အစားအသောက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များနှင့် စားသုံးသူများ၏ ကျန်းမာရေး

by ဆုမြတ်ဦး for Food Magazine

          စားသုံးသူတွေရဲ့ အသိပညာတိုးပွားလာတာနဲ့အမျှ လူတိုင်းက အစားအသောက် တစ်ခုစားတိုင်း၊ ကုန်ပစ္စည်းတစ်ခုကို ကိုင်ကြည့်လိုက်တဲ့ အချိန်တိုင်းမှာ စားသုံးဖို့ စိတ်ချရရဲ့လား၊ ဘာအသိအမှတ်ပြုလက်မှတ်တွေ ရထားလဲ၊ ဘယ်ကနေ ပေးအပ် ထားတာလဲဆိုတဲ့ အချက်တွေကို ပိုမိုစိတ်ဝင်စားလာကြတယ်။ ဒါကြောင့် ဒီလိုအစားအသောက်နဲ့ပတ်သက်တဲ့ လက်မှတ်တွေအကြောင်း ဗဟုသုတတွေ၊ ဘယ်လိုရအောင် ကြိုးပမ်းရမယ်ဆိုတာတွေ၊ အစားအသောက်ကုန်ပစ္စည်း ထုတ်လုပ်သူတွေဘက်က ဒီလိုလက်မှတ်တွေ ရရှိအောင် ဘယ်လိုတွေကြိုးစားခဲ့ရလဲဆိုတာနဲ့ လက်မှတ်တွေ ရရှိ ထားတာကြောင့် စားသုံးသူတွေဘက်က ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ ရရှိမလဲဆိုတာတွေကို Food Magazine စာဖတ်ပရိသတ်ကြီး သိရှိနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

FDA ၏   လုပ်ငန်းစဉ်များ

          FDA လို့ အတိုကောက်ခေါ်နေတဲ့ Food and Drug Administration က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဖြစ်ပါတယ်။ FDA ဆိုတာကတော့ ပြည်သူတွေ သုံးစွဲစားသောက်နေတဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ ဆေးပစ္စည်းကိရိယာတွေ၊ အလှကုန်တွေကို ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် အဓိကထားလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံက အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနလို့ဆိုပေမယ့် တကယ်လုပ်နေတာကတော့ အစားအသောက်ရော၊ ဆေးဝါးရော၊ ဆေးပစ္စည်းရော၊ အလှကုန်တွေရော ၄ မျိုးစလုံးကို လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှ စားသုံးသူများက အသိပညာတွေတိုးပွားပြီး ခေတ်မီလာတဲ့အလျောက် စားသောက်ကုန်ပေါ်က အသိအမှတ်ပြုလက်မှတ်များကို သေချာကြည့်ပြီး ရွေးချယ်ဝယ်ယူလာကြသလို အစားအသောက်ကုန်ပစ္စည်း ထုတ်လုပ်သူ တော်တော်များများကလည်း အသိအမှတ်ပြုလက်မှတ်များ ရရှိရန် ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။  နိုင်ငံတကာ FDA များကလည်း သက်ဆိုင်ရာနိုင်ငံအလိုက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနေပြီဖြစ်သလို မြန်မာနိုင်ငံ FDA က အစားအသောက်ပိုင်းအတွက် ထုတ်ပေးနေတဲ့ အသိအမှတ်ပြုလက်မှတ်များနဲ့ ပတ်သက်ပြီးတော့ အစားအသောက်ပိုင်း တာဝန်ယူထားတဲ့ ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာမျိုးထွန်းကျော်က –

          “FDA ကနေ အစားအသောက်တွေအတွက် GMP ဆိုတဲ့ Good Manufacturing Practice (ကောင်းမွန်တဲ့ထုတ်လုပ်မှုကျင့်စဉ်) မှာရှိတယ်ဆိုရင် သက်တမ်း၂ နှစ်ရှိတဲ့ ထောက်ခံချက်လက်မှတ် ထုတ်ပေးပါတယ်။ GHP ဆိုတဲ့ Good Hygiene Practice (ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်) နဲ့ညီတယ်ဆိုရင် သက်တမ်း ၁ နှစ်ရှိတဲ့ ထောက်ခံချက်လက်မှတ် ထုတ်ပေးပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ အစားအသောက်တွေအတွက်ကတော့ IR (Import Recommendation) နဲ့ IHC (Import Health Certifi-cate) ဆိုတဲ့ လက်မှတ်တွေ ထုတ်ပေးပြီး ပြည်တွင်းမှာ ရောင်းချခွင့်ပေးထားပါတယ်။ ပြည်တွင်းကနေ ပြည်ပသို့တင်ပို့တဲ့ အစားအသောက်တွေအတွက်လည်း ER (Export Recommendation) နှင့် EHC (Export Health Certificate) တွေ ထုတ်ပေးထားပါတယ်။”လို့ ဖြေကြားခဲ့ပါတယ်။

          စားသောက်ကုန်တွေ၊ အိမ်တွင်းအစားအသောက်ထုတ်လုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ များပြားလာတာနဲ့အမျှ ဘယ်လိုစားသောက်ကုန်တွေကတော့ မစစ်မဖြစ် စစ်သင့်သလဲ၊ မစစ်ဘဲနေလို့ရော အဆင်ပြေရဲ့လားဆိုတာတွေက မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ ဒီလိုမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ မျိုးထွန်းကျော်က “FDA မှာ အစားအသောက်တွေကို လုံးဝစစ်ရမယ်လို့ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ အများပြည်သူစားသုံးနေတဲ့ ဒီအစားအသောက်တွေကို Food Safety ဆိုတဲ့ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိကဦးတည်ပြီး လုပ် ဆောင်နေတာဖြစ်တဲ့အတွက် ရောင်းချနေတဲ့ အစားအသောက်တွေက စိတ်ချရမှု တွေမရှိဘူးဆိုရင် စစ်ဆေးကြပ်မတ်ဖို့က FDA တာဝန်ဖြစ်နေပါတယ်။ လောလောဆယ် အနေအထားအရကတော့ ထုတ်လုပ်တဲ့ အစားအသောက်တိုင်း FDA မှာ အစစ်ခံရမယ်လို့ သတ်မှတ်မထားပါဘူး။ သို့ပေမဲ့လည်း သောက်သုံးနေတဲ့ သောက်ရေသန့်ကတော့ င်္ီဗ က ထောက်ခံချက် ယူကိုယူရမယ်။ ယူပြီးမှပဲ ဈေးကွက်မှာ တင်သွင်း ရောင်းချခွင့် ပေးထားပါတယ်။ ကျန်တဲ့အစားအသောက်တွေကတော့ FDA ထောက်ခံချက် လက်မှတ်လိုချင်ရင် လာပြီးလျှောက်ချင်လည်း ရတယ်။ မလျှောက်ချင်လည်း ဖြစ်တယ်”လို့ ပြောပါတယ်။

          ဖွံ့ဖြိုးတိုးတက်ဆဲ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ တိုးပွားလာပြီး ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခေတ်မီဈေးဝယ်စင်တာတွေ တိုးလာတာနဲ့အမျှ စားသောက်ကုန်တိုင်းမှာ အသိအမှတ်ပြုလက်မှတ်များက မရှိမဖြစ် လိုအပ်လာပါတယ်။ အခုဆိုရင် ဈေးဝယ်စင်တာလို နေရာမျိုးတွေမှာ၊ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာ မိမိရဲ့ စားသောက်ကုန်ကို တင်သွင်းရောင်းချမယ်ဆိုရင် ဘယ်လိုလက်မှတ် မျိုးတွေ ပါကိုပါ ရမယ်၊ အသိအမှတ်ပြုလက်မှတ်တွေရမှ တင်သွင်းခွင့်ပေးမယ် ဆိုတာမျိုးတွေ ဖြစ်လာပါပြီ။

          အစားအသောက်ထုတ်လုပ်သူ လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ကုန်ပစ္စည်းတွေ တင်သွင်းရာမှာ အဆင့်အတန်းမီမီဖြစ်ဖို့၊ စားသုံးသူများ ယုံကြည်လက်ခံလာဖို့အတွက် အသိအမှတ်ပြုလက်မှတ်ရရှိအောင် ကြိုးပမ်းလာကြပါပြီ။ ဒီလို ကြိုးပမ်းရာမှာ အခက်အခဲ မရှိရလေအောင် ဘယ်လိုအဆင့်ဆင့်လျှောက်ထားရမှာနဲ့ ပတ်သက်ပြီးတော့ “FDA ထောက်ခံချက်လိုချင်တဲ့ စက်ရုံတွေဆိုရင်တော့ အရင်ဆုံး တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ FDA ရုံးခွဲတွေကို  အရင်သွားရမယ်။ လျှောက်လွှာပုံစံကို ယူရမယ်။ လျှောက်လွှာပုံစံနဲ့အတူတူ လိုအပ်တဲ့အချက်အလက်တွေ အနည်းဆုံး ၁၄ ချက်ရှိပါတယ်။ ဒီစာရင်း ရေးထားတဲ့စာရွက်ကို ပေးလိုက်မှာပါ။ လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ မန်နေဂျာပဲဖြစ်ဖြစ်၊ တာဝန်ရှိတဲ့လူကို ကျွန်တော်တို့ဆီက ဒုကြီးကြပ်ရေးမှူးက ပုံစံကို ဘယ်လိုဖြည့်ရမလဲ။ အချက် ၁၄ ချက်က ဘာတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို အသေးစိတ်နားလည်တဲ့အထိ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအချက်တွေမှာ ဘာတွေပါလဲဆိုရင် အကြမ်းဖျင်းအားဖြင့် လျှောက်လွှာပုံစံပါမယ်။ ထုတ်လုပ်မယ့် ထုတ်ကုန်အမျိုးအစား၊ ထုတ်လုပ်မယ့် စက်ရုံရဲ့ Layout Plan တွေ၊ စက်ရုံရဲ့ အတွင်း အခန်းဖွဲ့စည်းပုံတွေ၊ သူ့ရဲ့ကုန်ပစ္စည်း ထုတ်လုပ်ပုံ အဆင့်ဆင့်ကို စာနဲ့ဖော်ပြတာတွေ၊ ဓာတ်ပုံမှတ်တမ်းနဲ့ ဖော်ပြတာတွေ၊ ဝန်ထမ်းတွေရဲ့ ကျန်းမာကြောင်း ထောက်ခံချက်တွေ၊ ဆက်စပ်ဌာနတွေရဲ့ လိုင်စင်တွေ (စည်ပင်က ထုတ်ပေးထားတဲ့ လိုင်စင်၊ စက်မှုကြီးကြပ်က ထောက်ခံချက်လိုင်စင်) လိုအပ်ပါတယ်။ တကယ်လို့ ဟာလာ (Halal) တံဆိပ်တပ်မယ် ဆိုရင်လည်း ဟာလာ (Halal) ထောက်ခံချက်ပေးခွင့်ရှိတဲ့ အဖွဲ့အစည်းက ထောက်ခံချက်တွေ လိုအပ်ပါတယ်။ ဒီလိုအချက်တွေ ပြည့်စုံတယ်ဆိုရင်တော့ တိုင်းနဲ့ ပြည်နယ်ဌာနခွဲတွေမှာ လျှောက်လွှာတင်လို့ ရပါပြီ” လို့ ၄င်းက ဖြေကြားခဲ့ပါတယ်။

အသိအမှတ်ပြုလက်မှတ်များ

          စားသောက်ကုန်ပစ္စည်းများမှာ တွေ့ရတဲ့ အသိအမှတ်ပြုလက်မှတ်များမှာ  HACCP, GMP, GHP, GAP, ISO စတဲ့ လက်မှတ်များဖြစ်ပြီး စာဖတ်သူများ ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ နိုင်ငံတော်တော်များများမှာ သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးတဲ့ FDA ဌာနများရှိပြီး အစားအသောက်တွေ၊ ဆေးဝါးတွေ၊ ဆေးပစ္စည်းကိရိယာတွေ၊ အလှကုန်ပစ္စည်းများကို စစ်ဆေးထောက်ခံပေးနေပါတယ်။ သက်ဆိုင်ရာ နိုင်ငံများမှာရှိတဲ့ FDA တိုင်းက အစိုးရအဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FDA ကတော့ စက်ရုံတစ်ရုံမှာ ကောင်းမွန်တဲ့ ထုတ်လုပ်မှု ကျင့်စဉ် GMP နဲ့ ညီတယ်ဆိုရင် ၂ နှစ်သက်တမ်းရှိတဲ့ ထောက်ခံချက် ထုတ်ပေးပြီး ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ် GHP နဲ့ ညီတယ်ဆိုရင် ၁ နှစ်သက်တမ်းရှိတဲ့ ထောက်ခံချက် လက်မှတ်ထုတ်ပေးတယ်လို့ သိရပါတယ်။ HACCP နဲ့ အခြားလက်မှတ်များကိုတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများမှ သက်ဆိုင်ရာဒေသအလိုက် စစ်ဆေးပြီး လက်မှတ်များကို ထုတ်ပေးနေတယ်လို့လည်း သိရပါတယ်။

          မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ခေတ်စနစ်အရ စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရာမှာလည်း နည်းစနစ်တကျ ထုတ်လုပ်လာကြပြီဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်များ ရထားတဲ့ အစားအသောက်ကုန်ပစ္စည်း ထုတ်လုပ်သူများကလည်း များပြားလာပြီ ဖြစ်ပါတယ်။ ဒီလိုအသိအမှတ်ပြုလက်မှတ်များ ရထားတဲ့ထုတ်လုပ်သူများကလည်း နည်းစနစ်တကျ ထုတ်လုပ်နိုင်မှသာ ဒီလက်မှတ်များကို ထိုက်တန်စွာ ရရှိထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များ ရရှိဖို့ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ထုတ်လုပ်မှုတိုင်းမှာ အရေးကြီးသလို ဝန်ထမ်းသန့်ရှင်း ရေးမှအစ သုံးစွဲတဲ့စက်ပစ္စည်းများအဆုံး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီနေမှသာ လက်မှတ်များကို ရရှိမှာဖြစ်ပါတယ်။ ဝန်ထမ်းသန့်ရှင်းရေးပိုင်းမှာဆိုရင် ခြေသည်း၊ လက်သည်းမှအစ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေအထိ သေချာကြည့်ရှုနိုင်ရမယ်။ စက်ပစ္စည်းပိုင်းမှာလည်း ပုံမှန်စီးပွားရေးလုပ်ငန်းသုံး စက်ပစ္စည်းများအတိုင်းမဟုတ်ဘဲ စားသောက်ကုန်လုပ်ငန်းသုံး စက်များကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အသိအမှတ်လက်မှတ်များ ရရှိထားတဲ့ကုမ္ပဏီများထဲမှ မြန်မာစီပီလိုက်ဖ် စတော့ကုမ္ပဏီလီမိတက်နှင့် Three Star မှ သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးမြန်းခဲ့ရာမှာတော့-

          အစားအစာထုတ်လုပ်ရေးဌာန (မြန်မာ စီပီလိုက်ဖ်စတော့ကုမ္ပဏီလီမိတက်) မှ လက်ထောက် ဒုဥက္ကဋ္ဌ ဦးဇော်လင်းဇန်က “လက်ရှိမှာ စီပီရဲ့ စားသောက်ကုန်များကို ထုတ်လုပ်တဲ့ စက်ရုံက ရွှေလင်ပန်းစက်မှုဇုန်မှာ တည်ရှိပြီး နိုင်ငံတကာ အရည်အသွေး စံချိန်စံနှုန်းများအတွက် ISO 9001:2015, GMP and HACCP Certificate များကို ရယူထားပါတယ်။ ပြင်ဆင်မှုအပိုင်းမှာတော့ အရည်အသွေးပြည့်မီရေးကို ဦးတည်ပြင်ဆင် ရပါတယ်။ အဓိကအားဖြင့် ကျွမ်းကျင်သူပညာရှင်များနဲ့ လက်မှတ်ရယူဖို့ အဆင့်များ၊ သတ်မှတ်ချက်များကို ဆွေးနွေးတိုင်ပင်ရပါတယ်။ Awareness ရရှိဖို့ သက်ဆိုင်ရာ ဌာနများကို သင်တန်းပေးရပါတယ်။ Gap Analysis လို့ခေါ်တဲ့ လုပ်ငန်းစဉ်ကို အသေးစိတ်ဆောင်ရွက်ရပါတယ်။ ဒီအဆင့်မှာ လက်မှတ်များရယူဖို့အတွက် မိမိတို့ ဘက်က လိုအပ်ချက်ရှိတာတွေကို ဖော်ထုတ်မှတ်သားရပါတယ်။ ပြီးတော့ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ ဆောင်ရွက်ရပါတယ်။ အဲဒီအဆင့်ပြီးရင် Prerequisite Program ကို သက်ဆိုင်ရာဌာနများအတွက် လုပ်ဆောင်မှုအပိုင်း အဆင်ပြေစေဖို့ ချမှတ်ပေးပြီး လက်မှတ်ရယူရန် အသင့်ဖြစ်စေပါတယ်။ နောက်ဆုံးအဆင့်မှာ လက်မှတ်ထုတ်ပေးတဲ့အဖွဲ့ရဲ့ လာရောက်စစ်ဆေးမှုကို ခံယူပြီးတော့ အောင်မြင်ပြီး လက်မှတ်ရရှိပါတယ်။ Management ရဲ့ ကူညီပံ့ပိုးမှုများကြောင့် အသိအမှတ်ပြုလက်မှတ်များ ရယူရာမှာ အခက်အခဲမရှိပါဘူး” လို့ အသိအမှတ်ပြုလက်မှတ်များအတွက် ပြင်ဆင်ကြိုးပမ်းထားပုံကို ဖြေကြားထားပါတယ်။

          Three Stars (Snack Mandalay Co.,Ltd.) မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ပြည့်ဖြိုးအေးကလည်း  Three Star က ရရှိထားတဲ့ လက်မှတ်များနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ Three Star က ဥရောပနဲ့ အမေရိကန်နိုင်ငံမှ အသိအမှတ်ပြုလက်မှတ် EU & USDA Organic Certificate ကို ရရှိထားပါတယ်။ နယ်သာလန်က ပေးထားတဲ့ အစားအသောက် ဘေးကင်းလုံခြုံတယ်ဆိုတဲ့ GMP လက်မှတ်လည်း ရရှိထားပါတယ်။ GMP ဆိုတာက Good Manufacturing Practice ပါ။ နောက်တစ်ခုကတော့ HACCP ဆိုတဲ့ Hazard Analysis Critical Control Points ပါ။ အဲဒါကလည်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး လက်မှတ်ပါ။ နောက်ဆုံးတစ်ခုကတော့ ISO 22000 ဖြစ်ပြီး ဒီလက်မှတ်ကတော့ GMP, HACCP, ISO 9001 ဆိုတဲ့ ၃ ခု ပေါင်းထားတဲ့ စနစ်ရှိကြောင်း၊ ဒီစနစ်က အကောင်အထည်ဖော်ပြီး လည်ပတ်နေပြီဖြစ်ကြောင်းကို စစ်ဆေးပြီး ပေးထားတဲ့ လက်မှတ်ဖြစ်ပါတယ်။ FDA က ပေးထားတဲ့ ပြည်တွင်းထုတ်လုပ်ခွင့်လက်မှတ်တွေ၊ နောက်ပြီး ဟာလာ (Halal) လက်မှတ်တွေလည်း ရထားပါတယ်။ လူမျိုးဘာသာမရွေး စားသုံးနိုင်အောင်ဆိုပြီး ဟာလာ (Halal) လက်မှတ်ကိုလည်း ယူထားတာဖြစ်ပါတယ်။ ဟာလာကိုတော့ ပြည်တွင်းရော၊ ပြည်ပမှာပါယူထားပါတယ်။ ထုတ်လုပ်တဲ့အဆင့်တွေတိုင်းမှာ QC  (Quality Control) တစ်ယောက်က အဆင့်တိုင်းကို လိုက်စစ်တယ်။ ထုတ်လုပ်မှုပိုင်း တာဝန်ယူထားရတဲ့ သူကလည်း ချမှတ်ထားတွေ လုပ်တယ်။ QC ရော၊ ထုတ်လုပ်ရေးပိုင်းက လူတွေရော ဒီလိုတာဝန်တွေကို သေချာအောင် ဆောင်ရွက်နေရဲ့လား ဆိုတာကို QA (Quality Assurance) တစ်ယောက်က ထပ်စစ်တယ်။ ဒီလိုအဆင့်ဆင့် လုပ်ပြီးမှသာ အရည်အသွေးကောင်းတဲ့ ငရုတ်သီးမှုန့်က ထွက်လာတာပါ။ ဒီလိုထွက်လာပြီဆိုရင် နိုင်ငံခြားဈေးဝယ်သူတွေ လက်ခံတဲ့ ဓာတ်ခွဲခန်းတွေကို ပို့ပေးရတယ်။ နိုင်ငံခြားကို တင်ပို့တဲ့အခါမှာ သူတို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေ၊ စံချိန်စံနှုန်းတွေနဲ့ အကုန်ကိုက်ညီမှုတွေ ရှိနေရတယ်။ ကျွန်တော်တို့ အဆင့်ဆင့်လုပ်ထားတာတွေက လည်ပတ်ပြီး မှတ်တမ်း အနည်းဆုံး ၆ လရှိတော့မှ GMP, HACCP, ISO ဆိုတာတွေကို စလျှောက်လို့ရတာပါ။ စလျှောက်တော့မှ နယ်သာလန်က နမူနာတွေယူပြီး စစ်တယ်။ စစ်ပြီး လိုအပ်ချက်တွေကို ပြောပြတယ်။ ဒါတွေကို ကျွန်တော်တို့က ပြင်ဆင်မှ လက်မှတ်တွေ ထုတ်ပေးတာပါ”

          “ဒီလက်မှတ်တွေရဖို့အတွက် ဝန်ထမ်းတွေကို တစ်ကိုယ်ရေသန့်ရှင်းရေးကအစ စက်ရုံသန့်ရှင်းရေးပိုင်းတွေအထိ လေ့ကျင့်ရေးကို အနည်းဆုံး ၁ နှစ် ပေးထားရတယ်။ စက်ရုံဆောက်လုပ်ရာမှာ စက်ပစ္စည်းတွေကိုလည်း နိုင်ငံခြားစံချိန်မီအောင် တည်ဆောက်ထားပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်းတွေကို အပြင်က ပစ္စည်းတွေ ရောဖို့နေနေသာသာ ထွက်လာတဲ့ သံစလေးတွေကိုတောင် သံလိုက်စက်ကွင်းနဲ့ ဖမ်းပြီး စစ်ထုတ်ထား တာပါ။ စားသုံးသူတွေ၊ စားသောက်ဆိုင်တွေအနေနဲ့ စင်ပေါ်က ကျွန်တော်တို့ကုန်ပစ္စည်းရဲ့ ကြိုက်တဲ့အထုပ်ကို ဖောက်သုံးလိုက်ပါ။ တည်ငြိမ်တဲ့အရည်အသွေးတစ်ခုကို ရရှိမှာပါ။ ပြီးတော့ ကျွန်တော်တို့ထုတ်ကုန်တွေက ကောင်းမွန်စွာ ထုတ်လုပ်ထားပါတယ်ဆိုတဲ့ အချက်တွေကို ဒီလက်မှတ်တွေကနေတစ်ဆင့် အာမခံပေးနိုင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

စားသုံးသူများအတွက်  ကောင်းကျိုးများ

          အစားအသောက်ကုန်ပစ္စည်းတစ်ခုပေါ်မှာ ရိုက်နှိပ်ထားတဲ့ အသိအမှတ်ပြုလက်မှတ်များက စားသုံးသူများရဲ့ ကျန်းမာရေးပေါ်မှာ အများကြီးအကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်သူများရှိရင် ကုန်ပစ္စည်းပေါ်မှာ ရိုက်နှိပ်ထားတဲ့ ပါဝင်ပစ္စည်းများပေါ် မူတည်ပြီး ရှောင်ရှားနိုင်ကြမယ်။ အစားအစာ ဘေးအန္တရာယ်များမှ ကင်းဝေးပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို ရရှိလာပါမယ်။ ဒီလိုကျန်းမာတဲ့ပြည်သူတွေက နိုင်ငံ့စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ များစွာ အထောက်အကူပေးနိုင်မယ်လို့ ထင်မိပါတယ်။

          မြန်မာစီပီလိုက်ဖ်စတော့ကုမ္ပဏီလီမိတက်မှ ဦးဇော်လင်းဇန်က စားသုံးသူများအတွက် ရရှိလာမယ့် ကောင်းကျိုးများနဲ့ပတ်သက်ပြီး “စားသုံးသူများအနေနဲ့ မိမိစားသောက်တဲ့ အစားအစာအပေါ် ယုံကြည်မှု ပိုမိုလာစေပါတယ်။  နိုင်ငံတကာ စံနှုန်းများကို လိုက်နာတဲ့အတွက် သန့်ရှင်းမှုနှင့် အစားအစာ ဘေးအန္တရာယ်ကင်းစေတဲ့ အကျိုးကျေးဇူးများ ရရှိစေတယ်။ စားသုံးသူများ၏ ယုံကြည်မှုရရှိခြင်း၊ စိတ်ကျေနပ်မှုနှင့် ဆက်လက်ဝယ်ယူလိုမှုရရှိခြင်း၊ ထုတ်လုပ်မှုအဆင့်ဆင့်ကို ပြန်လည်ခြေရာခံနိုင်ခြင်း၊  အစားအစာ ဘေးအန္တရာယ်ကင်းစေခြင်း၊ ထားသိုပုံနှင့် သယ်ယူခြင်းအဆင့်ဆင့်မှာလည်း စံချိန်အတိုင်း ဖြစ်စေခြင်း၊ ဆက်လက်ထိန်းထားဖို့အတွက် ဌာနတိုင်းမှာ သတ်မှတ်ထားသော Quality Policy အတွက် Quality Goals များ ရှိပါတယ်။  သတ်မှတ်ချက်များ ပြည့်မီအောင် ထာဝစဉ်ဆောင်ရွက်ခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

          “မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံက ဆေးရုံတွေမှာ သုံးထားတဲ့ ဆေးကုသစရိတ်တွေကို အရမ်းသုံးထားတာ တွေ့ရတယ်။ “မြန်မာနိုင်ငံမှာ Silent Suicide လုပ်နေတာ တွေများတယ်”လို့ ဂျပန်နိုင်ငံက မိတ်ဆွေတစ်ဦးက ပြောတယ်။ Silent Suicide ဆိုတာကတော့ မသိဘာသာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်စေတဲ့ အရာတွေကို လုပ်နေခြင်း ဖြစ်ပါတယ်။ ဒါတွေက ဘာကြောင့်လဲဆိုတော့ မသန့်ရှင်းတဲ့ စားသောက်ကုန်တွေ စားနေလို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသိအမှတ်ပြုလက်မှတ်တွေ ရထားတဲ့ စားသောက်ကုန်တွေကို ရွေးချယ်မယ်ဆိုရင်တော့ စားသုံးသူတွေဘက်က ပိုမိုကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရရှိမှာဖြစ်ပါတယ်” လို့ Three Star မှ ဒေါက်တာပြည့်ဖြိုးအေးက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

          နောင်လာမယ့်အချိန်တွေမှာ စီးပွားရေးတိုးတက်ပြောင်းလဲလာတာနဲ့အမျှ FDA က ပြည်တွင်းပြည်ပ စားသောက်ကုန်ပစ္စည်းများကို ဒီထက်ပိုမိုစိစစ်ပြီး ကောင်းမွန်တဲ့ ထောက်ခံချက်များ ပေးလာနိုင်မယ်လို့ ယူဆရပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်ကုန်များကြောင့် စားသုံးသူပြည်သူများ ဒီထက်ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝတွေပိုင်ဆိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လုပ်ငန်းရှင်များဘက်ကလည်း မိမိရဲ့အကျိုးစီးပွားတစ်ခုတည်း မကြည့်ဘဲ စားသုံးသူပြည်သူများရဲ့ ကျန်းမာရေးကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အဆင့်အတန်းမြင့်တဲ့ ကုန်ပစ္စည်းများကို ထုတ်လုပ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

 

မှတ်ချက် –

HACCP – (Hazard Analysis Critical Control Points) ဘေးအန္တရာယ်စစ်ဆေးပြီး အဓိက ထိန်းချုပ်ရေးအချက်များ (ဘစအထခ)

          ဘေးအန္တရာယ်စစ်ဆေးပြီး အဓိကထိန်းချုပ်ရေးအချက်များမှာ လုပ်ငန်းစဉ် (၇) ရပ် ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်များကတော့ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် အချက် များကို ဆန်းစစ်လေ့လာခြင်း၊ အဓိကထိန်းချုပ်နိုင်မည့် အချက်အလက်များ ရှာဖွေခြင်း၊ ဖြစ်နိုင်ခြေရှိသည့် အတိုင်းအတာ ပမာဏကို ချမှတ်ခြင်း၊ အစဉ်စောင့်ကြည့်စစ်ဆေးသည့် အစီအစဉ်ရေးဆွဲခြင်း၊ ပြန်လည်ပြင်ဆင် အရေးယူဆောင်ရွက်ရန် စီစဉ်ခြင်း၊ ထပ်မံအတည်ပြုနိုင်မည့် လုပ်ငန်းစဉ် ရေးဆွဲခြင်း၊ မှတ်တမ်းမှတ်ရာ ထားရှိနိုင်ရန် အစီရင်ခံစာ ရေးသားပြုစုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက် ခြင်းတို့ ပါရှိမှာ ဖြစ်ပါတယ်။

GMP – (Good Manufacturing Practice) ထုတ်လုပ်မှုအလေ့အကျင့်ကောင်းများ

          ထုတ်လုပ်မှုအလေ့အကျင့်ကောင်းများမှာတော့ စားသောက်ကုန် ကုန်ကြမ်းများမှ ကုန်ချောရောက်သည်အထိ ကွင်းဆက်တစ်ခုလုံးမှာ စနစ်တကျဆောင်ရွက်ကြလျက် လိုက်နာရမယ့် စည်းကမ်းအချက်အလက်များကို အတိအကျလိုက်နာစောင့်ထိန်းပြီး ထုတ်လုပ်မှု အဆင့်ဆင့်မှာလည်း ကောင်းမွန်သော အလေ့အကျင့်ကောင်းများ ကျင့်သုံး ထုတ်လုပ်ခြင်းများ ပါဝင်ပါတယ်။ ဥပမာ- လက်အိတ်များ ဝတ်ဆင်ပြီး ခူးဆွတ်ခြင်း၊ သန့်ရှင်းသော အိုး၊ ခွက်၊ ခြင်း၊ တောင်းများကို အသုံးပြုခြင်း၊ လက်ဆေးရာတွင် စနစ်ရှိခြင်း၊ ထုတ်လုပ်မှုပတ်ဝန်းကျင်နှင့် ထုတ်လုပ်သူလုပ်သားများကို သန့်ရှင်းစင်ကြယ်စွာ စီစဉ်၍ ဂရုစိုက်ထုတ်လုပ်ခြင်းများ ဖြစ်ပါတယ်။

GAP – (Good Agricultural Practice) စိုက်ပျိုးမှုအလေ့အကျင့်ကောင်းများ

          စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများဆိုသည်မှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုတိုင်းမှာ စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသော ညစ်ညမ်းမှုများ၊ ပိုးသတ်ဆေးအန္တရာယ်များ အနည်းဆုံးဖြစ်စေရန် လိုက်နာရမယ့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါတယ်။ စိုက်ပျိုးမှုအလေ့အကျင့်ကောင်းများ လုပ်ဆောင်ခြင်းရဲ့  အဓိကရည်ရွယ်ချက်ကတော့ စိုက်ပျိုးစဉ်အချိန်မှ ရိတ်သိမ်းပြီးအချိန်အထိ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို ပိုးမွှားများ ဝင်ရောက်ခြင်းမှ လျှော့ချနိုင်ခြင်း၊ အလုပ်သမားများ၏ ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အပါအဝင် ထွန်ယက်စိုက်ပျိုးစဉ် အသုံးပြုသည့် ရေစနစ်သန့်ရှင်းခြင်း၊ စားသုံးသူများထံသို့ စိတ်ချရသော ရိတ်သိမ်းပြီး အသီးအနှံများကို ပို့ဆောင်ပေးခြင်း  စသည့်အချက်အလက်များ ပါဝင်မှာ ဖြစ်ပါတယ်။

GHP – (Good Hygiene Practice) မှန်ကန်သောသန့်ရှင်းခြင်း အလေ့အကျင့်ကောင်းများ

          မှန်ကန်သောသန့်ရှင်းခြင်း အလေ့အကျင့်ကောင်းများဆိုတာကတော့ သန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို အသုံးပြုပြီး ကောင်းမွန်သော ကျန်းမာရေးအခြေအနေများကို ထိန်းသိမ်းထားနိုင်ရန် ချမှတ်ထားတဲ့ စည်းကမ်းအချက်အလက်၊ လမ်းညွှန်ချက်များဖြစ်ပါတယ်။ အစားအသောက်များကို ကိုင်တွယ်ခြင်းမှ ဓာတုနည်းအရ၊ ရုပ်ပိုင်း ဆိုင်ရာအရနှင့် ဇီဝနည်းအရ ဝင်ရောက်လာမယ့် မလိုလားအပ်တဲ့ အန္တရာယ်များကို လျှော့ချနိုင်အောင် ရည်ရွယ်ပါတယ်။ မှန်ကန်သော သန့်ရှင်းခြင်း အလေ့အကျင့်ကောင်းများမှာတော့ အစားအသောက်ကိုင်တွယ်ခြင်း၊ ပြင်ဆင်ခြင်း၊ သိမ်းဆည်းခြင်းနှင့် ဖြန့်ချိခြင်းတို့မှာ စိတ်ချစွာ ကိုင်တွယ်အသုံးပြုခြင်း စသည့်အချက်များ ပါဝင်မှာ ဖြစ်ပါတယ်။

ISO – International Organization for Standardization     

          ISO ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်မှုလုပ်ငန်းများနှင့် ရောင်းဝယ်ဖောက်ကားခြင်း စံချိန်စံညွှန်း သတ်မှတ်ချက်များအတွက် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ စတင်တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။ အစားအသောက် လုံခြုံစိတ်ချရခြင်း၊ စိုက်ပျိုးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်း စသည်တို့အတွက် စက်ရုံများက ထုတ်လုပ်ထားသော ကုန်ပစ္စည်းများနှင့် နည်းပညာများအထိ စစ်ဆေးခြင်းများအတွက် စံချိန်စံညွှန်းသတ်မှတ်ချက်များက၂၀ ကျော်ရှိပါတယ်။

ကိုးကားချက်

          ဒေါက်တာကျော်ငြိမ်းအေး ဟအချိန်ပိုင်းပါမောက္ခ (ရန်ကုန်နည်းပညာတက္ကသိုလ်)၊ အစာအာဟာရဆိုင်ရာ သိပ္ပံပညာရပ်]

Facebook Comments

Menu