အငန်ကြိုက်တဲ့သူတွေအတွက် သတင်းကောင်း

အငန်ကြိုက်တဲ့သူတွေအတွက် သတင်းကောင်း

          အငန်ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းလို့ဆိုရပါမယ်။ လေ့လာမှုအသစ်တွေအရ ကျန်းမာရေးကောင်းတဲ့ ဆားအစားများသူတွေက ဆားကိုလျှော့ပြီးစားတဲ့သူတွေထက် ပိုပြီးသွေးတိုးတာမျိုး မရှိတာကိုတွေ့ရပါတယ်။ ဆားအစားနည်းသူတွေက ဆိုဒီယမ်ချို့တဲ့တဲ့ ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ဆိုလိုတာက ကျန်းမာနေတဲ့ လူတစ်ယောက်အတွက် ဆိုဒီယမ်(ဆား)က စိတ်ပူစရာမလိုပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေက ဆားပမာဏ ဘယ်လောက်စားသုံးခြင်းက အန္တရာယ်ကင်းပါတယ် ဆိုတာ ပြောဖို့က စမ်းသပ်ချက်တွေအများကြီး လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ သိပ်မကြာသေးတဲ့ စမ်းသပ်မှုတစ်ခုမှာတော့ လူတွေသွားကြတဲ့ စားသောက် ဆိုင်တွေကနေ ဆိုဒီယမ်ဘယ်လောက်တောင် စားပြီးခဲ့လဲဆိုတာကို ခန့်မှန်းစေပါတယ်။ ပျမ်းမျှအနေနဲ့ ခန့်မှန်းချက်က တကယ်စားတာထက်  ၆၅၀% လောက်နည်းနေပါတယ်။ ဆိုဒီယမ်တွေကို အစားအသောက်တွေမှာ ထပ်မံဖြည့်စွက်ပစ္စည်းနဲ့ အစားအသောက်တစ်ခု ကြာရှည်ခံအောင် သုံးတာဖြစ်ပါတယ်။ ငန်တဲ့အရသာကိုမခံစားရတဲ့ အစားအသောက်တွေဖြစ်တဲ့ Pastries၊ ဒိုးနပ်နဲ့ပေါင်မုန့် စတာ တွေမှာတောင် ဆားပါဝင်ပါတယ်။ လူတစ်ယောက် တစ်နေ့စားသုံးသင့်တယ်လို့ ထောက်ခံပေးထားတဲ့ ဆိုဒီယမ်ပမာဏကတော့ ၂၃၀ဝ မီလီဂရမ် ဖြစ်ပါတယ်။

ခေါက်ဆွဲခြောက်

ဆိုဒီယမ် ၁၃၀ဝ မီလီဂရမ်

          ခေါက်ဆွဲခြောက်တစ်ထုပ်မှာဆိုရင် ဆိုဒီယမ် ၁၃၀ဝ မီလီဂရမ်ပါဝင်ပြီး တစ်နေ့ စားသုံးသင့်တဲ့ ဆိုဒီယမ် ပမာဏရဲ့  ၅၆ % ကျော်ပါဝင်ပါတယ်။

 

မစ်ရှိတ်(Milk Shake)

ဆိုဒီယမ် ၁၀၅၀ မီလီဂရမ်

          အချိုပွဲတစ်မျိုးဖြစ်ပေမယ့် မစ်ရှိတ်မှာ သကြားလိုမျိုး ဆိုဒီယမ်ပါဝင်မှုများပါတယ်။ Oreo ချောကလက်ရှိတ် ဆိုဒ်ကြီးတစ်ခွက်မှာဆိုရင် တစ်နေ့စားသုံးသင့်တဲ့ ဆိုဒီယမ်ပမာဏရဲ့ တစ်ဝက်လောက်ပါဝင်ပါတယ်။

နံပြား

ဆိုဒီယမ် ၆၀ဝ မီလီဂရမ်

          ဘာမှထပ်မထည့်ရသေးတဲ့ နံပြားတစ်ချပ်မှာ တစ်နေ့စားသုံးရမယ့် ဆိုဒီယမ်ပမာဏရဲ့ လေးပုံတစ်ပုံပါဝင်ပါတယ်။ ထမင်းအဖြူ(သို့) တခြားအရာတစ်ခုခု ထပ်ထည့်လိုက်မယ်ဆိုရင် ဆိုဒီယမ်ပမာဏက ၁၀ဝ၀ မီလီဂရမ်အထိ တက်သွားပါလိမ့်မယ်။

 

အဆီလျှော့ထားတဲ့ ဘလူးဘယ်ရီမက်ဖင်း

(Reduced–Fat Blueberry Muffin)

ဆိုဒီယမ် ၅၄၀ မီလီဂရမ်

          မက်ဖင်းတစ်ခုမှာ တစ်နေ့စားသုံးသင့်တယ်လို့ ထောက်ခံထားတဲ့ ဆိုဒီယမ်ပမာဏရဲ့ ၂၃% ပါဝင်ပါတယ်။ ဖုတ်ထားတဲ့ မုန့်အမျိုးမျိုးမှာဆိုဒီယမ် (ဆား)နဲ့အတူ Lea- vening Agent တွေဖြစ်တဲ့ ဆိုဒီယမ်ကိုအခြေခံထားတဲ့ မုန့် ဖုတ်ဆော်ဒါနဲ့မုန့်ဖုတ်ပေါင်ဒါတွေကိုပါ ထည့်ထားပါတယ်။

Cedar-grilled lemon chicken

ဆိုဒီယမ် ၂၄၄၀ မီလီဂရမ်

          ဒီဟင်းပွဲတစ်ပွဲမှာတော့ တစ်နေ့စားသုံးရမယ့် ဆိုဒီယမ်ပမာဏကိုတောင် ကျော်လွန်နေပါပြီ။ ကျပ်တင်ထားတဲ့ ကြက်သားက သဘာဝအနေနဲ့ဆိုရင် ဆိုဒီယမ်ပါဝင်မှု နည်းပါတယ်။ ဒါပေမဲ့ အပြင်မှာထွက်ပြီ စားမယ်ဆိုရင်တော့ ဟင်းခတ်အမွှေးအကြိုင်တွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။

ချောကလက်လောင်းထားတဲ့ ဒိုးနပ်

ဆိုဒီယမ် ၃၄၀ မီလီဂရမ်

          ဒိုးနပ်လိုမျိုးမုန့်အချိုတွေမှာတောင် တစ်နေ့စားသုံးရမယ့် ဆိုဒီယမ်ပမာဏရဲ့ ၁၄% လောက် ပါဝင်ပါတယ်။ ဆိုင်တွေမှာရောင်းတဲ့မုန့်တွေက မုန့်ကောင်းစေဖို့နဲ့ ကြာရှည်ခံအောင် ဆိုဒီယမ်ဖြည့်ထားတဲ့ ပါဝင်ပစ္စည်းတွေ သုံးလေ့ရှိကြပါတယ်။

ဆုမြတ်ဦး

ကိုးကားချက် -TIME Magazine, May 15, 2017

Facebook Comments