစားလိုက်တာမျိုး မလုပ်သင့်ပါ။ ထမင်း၊ ဂျုံ၊ ပြောင်း၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ အာလူးနှင့် ပိန်းဥတို့က  ကစီဓာတ် ပါဝင်မှုများတဲ့အတွက် လိုအပ်တာထက် ပိုစားမိရင် ဆီးချို ရောဂါဖြစ်လာစေနိုင်ပါတယ်။

၂။       အသားဓာတ် – အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးကို ထမင်းပန်ကန်ရဲ့ လေးပုံသုံးပုံ စားပေးရပါမယ်။ အသားစားတဲ့ နေရာမှာလည်း အရေခွံ၊ တောင်ပံ၊ ဆီဘူး၊ ခြေထောက်၊ အခေါက်၊ ကလီစာ၊ အသည်း၊ ဦးနှောက်စသည်တို့ကို မစားသင့်ပါဘူး။

၃။       အဆီဓာတ် – ကောင်းတဲ့အဆီတွေ စားပေးဖို့ လိုပါတယ်။ ကောင်းတဲ့ အဆီဓာတ်ဆိုတာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ ဖွဲနုဆီတို့အပြင် အဆန်အစေ့များဖြစ်ကြတဲ့ မြေပဲ၊ နေကြာစေ့၊ သီဟိုဠ်စေ့၊ ဗာဒံစေ့ စသည်တို့ကိုပါ စားလို့ရပါတယ်။ ဒါ့အပြင် ထောပတ်သီးကလည်း ကောင်းတဲ့ဆီအမျိုး အစားထဲမှာ ပါဝင်လို့ စားပေးသင့်ပါတယ်။ အထူးရှောင်ကြဉ်သင့်တာကတော့ တိရစ္ဆာန်ရဲ့ အဆီတွေဖြစ်တဲ့ အရေခွံ၊ အခေါက် စသည်တို့ကို ရှောင်ကြဉ် သင့်ပါတယ်။ ကိတ်မုန့်ခရင်မ်တွေလည်း ရှောင်ကြဉ်သင့်ပါတယ်။

၎။       ဗီတာမင်ပြည့်ဝအောင် စားပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်ဆိုတဲ့နေရာမှာ A, D, E, K, B Complex နှင့် C တို့ ဖြစ်ပါတယ်။ ဗီတာမင် A ကတော့ မျက်စိကျန်းမာရေးနှင့် အရေပြားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ မျက်စိကို အားကောင်းစေပါတယ်။ ဗီတာမင် A ပြည့်ဝဖို့အတွက် အဝါရောင်ရှိတဲ့ အသီးအနှံတွေကို စားပေးရပါမယ်။ ဥပမာ- ကန်စွန်းဥအဝါ၊ ရွှေဖရုံသီး၊ ဗီတာမင် D ကတော့ အရိုးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အရိုးပျော့ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် D ကတော့ နေရောင်ခြည်က အဓိကရပါတယ်။ အချို့သော ဗီတာမင် D ထပ်ထည့်ထားတဲ့ နွားနို့နှင့် လိမ္မော်ရည်တို့မှာလည်း ဗီတာမင် D ပါဝင်ပါတယ်။ ဗီတာမင် E က အာရုံကြောအားကောင်းစေပါတယ်။ ဓာတ်တိုးဆန့်ကျင် ရှိတဲ့အတွက် ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E ကတော့ အဆန်အစေ့၊ ဆီအမျိုးမျိုး၊ ကြက်ဥနှင့် ပာင်းရွက်တို့မှာ ပါပါတယ်။ ဗီတာမင် K ကတော့ သွေးတိတ်အောင် ပြုလုပ်တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ အရိုးများ ကျန်းမာကြံ့ခိုင်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးပါ တယ်။ ဗီတာမင် K ကတော့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါးနှင့် နှံစားသီးနှံ တို့မှာ ပါဝင်ပါတယ်။ ဗီတာမင် B Complex ကတော့ အစားအသောက်အတော်များများမှာ ပါဝင်ပါ

တယ်။ ဗီတာမင် B ကတော့ အာရုံကြော အားကောင်းစေပါတယ်။ ဗီတာမင် C က အများသိတဲ့အတိုင်း ချဉ်တဲ့သစ်သီးဝလံတွေမှာ ပါတတ်သလို ငရုတ်ပွမှာလည်း ပါပါတယ်။ ဗီတာမင် C  ကတော့ ကိုယ်ခံစွမ်းအားကို တက်စေပြီး ရာသီအကူး အပြောင်းမှာ ဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုး ရောဂါတွေ၊ ဝမ်းပျက် ဝမ်းလျှောရောဂါတွေကို ကာကွယ်ပေးပါတယ်။

၅။       သတ္တုဓာတ်တွေ အများကြီးရှိပါတယ်။ အားလုံးက သူ့နေရာနဲ့သူ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သတ္တုဓာတ်ပြည့်ဝဖို့ ဘာတွေကို စားသုံးသင့်သလဲဆိုတော့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ နွားနို့ စသည်တို့ကို စားသုံးပေးရပါမယ်။

၆။       ရေကို သတိထားပြီး သောက်ပေးဖို့ လိုပါတယ်။ လူတော်တော်များများက ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ ရေကို ၂ လီတာ ပြည့်အောင် အနည်းဆုံး သောက်ပေးသင့်ပါတယ်။

၇။       အသီးကို တစ်နေ့ကို နှစ်ခါ အနည်းဆုံးစားပေး သင့်ပါတယ်။ တစ်ခါစားရင် တရုတ် ထမင်းပန်းကန်လုံး တစ်လုံးစာ စားပေးသင့်ပါတယ်။

၈။       အရွက်ကို တစ်နေ့ကို သုံးခါ အနည်းဆုံး စားပေးသင့်ပါတယ်။ တစ်ခါစားရင် ကြော်ပြီးသားဆိုလျှင် တရုတ်ထမင်းပန်းကန်လုံး တစ်ဝက်၊ အစိမ်းဆိုလျှင် တရုတ်ထမင်းပန်းကန်လုံး တစ်လုံးစာ စားပေးသင့် ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments